တပ်တွင်းမဲရုံ

August 10, 2020

ကျောက်ဖြူခရိုင်တွင် တပ်တွင်းမဲရုံမထားဟု ခရိုင်ရွေးကောက်ပွဲကော်မရှင် ပြော

နိုဝင်ဘာ ၈ ရက်နေ့ကျင်းပမယ့် ပါတီစုံအထွေထွေရွေးပွဲမှာ ကျောက်ဖြူခရိုင်၊ ကျောက်ဖြူ မြို့နယ်နဲ့ အမ်းမြို့နယ်တွေက တပ်ရင်းတွေမှာ မဲရုံတွေကို တပ်တွင်းမထားဘဲ တပ်ပြင်ပမှာ ထားရှိဖို့ စီစဉ်ထားတယ်လို့ ကျောက်ဖြူခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး တာဝန်ရှိသူက ပြောပါတယ်။ ပြီးခဲ့တဲ့ ရွေးကောက်ပွဲတွေကလို တပ်ပြင်ပရှိ နီးစပ်ရာစာသင်ကျောင်းတွေမှာထားပြီး တပ်မတော်သားတွေနဲ့ တပ်မိသားစုဝင်တွေ လာရောက်မဲပေးနိုင်အောင် စီစဉ်ထားတယ်လို့ ကျောက်ဖြူခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး အတွင်းရေးမှူး ဦးဌေးအောင်ခိုင်က ဒီဗွီဘီကို ပြောပါတယ်။ “တပ်တွင်းမဲရုံမရှိပါဘူး။ ဟိုးအရင်ကတည်းက ၃၄ တပ်တို့ဆိုရင်လည်း တပ်ရှေ့ကစ ာသင်ကျောင်းတွေမှာ ပေးတာ။ ၅၄၂၊ ၅၄၃ တပ်တွေဆိုရင်လည်း တပ်နဲ့နီးတဲ့ စာသင်ကျောင်းတွေမှာ မဲရုံတွေ ဖွင့်လှစ်ပေးထားတယ်ပေါ့၊ အဲဒီမှာလာပြီးတော့ ပေးကြတာပါ။ အခုလည်းအဲဒီလိုပဲလုပ်ထားတယ်၊ တပ်တွင်းမှာတော့လုံးဝမရှိပါဘူး။ အမ်းမြို့နယ်တို့မှာလည်း မရှိပါဘူး၊ သူတို့က ရပ်ကျေးနဲ့ပေါင်းပေးတာတွေရှိတယ်၊ သူတို့ဟာသူတို့ သပ်သပ် တပ်ရှေ့မှာရှိတဲ့ဟာတွေ ရှိတယ်၊ သီးခြားတော့ တပ်ထဲမှာ လုပ်ထားတာတော့မရှိပါဘူး။” ကျောက်ဖြူခရိုင်မှာ  တပ်မတော်သားတွေနဲ့ တပ်မိသားစုဝင်တွေအပါအဝင် မဲဆန္ဒရှင်စုစုပေါင်း ၃ သိန်းကျော်ရှိပြီး တပ်သီးသန့်မဲစာရင်းထုတ်ပြန်တာမရှိဘဲ သက်ဆိုင် ရာရပ်ကျေးတွေမှာ ပါဝင်ပြီးဖြစ်တယ်လို့ ဦးဌေးအောင်ခိုင်က ပြောပါတယ်။ ကျောက်ဖြူခရိုင် ကျောက်ဖြူမြို့နယ်မှာ တပ်မဲရုံ ၃ ရုံနဲ့ အမ်းမြို့နယ်မှာ တပ်မဲရုံ ၆ ရုံ၊ တပ်မဲရုံစုစုပေါင်း ၉ ရုံရှိပြီး အမှတ် ၃၂ ရဲတပ်ရင်းခွဲအတွက် သက်ဆိုင်ရာကျေးရွာအုပ်စုရှိ စာသင်ကျောင်းတွေမှာ မဲရုံထားရှိထားတယ်လို့ ကျောက်ဖြူခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးက သိရပါတယ်။ နောင်နောင် 
1 year Ago

