တပ်ပြင်ပမဲပေ;

November 8, 2020

ပြင်ဦးလွင်တွင် တပ်မတော်သား မဲဆန္ဒရှင်များ ပထမဆုံးအကြိမ် တပ်ပြင်ပမဲပေး

မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နေ တပ်မတော်သား မဲဆန္ဒရှင်တွေဟာ ဒီနေ့ မနက် ၆ နာရီလောက်ကတည်းက ပထမဆုံးအကြိမ် တပ်ပြင်ပထွက်ပြီး မြို့ပေါ်ရပ်ကွက်ထဲရှိ မဲရုံတွေမှာ ဆန္ဒမဲပေးနေကြပါတယ်။ ပြင်ဦးလွင်မြို့မှာ တပ်မတော်သား သီးသန့်မဲရုံ ၁၂ ရုံရှိပြီး အဆိုပါမဲရုံတွေကိုတော့ မြို့တွင်းက လူနေရပ်ကွက်တွေမှာ ထားရှိတာဖြစ်ပါတယ်။  ရေချမ်းအိုးရပ်ကွက်က မဲရုံအမှတ် (၃)နဲ့(၄)မှာတော့ တပ်မတော်နည်းပညာတက္ကသိုလ်က တပ်မတော်သားတွေ အဓိက လာရောက် မဲပေးကြတာကို တွေ့ရှိရပြီး အဆိုပါ မဲရုံနှစ်ခုမှာ တပ်မတော်သား မဲဆန္ဒရှင် ၂၀၀၀ လောက် ဆန္ဒမဲပေးမှာဖြစ်ပါတယ်။ လာရောက်မဲပေးတဲ့ တပ်မတော်သားတွေအတွက် မဲရုံအနီးမှာ လိုအပ်တဲ့အကွာအဝေးထားရှိတာ၊ လက်အိတ်စွပ်ထားတာတွေကိုလည်း တွေ့ရှိရပါတယ်။ ကိုယ်အပူချိန်တိုင်းတဲ့ သာမိုမီတာတွေထားရှိပေမယ့် တိုင်းတာ တာကိုတော့ မတွေ့ရှိခဲ့ရပါ။  မဲရုံမှူးနဲ့ မဲရုံတာဝန်ရှိသူတွေကတော့ နှာခေါင်းစည်းတွေ ၊ PPEတွေ၊ လက်အိတ်တွေ ဝတ်ဆင်ထားတာကို တွေ့ရှိခဲ့ရပါတယ်။ အရပ်သားမဲရုံ(၁)ကိုတော့ ဘုန်းတော်ကြီးကျောင်းမှာ ထားရှိပြီး မဲရုံ(၂)ကိုတော့ စာသင်ကျောင်းမှာ ထားရှိတာဖြစ်ပါတယ်။ ရေချမ်းအိုးကျေးရွာ မဲရုံ(၃)နဲ့ (၄)က တပ်မတော်မဲရုံ ပရဝဏ်အနီး သတင်းရယူနေစဉ် တပ်မတော်သားတစ်ချို့က ရုပ်သံမရိုက်ဖို့ တားမြစ်တာအပြင် ပါတီတစ်ခုရဲ့ မဲရုံစောင့်ကြည့်ရေး ကိုယ်စားလှယ်ဆိုသူတစ်ဦးက ကိုက် ၅၀၀ အတွင်း  ဓာတ်ပုံ၊ ဗွီဒီယိုရိုက်ကူးခွင့်မပြုကြောင်း ပြင်းပြင်းထန်ထန် လာရောက်ပြောဆို တားမြစ်ခဲ့ပါတယ်။ အဆိုပါ မဲရုံစောင့်ကြည့်ရေးပါတီ ကိုယ်စားလှယ်ဆိုသူ လာရောက်တားမြစ်ပြီးတဲ့နောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့ရပ်ကွက် ကော်မရှင်တာဝန်ရှိသူ တချို့ကလည်း သီးခြားစီ စုံစမ်းမေးမြန်းတာတွေ၊ မဲရုံပရဝဏ်အနီးမှာ ဓာတ်ပုံနဲ့ ရုပ်သံသတင်းရယူခွင့် မပြုဖို့ လာရောက်တားမြစ်တာတွေ ရှိပါတယ်။ ပြင်ဦးလွင်မြို့နယ်မှာ မဲရုံပေါင်း ၂၀၀ ရှိပြီးတော့ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင် ၁၉၀,၀၀၀ ကျော်ရှိပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲမှာတော့ တပ်မတော်သား မဲရုံတွေကို တပ်တွင်းမှာသာ ထားရှိခဲ့တာ ဖြစ်ပါတယ်။ ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲမှာတော့ တပ်မတော်သားမဲဆန္ဒရှင် ၂၀၀၀၀ လောက် မဲပေးခဲ့ကြတယ်လို့ သိရပါတယ်။ သတင်း - ထိန်ထိန်လင်း
2 years Ago
Up