တပ်မတော်က တရားစွဲ

A d v e r t i s e m e n t With Us

January 22, 2021

လှိုင်းဘွဲ့မြို့နယ်တွင် လယ်သမား ၁၅ ဦးကို တပ်မတော်က တရားစွဲ

ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့နယ်မှာ သိမ်းဆည်းခံလယ်မြေပေါ် ပြန်လည်နေထိုင်ဖို့အတွက် ခြံစည်းရိုးကာ၊ တဲအိမ်ဆောက်လုပ်ခဲ့တဲ့ ရွာသား ၁၅ ယောက်ကို  တပ်မတော်က တရားစွဲဆိုခဲ့တယ်လို့ လှိုင်းဘွဲ့မြို့နယ် ရဲတပ်ဖွဲ့က  ပြောပါတယ်။ လှိုင်းဘွဲမြို့နယ်၊ ထီလုံကျေးရွာ (ကုလားစု)၊ ဒေသခံ ၁၅ ယောက်ရဲ့  မိဘဘိုးဘွားပိုင်လယ်မြေဧက ၄၉ ဧကကို  တပ်မ ၂၂ လက်အောက်ခံ၊ အမှတ် ၂၀၃ ခြေမြန်တပ်ရင်းက တပ်တည်ဆောက်ရေးအတွက် ၁၉၉၅ ခုနှစ်က သိမ်းဆည်းခဲ့တာပါ။ သိမ်းဆည်းခံလယ်သမားတွေဟာ ခြံစည်းရိုးကာတာ၊ တဲအိမ်ဆောက်လုပ်တာတွေ ပြုလုပ်ခဲ့တဲ့အတွက် ပိုင်နက်ကျူးလွန်မှု ဥပ‌ဒေ ပုဒ်မ ၄၄၇ နဲ့ ရွာသား  ၁၄ ယောက် ၊ အားပေးကူညီမှု ပုဒ်မ ၁၁၄ နဲ့  ရွာသား ၁ ယောက်ကို   တပ်မတော်က တရားစွဲဆိုတာလို့ လှိုင်းဘွဲမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးသန်းဦးက ပြောပါတယ်။ “ခမရ ၂၀၃ က အမှုဖွင့်ထားတယ်။ ကျနော်တို့က ဥပဒေအကြံပြုချက်တင်တယ်။ စစ်ဆေးပေါ်ပေါက်ချက်အရ ပုဒ်မ ၄၄၇ နဲ့တရားစွဲဖို့အတွက် ဥပဒေအကြံဉာဏ်လည်း ကျလာတယ်။ ကျလာတဲ့အပေါ်မှာ ကျနော်တို့က တရားစွဲတင်ရမှာ”။ သိမ်းဆည်းခဲ့တဲ့ လယ်မြေတွေနဲ့ ပတ်သက်ပြီး နစ်နာကြေးနဲ့ လယ်မြေအစားပေးတာ မရှိတဲ့အပြင် တပ်တည်ဆောက်ပြီးနောက်ပိုင်း မလိုအပ်ဘဲ ကားလမ်းနံဘေး လယ်မြေတွေကိုပါ နှစ်အလိုက်ထပ်မံတိုးချဲ့ သိမ်းဆည်းခဲ့တယ်လို့ ရွာသားတွေကပြောပါတယ်။ ဒါ့အပြင် တပ်မတော်က မီးရှို့ဖျက်ဆီးတာတွေရှိသလို ကိုယ့်မြေပေါ် တဲဆောက်နေတာ အပြစ်လားလို့ ဟိန္နူသာသနာရေးအဖွဲ့၊ စာရင်းစစ် ဦးဘုန်းကြီးက ပြောပါတယ်။ “ဒီဘိုးဘွားပိုင် မြေလေးပေါ် နေဖို့အခွင့်အရေးလေးကို တပ်မတော်က အမှုဖွင့်မယ်။ တရားစွဲမယ်ဆိုတော့ ကျနော်တို့ လူတွေ ဘာလုပ်စားမလဲ။ ဘယ်မှာ သွားနေရတော့မလဲ။ သူတို့ဘိုးဘွားပိုင်မြေပေါ် သူတို့နေတယ်။ အဲဒါအပြစ်လား”လို့ ဆိုပါတယ်။ သိမ်းဆည်းစဉ်ကာလက အတင်းအဓမ္မ ခြိမ်းခြောက်ဖယ်ရှားခိုင်းတဲ့အပြင် နေအိမ်တွေကို ဖျက်စီးခဲ့တဲ့အတွက် မိမိတို့ဘိုးဘွား ပိုင်လယ်မြေတွေနဲ့ နေအိမ်တွေ နစ်နာဆုံးရှုံးခံခဲ့ရပြီး နေစရာမြေမရှိ လုပ်ကိုင်စရာလယ်မြေမရှိတဲ့အတွက် ယနေ့တိုင် စားဝတ်နေရေးအပြင် လူမှုဒုက္ခတွေနဲ့ ကြုံတွေ့နေကြရတယ်လို့ ဆိုပါတယ်။ တပ်မတော်က သိမ်းဆည်းလယ်မြေတွေေမှာ  ရာဘာလုပ်ငန်းရှင်တွေနဲ့ ထုံးဖို လုပ်ငန်းရှင်တွေ ကို ငှားရမ်းလုပ်ကိုင်ခွင့်ပြုထားတဲ့အတွက် မူလပိုင်ရှင်တွေဟာ နေစရာမရှိ ဒုက္ခရောက်ရှိနေရကြောင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၊ သမ္မတနဲ့ တာဝန်ရှိသူတွေကို တင်ပြတိုင်ကြားထားတယ်လို့  ရွာသားတွေက ပြောပါတယ်။ သတင်း- ရဲမင်းခေါင်
2 months Ago

