တပ်မတော်က တရားစွဲထားသည့် မြဝတီမင်းကြီးကျောင်းတိုက်ဆရာတော်ကို အာမခံပေး

February 4, 2020

တပ်မတော်က တရားစွဲထားသည့် ရှေ့နေ ဦးကြီးမြင့် အပါအဝင် ၂ ဦးကို အာမခံပေး

တပ်မတော်ကတရားစွဲထားတဲ့ တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်နဲ့ ကဗျာဆရာ စောဝေ တို့ကို တနင်္သာရီတိုင်း ကော့သောင်းတရားရုံးမှာ ဖေဖော်ဝါရီ ၃ ရက်နေ့က ဒုတိယအကြိမ် ရုံးထုတ်စဉ် အာမခံလျှောက်ထားရာမှာ တဦးကို ကျပ်သိန်း ၅၀ စီနဲ့ အာမခံရရှိခဲ့ပါတယ်။ တရားလွှတ်တော်ရှေ့နေဦးကြီးမြင့်က “ကျနော်တို့ ဒီနေ့ အာမခံရပါတယ်။ ဒီ ၅၀၅( က)မှာ ကျောင်းသားလေးတွေကအစပေါ့လေ အများသောအားဖြင့်ကတော့ အာမခံ မရခဲ့ပါဘူး။ ကျနော်ကတော့ အသက်အရွယ်ကြီးလို့ ကျန်းမာရေးအတွက် လုံလောက်စွာပြနိုင်ခဲ့တယ်။ ဒီလိုပြနိုင်တာဖြစ်ဖြစ် မပြနိုင်တာဖြစ်ဖြစ် ဒီဥပဒေကိုတော့ ပြင်သင့်တယ်လို့ ထင်တယ်။ ဒီဥပဒေပြင်မှ တရားမျှတပြီးတော့ ဒါဟာ နှစ်ပေါင်း  တစ်ရာကျော်က ဥပဒေကြီးဗျ။ ဒါကြီးကိုပြန်ပြီးတော့ လွှတ်တော်ကနေ အာမခံပေးသင့်တဲ့ ပုဒ်မအဖြစ် ပြောင်းစေချင်တယ်”လို့ ပြောပါတယ်။ ဗိုလ်ကြီးဟောင်းနေမျိုးဇင်က “ နှစ်ပေါင်းများစွာ ပျောက်ဆုံးနေတဲ့ အမှန်တရားနဲ့ တရားဥပဒေစိုးမိုးရေးကို ပြန်လည်တည့်မတ်ဖို့အတွက် ကော့သောင်းသူ ကော့သောင်းသားများနဲ့ အတူတကွ ညီညွတ်ပြီး တရားစီရင်ရေး မဏ္ဍိုင်ကြီးတည့်မတ်ခိုင်မာဖို့ အစကနဦးဖြစ်တဲ့ တွန်းအားတွေ တည်ဆောက်ကြရအောင်။ စီရင်ထုံးအသစ်တွေနဲ့အညီ နှစ်ပေါင်းများစွာ ပြည်သူတွေဟာ အမှန်တရား ပျောက်ကွယ် အနိုင်ကျင့်ခံ အဖိနှိပ်ခံဖြစ်ခဲ့တဲ့ အခြေအနေကနေပြီးတော့ အမှန်တရားအတိုင်း တည်ဆောက်ကာကွယ်နိုင်တယ် ဆိုတဲ့ ခွန်အားတွေက တကယ့်အချုပ်အခြာအာဏာပိုင်ရှင်ဟာ ပြည်သူတွေဖြစ်တယ်ဆိုတဲ့ တင်ပြချက်တွေကို ဒီတရားစီရင်ထုံးကနေ တည်ဆောက်ကြရအောင်”လို့ လာရောက်၀န်းရံသူတွေကို ပြောပါတယ်။ ဗိုလ်ကြီးဟောင်း နေမျိုးဇင်၊ တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်နဲ့ ကဗျာဆရာစောဝေတို့ကို ပြီးခဲ့တဲ့နှစ် ဧပြီ ၃ ရက်က ကော့သောင်းမြို့မှာပြုလုပ်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီအား ထောက်ခံပွဲမှာ ဟောပြောခဲ့တဲ့အကြောင်းအရာတွေဟာ တပ်မတော်နဲ့ တပ်မတော်အကြီးအကဲတွေရဲ့ ဂုဏ်သိက္ခာ ထိခိုက်စေတယ်ဆိုပြီး  တပ်မတော်က ပုဒ်မ ၅၀၅ (က)နဲ့ ကော့သောင်းမြို့နယ်တရားရုံးမှာ အောက်တိုဘာ ၁၇ ရက်က စတင် တရားစွဲဆိုခဲ့တာပါ။ တရားခွင်ကို ရောက်ရှိလာတဲ့ တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်၊ ကဗျာဆရာ စောဝေနဲ့ ဗိုလ်ကြီးဟောင်းနေမျိုးဇင် တို့ကို ကော့သောင်းမြို့ခံတွေက လာရောက်ဝန်းရံခဲ့ကြပါတယ်။ နောက်ထပ်ရုံးချိန်းကိုတော့ လာမယ့် ဖေဖော်ဝါရီ ၁၇ ရက်ကို ချိန်းဆိုထားတယ်လို့ သိရပါတယ်။  သတင်း - လတ်ကိုကိုဦး
2 years Ago