August 4, 2020

နေပြည်တော်တွင် တပ်တွင်းမဲရုံလုံးဝမရှိဟု ကော်မရှင်ပြော

ပြည်ထောင်စုနယ်မြေ နေပြည်တော်မှာ  တပ်အတွင်းမဲရုံလုံးဝမရှိဘူးလို့ပြည်ထောင်စုနယ်မြေ ရွေးကောက်ပွဲကော်ရှင်ခွဲရုံးတာဝန်ရှိသူက ပြောပါတယ်။ အသစ်ပြင်ဆင်လိုက်တဲ့ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေ၊ နည်းဥပဒေတွေအရ ၂၀၂၀ ရွေးကောက်ပွဲမှာ တပ်တွင်းမဲရုံတွေ အားလုံးကို အပြင်ထုတ်ရတော့မှာပါ။ ဒါပေမဲ့ ဇူလိုင်လအတွင်းပြုလုပ်ခဲ့တဲ့ တပ်မတော်သတင်းစာရှင်းလင်းပွဲမှာ တချို့တပ်တွင်းမဲရုံတွေကို အပြင်ထုတ်သွားမှာမဟုတ်ဘူးလို့ တပ်မတော်သတင်းမှန်ပြန်ကြားရေး အဖွဲ့က ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောထားပါတယ်။ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးတည်ရှိတဲ့ နေပြည်တော်ကောင်စီ ၈ မြို့နယ်အတွင်းမှာတော့ တပ်တွင်းမဲရုံလုံးဝမရှိဘူးလို့ ပြည်ထောင်စုနယ်မြေ နေပြည်တော်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး အဖွဲ့ဝင် ဦးမိုးဇော်က ဒီကနေ့ သတင်းမီဒီယာတွေနဲ့တွေ့ဆုံစဉ် ပြောကြားခဲ့တာပါ။ ဦးမိုးဇော်က “တပ်ပြင်ကို ရွှေ့တယ်။ တချို့မဲရုံတွေကကျတော့ အရပ်သားရော၊ တပ်တွေရော၊ ရောပြီးတော့ မဲပေးလို့ရတဲ့ မဲရုံတွေလည်းရှိသလို တချို့မဲရုံတွေကျတော့လည်း တပ်တွေချည်းပဲ။ ဒါတွေက သူတို့ဌာနတွေက တပ်တွေအများကြီးစုထားတဲ့ နေရာဆိုတော့ အဲ့ဒီမဲရုံတွေကကျတော့ သူတို့တပ်သားတွေချည်းပဲ။ သို့သော်တပ်ထဲမှာမဟုတ်ဘဲနဲ့ သူတို့တပ်ခြံစည်းရိုးနဲ့ နီးစပ်တဲ့ စာသင်ကျောင်းတွေမှာပဲ မဲရုံတွေလုပ်ခွင့်ပြုထားတယ်ပေါ့ ” လို့ ပြောပါတယ်။ တပ်တွင်းမဲရုံတွေ နေပြည်တော်နယ်မြေမှာ မရှိဘူးဆိုပေမယ့် တပ်မတော်သားသီးသန့်မဲရုံ တွေတော့ ရှိနေဦးမှာပါ။ နေပြည်တော်နယ်မြေအတွင်း မဲရုံပေါင်း ၆၃၃ ရုံ ပြုလုပ်သွားဖို့ လျာထားပြီး တပ်မတော်သားသီးသန့်မဲပေးမယ့် မဲရုံက ၄၃ ရုံ ရှိနေပါတယ်။ နေပြည်တော် ၈ မြို့နယ်မှာ တပ်မတော်သားတွေနဲ့ သူတို့ရဲ့ မိသားစုဝင်တွေအပါအဝင် မဲဆန္ဒရှင်ပေါင်း ၈ သိန်းကျော်ရှိတယ်လို့ လည်း ဆိုပါတယ်။ နေပြည်တော်ကောင်စီ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး ဥက္ကဋ္ဌ ဦးသိန်းထွေးက “ပြီးခဲ့တဲ့ ၂၀၁၅ ပါတီစုံအထွေထွေရွေးကောက်ပွဲကြီးမှာ ကျနော်တို့ နေပြည်တော်မှာ မဲဆန္ဒရှင်ပေါင်း ၇ သိန်းကျော်ရှိပြီးတော့ အခု လာမယ့် ၂၀၂၀ ပါတီစုံအထွေထွေရွေးကောက်ပွဲကြီးမှာ မဲဆန္ဒရှင်ပေါင်း ၈ သိန်းကျော်လောက် မဲပေးသွားမှာ ဖြစ်ပါတယ်။ မဲစာရင်းမှာ ပါဝင်ပြီးဖြစ်ပါတယ်”လို့ ပြောပါတယ်။ နေပြည်တော်ကောင်စီနယ်မြေအတွင်းက ရပ်ကျေးကော်မရှင်အဖွဲ့ခွဲရုံးတွေမှာ အခြေခံ မဲဆန္ဒရှင်စာရင်းတွေကို ဇူလိုင် ၂၅ ရက်မှ ဩဂုတ် ၇ ရက်နေ့အထိ ကပ်ထားပြီး ဒီနေ့အထိကို မဲစာရင်းမှားယွင်းမှုကြောင့် ပုံစံ(၃)နဲ့ ပြန်လည်လျှောက်ထားသူ  ၂၄၇၇  ဦးရှိပါတယ်။ ဒါ့အပြင်  ပုံစံ(၄)နဲ့ ကန့်ကွက်သူ ၁၄၀၀ ကျော်နဲ့ အချက်အလက်မှားယွင်းမှုကြောင့် ပုံစံ(၄)(ဂ) နဲ့ ပြန်လည်တင်သွင်းထားသူ ၁၇၀၀ ကျော်ရှိတယ်လို့သိရပါတယ်။ သတင်း - ဖြိုးသက်ပိုင်မြင့်(နေပြည်တော်)
1 year Ago
More News
Up