တပ်မတော်နှင့် သတင်းအပေးအယူမလုပ်ရန် လွှတ်တော်အမတ်ဦးဝှေ့တင်းကို အေအေပြော

April 7, 2020

ကျောက်ကြီးမြို့နယ်၌ လွှတ်တော်အမတ်နှင့်အဖွဲ့က အုပ်ချုပ်ရေးမှူးကို သံတုတ်ဖြင့်ရိုက်၊ အပြန်အလှန် အမှုဖွင့်

ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ်မှာ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်နဲ့ အဖွဲ့က ကျေးရွာအုပ်ချုပ်ရေးမှူးကို သံတုတ်နဲ့ရိုက်မှု ဖြစ်ပွားခဲ့တယ်လို့ နတ်သံကွင်းနယ်မြေ ရဲတပ်ဖွဲစခန်း တာဝန်ရှိသူတဦးက ပြောပါတယ်။ ဧပြီလ ၆ ရက်နေ့မွန်းလွဲပိုင်းက  နတ်သံကွင်းကျေးရွာအုပ်စု တံခွန်တိုင် (၃) ရပ်ကွက်ရှိ COVID-19 ရောဂါ စောင့်ကြည့်ရေးစခန်းမှာ အမှုအခင်းဖြစ်ပွားခဲ့တာပါ။ လွှတ်တော်ကိုယ်စားလှယ်က စောင့်ကြည့်ရေးစခန်းမှာရှိနေစဉ် အုပ်ချုပ်ရေးမှူးက ရောက်ရှိလာပြီး စကားများရာကနေ အခုလိုဖြစ်ပွားခဲ့တာဖြစ်ပြီး အခုလက်ရှိမှာ တိုင်းဒေသကြီး အမှတ် (၂) ကိုယ်စားလှယ် ဦးတင်ဆန်းဦးနဲ့  ဝိုင်းဝန်းရိုက်နှက်သူ ၂ ဦးကို ပုဒ်မနှစ်ခုနဲ့ အမှုဖွင့်ထားတယ်လို့ နတ်သံကွင်းနယ်မြေ ရဲစခန်း တာဝန်ရှိသူက ပြောပါတယ်။ "ကိုယ်စားလှယ်က အဲဒီစခန်းမှာရှိနေတဲ့အချိန် အုပ်ချုပ်ရေးမှူး ရောက်လာပြီး ရန်ဖြစ်ကြတာ။ အခုလက်ရှိတော့ ပုဒ်မနှစ်ခုနဲ့ဖွင့်ထားတယ်။ အခြား ဝိုင်းရိုက်တယ်ဆိုတဲ့ နှစ်ယောက်ကိုလည်း စုံစမ်းနေတယ်။ အုပ်ချုပ်ရေးမှူးကို မနက်ပိုင်းက လွှတ်တော် ကိုယ်စားလှယ်ကလာပြီး အမှုဖွင့်ထားတာလည်း ရှိတယ်။ ကိုယ်စားလှယ်ကို အုပ်ချုပ်ရေးမှူး ဆဲတယ်ဆိုပြီး ဖွင့်ထားတာပါ"လို့ ပြောပါတယ်။ လက်ရှိ လွှတ်တော်ကိုယ်စားလှယ် ဦးတင်ဆန်းဦးနဲ့  တခြားအမည်စုံစမ်းဆဲနှစ်ဦးတို့ကို နတ်သံကွင်းနယ်မြေရဲတပ်ဖွဲ့စခန်းက တုံးသောလက်နက်ဖြင့် ပြင်းထန်နာကျင်စေမှု၊ အားပေးကူညီမှုတို့နဲ့ အမှုဖွင့်ထားပြီး လွှတ်တော် ကိုယ်စားလှယ်ဖြစ်နေတဲ့ အတွက် အရေးယူဆောင်ရွက်နိုင်ဖို့  သက်ဆိုင်ရာဌာနကို တင်ပြထားတယ်လို့ သိရပါတယ်။ သတင်း - ကျော်အောင်(ကညွတ်ကွင်း)
1 year Ago