January 23, 2020

တပ်မတော်က တရားစွဲထားသည့် စာရေးဆရာမာန် (တောင်လုံးပြန်) ကို ဒဏ်ငွေ ၃ သောင်းချမှတ်

တပ်မတော်က တရားစွဲဆိုထားတဲ့ စာရေးဆရာ မာန် (တောင်လုံးပြန်) ကို ဇန်နဝါရီလ ၂၃ ရက်နေ့မှာ မြိတ်မြို့နယ် တရားရုံးက ဒဏ်ငွေ ၃ သောင်း အမိန့်ချမှတ်ခဲ့ပါတယ်။ ၂၀၁၉ ခုနှစ် မေလ ၉ ရက်နေ့က တနင်္သာရီတိုင်း မြိတ်မြို့မှာ ပြုလုပ်ခဲ့တဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး လူထုဟောပြောပွဲမှာ စာရေးဆရာ မာန် တောင်လုံးပြန်ရဲ့ ဟောပြောချက် တွေဟာ တပ်မတော်ကို ဂုဏ်သိက္ခာ ထိပါးစေတယ်လို့ယူဆပြီး ကမ်းရိုးတန်းတိုင်း စစ်ဌာနချုပ်က မြိတ်မြို့နယ် တရားရုံးမှာ ဇွန်လ ၄ ရက်နေ့က ဦးတိုက်လျောက်ထား တရားစွဲဆိုခဲ့တာလည်း ဖြစ်ပါတယ်။ “စစ်အစိုးရက တိုင်းပြည်ကို အနှစ် ၂၀ အုပ်ချုပ်ပြီးတော့မှ တိုင်းပြည်က ရစရာ မရှိတော့တာကို တပ်မတော်အရာရှိတွေက ထားစရာမရှိအောင် ချမ်းသာသွားကြတယ်။ တပ် မတော်မှာ ဒီမိုကရေစီ မရှိဘူး။ ဒီမိုကရေစီမရှိတဲ့သူတွေက ဒီမိုကရေစီရှိတဲ့သူတွေကိုဦး ဆောင်နေတယ်”လို့ စာရေးဆရာ မာန်က အဆိုပါဟောပြောပွဲမှာ ဟောပြောခဲ့တာပါ။ အဲဒါကြောင့် စာရေးဆရာ မာန် (တောင်လုံးပြန်) ကို အသရေဖျက်မှု ပုဒ်မ ၅၀၀ နဲ့ တရားစွဲဆိုခဲ့ပြီးနောက် ၁၁ ကြိမ်မြောက်ရုံးချိန်းအပြီးမှာ မြိတ်မြို့နယ် တရားရုံးက အခုလို အမိန့်ချမှတ်ခဲ့တာပါ။ စာရေးဆရာ မာန်ရဲ့ ဟောပြောချက်တွေဟာ တပ်မတော်ကို ဂုဏ်သိက္ခာ ထိပါးစေတယ်လို့ယူဆပြီး ကမ်းရိုးတန်းတိုင်း စစ်ဌာနချုပ် က မြိတ်မြို့နယ် တရားရုံးမှာ ၂၀၁၉ ဇွန်လ ၄ ရက်နေ့က ဦးတိုက်လျောက်ထား တရားစွဲဆိုခဲ့တာလည်းဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ် ဧပြီလတုန်းက ကော့သောင်းမြို့မှာ ပြုလုပ်တဲ့ ၂၀၀၈ အခြေခံဥပဒေ ပြင်ဆင်ရေး ပူးပေါင်းကော်မတီ ထောက်ခံပွဲမှာ ပါဝင်ဟောပြောခဲ့တဲ့ ဦးနေမျိုးဇင်၊ ကဗျာဆရာ စောဝေနဲ့ ရှေ့နေဦးကြီးမြင့်တို့ကိုလည်း တပ်မတော်က နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (က) နဲ့ တရားစွဲခံထားရပြီး အမှု ရင်ဆိုင်နေရပါတယ်။
2 years Ago

