တပ်သိမ်းမြေပြန်ရရေး မီးရှို့ဆန္ဒပြတောင်သူ အဖိုးအို သတိပြန်လည်လာ - ဒေါ်မော်

June 13, 2015

တပ်သိမ်းမြေ ၁ ဧက ၅၀၀၀ ကျပ်နှုန်း ပေးလျော်ခဲ့ဟု ကာကွယ်ရေးဒုဝန်ကြီးပြော

တပ်သိမ်းမြေတွေထဲက တချို့ကို ပြန်လည်စွန့်လွှတ်မှာ ဖြစ်ပေမယ့် တချို့အတွက်ကတော့ လျော်ကြေးပေးခဲ့ပြီးဖြစ်တာကြောင့် မစွန့်လွှတ်နိုင်ဘူးလို့ ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဗိုလ်ချုပ်ကျော်ညွန့်က ပြောပါတယ်။ တပ်သိမ်းမြေတွေကို ပြန်ပေးဖို့ ရှိမရှိ မေးခွန်းတွေကို ဇွန် ၁၂ ရက်နေ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ ကိုယ်စားလှယ် လေးယောက်က မေးမြန်းခဲ့တာပါ။ ပေါက်မြို့နယ်မှာ ကာကွယ်ရေးပစ္စည်းစက်ရုံ၊ မိုးမောက်မြို့နယ် သီပေါမြို့နယ်နဲ့ မြန်အောင်မြို့နယ်တွေမှာ ကာကွယ်ရေးပစ္စည်းစက်ရုံနဲ့ တပ်ရင်းတွေအတွက် လယ်မြေအပါအ၀င် တခြားမြေတွေကို သိမ်းယူထားတာပါ။ “စုစုပေါင်း ၃၄၀၄ ဧကအတွက် လျော်ကြေးကို ၁၇၄၂၁၆၇၁ ကျပ်ကို ၂၀၁၁ ခုနှစ်က ပေးလျော်ခဲ့ပြီး ဖြစ်ပါတယ်။ စီမံကိန်းစတင်ဆောင်ရွက်တာမရှိပဲ စက်ရုံတွေရဲ့ လုံခြုံရေး မထိခိုက်နိုင်တဲ့ လယ်ယာမြေ ၂၈၁၈ ဧကကို ပတ်ဝန်းကျင်ဒေသတွေက တောင်သူတွေကို အခမဲ့ စိုက်ခွင့်ပေးထားတဲ့အတွက် ထပ်မံပြီးလျော်ကြေးပေးဖို့ မရှိပါဘူး” လို့  ဒုတိယ၀န်ကြီး ဗိုလ်ချုပ်ကျော်ညွန့်က ဖြေပါတယ်။ ဒီလယ်မြေတွေထဲက တချို့မှာ မြေစာရင်းပုံစံ (၇) ရနေတာကတော့ မြေစာရင်းဌာနက မှားတာပါလို့ ၀န်ကြီးက ဆိုပါတယ်။ မိုးမောက်မြို့နယ်မှာ အမှတ် ၃၇၀ အမြောက်တပ်ရင်းနေရာက ဧက ၆၀၀ ကျော်ကို သိမ်းဆည်းရာမှာတော့ မူလမြေပိုင်ရှင်တွေက သဘောတူကြောင်း လက်မှတ်ရေးထိုးထားပြီး လုံခြုံရေးအရ လိုအပ်လို့  ပြန်မပေးနိုင်ဘူးလို့ ဖြေပါတယ်။ ပြီးတော့ မြန်အောင်မြို့နယ်က လယ်မြေတချို့ကို ပြန်ပေးမှာ ဖြစ်ပြီး သီပေါမြို့နယ်က တပ်မြေအဖြစ် သိမ်းထားတဲ့ လယ်နဲ့ယာမြေဧက ၁၀၀၀ လောက်ကနေ ဧက ၄၀ လောက်ကို ပြန်ပေးမယ်လို့ ဖြေကြားခဲ့ပါတယ်။ တပ်ပိုင်မြေအဖြစ် သိမ်းယူထားတဲ့ မြေတွေထဲက ဧက ၁ သိန်းလောက်ကို စွန့်လွှတ်ပြီး ဖြစ်တယ်လို့ ဗဟိုမြေယာကော်မတီက သတင်းထုတ်ပြန်ခဲ့ဖူးပါတယ်။
6 years Ago

