တပ်တော်ဝင်အခမ်းအနား

December 18, 2019

တရုတ်နိုင်ငံ၏ ပထမဆုံးပြည်တွင်းဖြစ် လေယာဉ်တင်သင်္ဘော တပ်တော်ဝင်အခမ်းအနား ကျင်းပ

တရုတ်နိုင်ငံရဲ့ ပထမဆုံးပြည်တွင်းဖြစ် လေယာဉ်တင်သင်္ဘော တပ်တော်ဝင်အခမ်းအနားကို ဒီဇင်ဘာလ ၁၇ ရက်နေ့က ကျင်းပခဲ့ပြီး သမ္မတ ရှီကျင့်ဖျင် တက်ရောက်ခဲ့ပါတယ်။      တရုတ်ရေတပ်ရဲ့ ဒုတိယမြောက်နဲ့ ပြည်တွင်းမှာ ပထမဆုံး တည်ဆောက်တဲ့ အဲဒီလေယာဉ်တင်သင်္ဘောကို ဟိုင်နယ်ပြည်နယ် တောင်ဘက်ကျွန်းမှာ တပ်တော်ဝင် အခမ်းအနား လုပ်ခဲ့တာပါ။ ရှန်ဒေါင်းဆိုတဲ့ တရုတ်ပြည်နယ်တခု နာမည်ပေးထားတဲ့ အဲဒီသင်္ဘောကို ရေပိုင်နက် အငြင်းပွားမှုတွေ ဖြစ်နေတဲ့ တောင်တရုတ်ပင်လယ်မှာ တရုတ်အစိုးရက ရေချခဲ့တယ်လို့ အေဘီစီသတင်းမှာ ဖော်ပြပါတယ်။ တရုတ်နိုင်ငံရဲ့ ပထမဆုံး လေယာဉ်တင်သင်္ဘောနာမည်ကတော့ လျောင်နင်းဖြစ်ပြီး လေယာဉ်တင်သင်္ဘော နှစ်စီးစလုံးကို ကမ်းရိုးတန်းပြည်နယ် နာမည်တွေကို ပေးထားတာ ဖြစ်ပါတယ်။ လျောင်နင်းသင်္ဘောဟာ တိုက်လေယာဉ် ၂၄ စင်း သယ်ဆောင်နိုင်ပြီး အခု ရှန်ဒေါင်း လေယာဉ်တင်သင်္ဘောက တိုက်လေယာဉ် ၃၆ စင်းကို သယ်ဆောင်နိုင်တယ်လို့ နိုင်ငံပိုင် စီစီတီဗွီသတင်းဌာနက ဆိုပါတယ်။ လျောင်နင်းဟာ ပြန်မွမ်းမံထားတဲ့ ဆိုဗီယက်ခေတ် လေယာဉ်တင်သင်္ဘောဖြစ်ပြီး ၁၉၉၈ ခုနှစ်မှာ တရုတ်အစိုးရက ယူကရိန်းဆီကနေ ပြန်ဝယ်ယူခဲ့တာ ဖြစ်ပါတယ်။ 
2 years Ago
Up