တပ်မတော်က တရားစွဲထားသည့် ရှေ့နေဦးကြီးမြင့်နှင့် ကဗျာဆရာစောဝေတို့ကို ဝရမ်းထုတ်

နိုင်ငံတော် အကြည်ညိုပျက်စေမှုနဲ့ တပ်မတော်က တရားစွဲဆိုထားတဲ့ တရားလွှတ်တော် ရှေ့နေဦးကြီးမြင့်နဲ့ ကဗျာဆရာစောဝေတို့ကို ကော့သောင်းမြို့နယ်တရားရုံးက ဝရမ်းထုတ်လိုက် ပါတယ်။  ပြည်ထောင်စုရှေ့နေများနှင့် ဥပဒေအထောက်အကူပြုသူများအဖွဲ့ဥက္ကဋ္ဌ ဖြစ်သူ ရှေ့နေ ဦးကြီးမြင့်၊ ကဗျာဆရာစောဝေနဲ့ ဗိုလ်ကြီးဟောင်း ဦးနေမျိုးဇင်တို့ကို တပ်မတော်ဂုဏ်သိက္ခာ ထိခိုက်စေတယ်ဆိုပြီး  နိုင်ငံတော် အကြည်ညှိပျက်စေမှုပုဒ်မ ၅၀၅(က) နဲ့ ကော့သောင်းမြို့နယ် တရားရုံးမှာ ဒုဗိုလ်မှူးကြီး ဇော်ဇော်က တရားစွဲဆိုထားတာပါ။  ပြီးခဲ့တဲ့ ရုံးချိန်းကို တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်နဲ့ ကဗျာဆရာစောဝေတို့ မတက်ရောက်ခဲ့တာကြောင့် ဝရမ်းထုတ်တာလို့ သိရပါတယ်။  ရဲတပ်ဖွဲ့ ရာဇဝတ်ကျင့်ထုံးဥပဒေ (၂၀၂)အရ မစစ်ဆေးရသေးတာမို့ စစ်ဆေးပေးဖို့စာတင်ထား တဲ့အတွက် ရုံးချိန်းမတက်ရောက်ဖြစ်တာဖြစ်ပြီး တရားရုံးက နားလည်မှုလွဲမှားကာ ဝရမ်းထုတ် လိုက်တာလို့ ယူဆကြောင်း ရှေ့နေ ဦးကြီးမြင့်က ပြောပါတယ်။  လာမယ့် ဖေဖော်ဝါရီ ၃ ရက်နေ့မှာ ချိန်းဆိုထားတဲ့ ရုံးချိန်းကို တက်ရောက်မယ်ဆိုတဲ့ အကြောင်းတရားရုံးကို ဒီနေ့ပဲ စာပေးပို့သွားမှာဖြစ်တာကြောင့် ဝရမ်းကို အတည်ပြုစရာ မလိုတော့ဘူး လို့လည်း ဆက်လက်ပြောပါတယ်။ 
2 years Ago
Up