January 14, 2021

ဖားကန့် အန်အယ်လ်ဒီအမတ်ကို တပ်မတော်က တရားစွဲ

တပ်မတော်အကြီးအကဲတွေကို ဂုဏ်သိက္ခာညှိုးနွမ်းစေအောင် ပြုလုပ်တယ် ဆိုပြီး  ဖားကန့်မြို့နယ် အန်အယ်လ်ဒီအမတ် ဦးခင်မောင်မြင့်(ခ) ဦးချိုကို တပ်မတော်က ပုဒ်မ (၅၀၀) နဲ့ တရားစွဲဆိုလိုက်တယ်လို့ ရှေ့နေ  ဦးသန်းထွန်းက ပြောပါတယ်။ ကချင်ပြည်နယ် မဲဆန္ဒနယ်မြေ အမှတ် (၉)၊ ဖားကန့်မြို့နယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်မြင့် (ခ) ဦးချို ကို မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်(မပခ) ဒုတိယ ဗိုလ်မှူးကြီး သန်းထိုက်က ဖားကန့်မြို့နယ်တရားရုံးမှာ ပုဒ်မ (၅၀၀) နဲ့  ဒီဇင်ဘာ ၈ ရက် နေ့က အမှုဖွင့်ခဲ့တာပါ။ ခုလို တရားစွဲခံရတာဟာ ၂၀၁၉ ဒီဇင်ဘာ ၂၃ ရက်နေ့ပါ ရက်စွဲနဲ့ နိုင်ငံတော်သမ္မတရုံး၊ နိုင်ငံတော်သမ္မတဦးဝင်းမြင့်ထံ ပေးပို့တင်ပြခဲ့တဲ့ ဖားကန့်မြို့နယ် အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်မြင့်ရဲ့ တင်ပြစာမှာ တပ်မတော် အကြီးအကဲတွေရဲ့ ဂုဏ်သိက္ခာ ညှိုးနွမ်းစေတဲ့ အသုံးအနှုန်းဝေါဟာရတွေ ပါရှိနေတာကြောင့်လို့  ဒီဗွီဘီက စုံစမ်း သိရှိရပါတယ်။  အမျိုးသားလွှတ်တော် ဦးခင်မောင်မြင့်က ဖားကန့်မြို့နယ်၊ ဟောင်းပါကျေးရွာအုပ်စုမှာ ၂၀၁၇ ခုနှစ် နိုဝင်ဘာလအတွင်းက ဖမ်းဆီးရမိခဲ့တဲ့ ဘက်ဖိုးယာဉ်၊ မြေသယ်ယာဉ်၊ ယန္တရားစက်ကြီးတွေ ကို ဖမ်းဆီးခဲ့တာနဲ့ပတ်သက်ပြီး နိုင်ငံတော်သမ္မတရုံးနဲ့ နိုင်ငံတော် သမ္မတထံ တင်ပြခဲ့တာလို့ သိရပါတယ်။ အဲဒီတင်ပြခဲ့တဲ့ စာတွေထဲမှာ မဟုတ်မမှန် တမင်ကြံလုပ်တင်ပြခဲ့မှုတွေရှိခဲ့တယ် ဆိုပြီး ဥပဒေအရ ထိရောက်စွာ အရေးယူပေးဖို့ တပ်မတော်အရာရှိတဦးက ဖားကန့်မြို့နယ် တရားရုံးကို တိုင်ကြားခဲ့မှုကို ဖားကန့်မြို့နယ်တရားရုံးက ရာကြီးအမှုအမှတ် ၅၈၁/၂၀၂၀ ၊ ပုဒ်မ ၅၀၀ နဲ့ လက်ခံရရှိခဲ့ပါတယ်။ ဒီအမှုနဲ့ ပတ်သက်လို့ ဖားကန့်မြို့နယ်တရားရုံးမှာ ဇန်နဝါရီ ၈ ရက်နေ့က ပထမရုံးချိန်းပြုလုပ်ခဲ့ပြီး အဲဒီ ရုံးချိန်းမှာ တရားသူကြီးဆီမှာ အာမခံယူခဲ့ပါတယ်။ ဒုတိယ ရုံးချိန်းကို ဇန်နဝါရီ ၁၈ရက်နေ့မှာ ချိန်းဆိုထားပါတယ်။ ဦးချို (ခ) ဦးခင်မောင်မြင့်ဟာ လက်ရှိ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် တာဝန် ထမ်းဆောင်နေဆဲဖြစ်ပြီး ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာလည်း ဖားကန့်မြို့နယ် အမျိုးသား လွှတ်တော်ကိုယ်စားလှယ်နေရာကနေ ထပ်မံ အနိုင်ရရှိထားသူဖြစ်ပါတယ်။ လွှတ်တော်ကိုယ်စားလှယ်တယောက် အခုလို တပ်မတော်ရဲ့တရားစွဲဆိုခြင်းခံရတဲ့အပေါ် ဖားကန့်မြို့နယ် တရားသူကြီးကို ဆက်သွယ်မေးမြန်းရာမှာတော့ ကျင့်ဝတ်အရ ဖြေဆိုခွင့်မရှိ ကြောင်းနဲ့ နှစ်ဘက် ကာယကံရှင်တွေကိုသာ မေးဖို့ ပြောဆိုခဲ့ပါတယ်။ အမှုနဲ့ပတ်သက်ပြီး အမှုဖွင့်တိုင်ကြားခံရသူ ဖားကန့်မြို့နယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်မြင့်ကို ဆက်သွယ်ခဲ့ရာ ဖြေကြားခဲ့ခြင်း မရှိခဲ့သလို မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တာဝန်ရှိသူတွေကို ဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့ရာမှာလည်း ဖုန်းလက်ခံဖြေဆိုခဲ့ခြင်း မရှိပါဘူး။ သတင်း - ဇော်မိုးထက် (ဖားကန့်)
2 months Ago
Up