January 31, 2020

တပ်မတော်နှင့် သတင်းအပေးအယူမလုပ်ရန် လွှတ်တော်အမတ်ဦးဝှေ့တင်းကို အေအေပြော 

တပ်မတော်နဲ့ သတင်းအပေးအယူမလုပ်ဖို့ ရက္ခိုင့်တပ်တော် (အေအေ)က  ပြောထားတဲ့ အကြောင်း မကြာသေးခင်ကမှ ပြန်လွတ်လာတဲ့ အမျိုးသားလွှတ်တော်အမတ်  ဦးဝှေ့တင်းက ပြောပါတယ်။ 

အေအေအဖွဲ့ရဲ့ ဖမ်းဆီးခေါ်ဆောင်ခံရပြီး ပြန်လွတ်မြောက်လာတဲ့ ချင်းပြည်နယ် မဲဆန္ဒနယ်က အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်းက ဒီကနေ့ ဇန်နဝါရီ ၃၁ ရက်နေ့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးအပြီးမှာ မီဒီယာတွေရဲ့ မေးမြန်းချက်တွေကို ပြန်လည်ဖြေဆိုခဲ့တာပါ။

“ပလက်ဝမြို့နယ်အတွင်း၊ ကျောက်တော်မြို့နယ်အတွင်းမှာတော့ လှုပ်ရှားနေဦးမှာ ဖြစ်ပါတယ်။ အဲဒါကြောင့်မို့လို့ တပ်မတော်နဲ့တော့ သတင်းအပေးအယူတွေမလုပ်ပါနဲ့လို့ ကျနော်ကို ပြောတာတော့ ရှိခဲ့ပါတယ်။ သဘောတူညီချက်တခုလို မဟုတ်ပါဘူး။ ဒါ သူတို့ ကျနော်ကို မှာကြားတဲ့ အနေအထားလေးပါပဲ။ ခြိမ်းခြောက်မှုတော့ မရှိပါဘူး ” လို့ ဦးဝှေ့တင်းက ပြောပါတယ်။

သူ့အနေနဲ့ ပြည်နယ်အတွင်းမှာ တိုက်ပွဲရှောင်ပြည်သူတွေရှိတဲ့အတွက် ဒါနဲ့ပတ်သက်ပြီးပဲ တပ်မတော်ကို ပြောဆို ဆွေးနွေးတာမျိုးရှိပြီး သတင်းပေးတာမျိုး မလုပ်ခဲ့ဘူးလို့ ဆိုပါတယ်။ ဒါအပြင် ဘာသာရေးကိစ္စပြီးတော့လည်း ပြိုကွဲအောင် မလုပ်ခဲ့ဘူးဘူးလို့လည်း ပြောပါတယ်။

ဖမ်းခံရတဲ့ကာလအတွင်းမှာ အပြင်မှာ ဖြစ်ပျက်နေတဲ့အကြောင်းအရာတွေကို ဘာမှ မကြား သိရပေမယ့် လွတ်မြောက်မယ်ဆိုတာကို ရက်အနည်းငယ် ကြိုတင်ကြားသိထားတယ်လို့ ဦးဝှေ့တင်းက ပြောပါတယ်။

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်က အန်အယ်လ်ဒီပါတီကိုယ်စားပြု အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်းဟာ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာ ၁ ရက်က ပလက်ဝမြို့နယ်ကနေ ရခိုင်ပြည်နယ်၊ ကျောက်တော်ကို မော်တော်ဘုတ်နဲ့ သွားရောက်စဉ် အေအေအဖွဲ့ရဲ့ ဖမ်းဆီးတာ ခံခဲ့ရတာပါ။

 

ဇန်နဝါရီ ၂၁ ရက်နေ့မှာတော့ အေအေတပ်ဖွဲ့က ဦးဝှေ့တင်းကို ပလက်ဝမြို့နယ်က လုံခြုံပြီး အန္တရာယ်ကင်းတဲ့နေရာတခုမှာ ပြန်လည်လွှတ်ပေးလိုက်တာဖြစ်ပါတယ်။

1 year Ago
Up