May 22, 2015

သိမ်းဆည်းခြံမြေပြန်ရရေး မီးရှို့ဆန္ဒပြသည့် တောင်သူအဖိုးအို ကွယ်လွန်

မြန်မာ့တပ်မတော်က သိမ်းဆည်းယူငင်ထားတဲ့ တောင်ယာခြံမြေတွေကို ပြန်ပေးဖို့ မိမိကိုယ်ကို မိမိ မီးရှို့ဆန္ဒပြတဲ့ ရှမ်းပြည်နယ်တောင်ကြီးမြို့ ကွန်လုံကျေးရွာအုပ်စု ရေပူကျေးရွာက တောင်သူ ဦးမြင့်အောင် (အသက် ၆၃) ဟာ ဒီနေ့မွန်းလွဲက စပ်စံထွန်းဆေးရုံမှာ ကွယ်လွန်တယ်လို့ သူ့တူမ ဒေါ်မော်က ပြောပါတယ်။ “ဦးမြင့်အောင် ဆုံးသွားပါပြီရှင်၊ နေ့လယ် ၁ နာရီခွဲက။ ရွာကို ပြန်သယ်ပြီး ရွာမှာသင်္ဂြိုဟ်ဖို့ လုပ်နေတယ်။ အခုရင်ခွဲရုံမှာပါ စစ်ဆေးနေတုန်းရှိတယ်။ သူ့ကိုအတတ်နိုင်ဆုံး ကုသပေးပေမယ့် မီးလောင်ကျွမ်းတဲ့ဒဏ်ရာက များတဲ့အတွက် ကွယ်လွန်ခဲ့တာဖြစ်ပါတယ်။” အလောင်းကို ရင်ခွဲရုံကနေ ဒီကနေ့ညနေပိုင်းမှာ ဇာတိမြေ ရေပူရွာကို သယ်ဆောင်ပြီး မနက်ဖြန် ရွာသင်္ချိုင်းမှာ သင်္ဂြိုဟ်မယ်လို့ ဆေးရုံကို လိုက်ပါကူညီနေတဲ့ တောင်ကြီးခရိုင် အန်အယ်လ်ဒီဥက္ကဋ္ဌ ဦးတင်မောင်တိုးက  ဆေးရုံကနေ  ပြောပါတယ်။ သိမ်းဆည်းခံလယ်ယာမြေ ပြန်လည်ရရှိရေး ကြိုးပမ်းမှုဖြစ်စဉ်ကြောင့် မနှစ်နှစ်ကုန်ပိုင်းက စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်က လက်ပံတောင်းကြေးနီ စီမံကိန်းဒေသမှာ ရဲလက်ချက်နဲ့ တောင်သူ ဒေါ်ခင်ဝင်း သေဆုံးခဲ့အပြီး လအနည်းငယ်အကြာမှာ တောင်သူတဦး ထပ်မံ သေဆုံးခဲ့တာဖြစ်ပါတယ်။ ဦးတင်မောင်တိုးက “ကျနော်ပြောချင်တာကတော့ ရှမ်းပြည်နယ်မှာမကဘူးပေါ့နော်။ တပြည်လုံးမှာ လယ်ယာမြေသိမ်းဆည်းခံရလို့ ဒုက္ခရောက်နေတဲ့ တောင်သူလယ်သမားတွေက အများကြီးလေ။ ကျနော့်အနေနဲ့ သက်ဆိုင်ရာအစိုးရတို့၊ တပ်မတော်တို့ လယ်ယာမြေသိမ်းဆည်းထားသူတွေအနေနဲ့ ကိုယ့်တိုင်းသူပြည်သားလည်းဖြစ်တယ်၊ ကိုယ့်ရဲ့ပြည်ထောင်စုထဲမှာ အတူတူနေတဲ့ တိုင်းရင်းသားလူမျိုးတွေလည်းဖြစ်တယ်။ အဲဒီတော့ ဒီလိုအသက်သေဆုံးတဲ့အထိ ဖြစ်လာရတဲ့ မြေသိမ်းအမှုတွေကို အမြန်ဆုံးစဉ်းစားပြီးတော့လေ ငဲ့ညှာတဲ့အနေနဲ့ ပြန်ပြီးတော့မှ ပေးဖို့ပေါ့ဗျာ၊ စဉ်းစားပေးစေချင်ပါတယ်လို့ ပြောချင်ပါတယ်ဗျာ။ ” ဦးမြင့်အောင်ဟာ မေလ ၂၀ ရက်နေ့မနက်က ရေပူကျေးရွာလမ်းမပေါ်မှာ မိမိကိုယ်ကိုယ် ဓာတ်ဆီလောင်းမီးရှို့ပြီး ဆန္ဒပြခဲ့တာပါ။ ရွာသားတွေက ၀ိုင်းငြှိမ်းသတ်ပြီး  သတိလစ်မေ့မြောပြီး ပြင်းထန်တဲ့ မီးလောင်ဒဏ်ရာရရှိခဲ့တဲ့သူ့ကို တောင်ကြီးမြို့ စပ်စံထွန်းဆေးရုံကို ပို့ဆောင်ပါတယ်။ ဒီကနေ့ မနက် ၁ နာရီမှာ သတိပြန်လည်လာပေမယ့် အခြေအနေအထူးတလည် တိုးတက်လာခြင်းမရှိဘဲ ကွယ်လွန်ခဲ့တာဖြစ်ပါတယ်။ ဦးမြင့်အောင်ဟာ လူပျိုကြီးဖြစ်ပြီး ဒေါ်မော်တို့ မိသားစုနေအိမ်မှာပဲ အတူနေထိုင်သူဖြစ်ပါတယ်။ မေလ ၂၀ ရက်နေ့က သူတို့ ပြောင်းစိုက်ပျိုးထားတဲ့ခြံမှာ  အဆောက်အဦ ၀င်ဆောက်လုပ်ဖို့လုပ်တဲ့ တပ်မတော်သားတွေနဲ့ အခြေအတင်ဖြစ်ခဲ့ပြီးနောက်  စာတစောင်ရေးသားပြီး မီးရှို့ဆန္ဒပြခဲ့တာဖြစ်ပါတယ်။ စာထဲမှာ သူ မခံနိုင်လွန်းတာကြောင့် သူ့ကိုယ်သူ ဓာတ်ဆီလောင်း မီးရှို့တာဖြစ်ကြောင်းနဲ့ ခြံမြေသိမ်းဆည်းဆည်းမှုကို မကျေနပ်ကြောင်းလည်း ရေးသားထားတယ်လို့ သူ့တူမ ဒေါ်မော်ကပြောပါတယ်။ ဒေသခံရွာသားတွေအဆိုအရ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်က ၁၉၉၄ ခုနှစ်မှာ ဒီကျေးရွာအုပ်စုတကြောက ခြံမြေဧကပေါင်း ငါးထောင်ခန့်ကို သိမ်းဆည်းခဲ့ပြီး ခြံရှင်ရွာသားတွေကို သီးစားခယူပြီး ပြန်လုပ်ခွင့်ပြုခဲ့တယ်လို့ဆိုပါတယ်။
7 years Ago

Self-immolation မိမိကိုယ်ကို မီးရှို့ဆန္ဒပြခြင်း

DVB TV News နန်းမြနဒီ = ရှမ်းပြည်နယ်မှ လယ်သိမ်းခံတောင်သူတဦး မိမိကိုယ်ကို မီးရှို့ဆန္ဒပြ အရင် ၂ နှစ်ကလည်း မီဒီယာတခုက မေးခဲ့သေးတယ်။ ကျမက့ ဂျာနယ်ကပါ။ အခုနောက်ပိုင်းမှာ ကိုယ့်ကိုယ်ကိုယ် သတ်သေတဲ့ ဖြစ်ရပ်တွေ အရင်ကထက် ပိုတွေ့နေရပါတယ်။ ဒီလိုအဖြစ်တွေက depression ကြောင့်၊ မြို့ပြရဲ့ တိုးတက်လာတဲ့ လူနေမှုပုံစံကြောင့်ဆိုပြီး ပြောကြပါတယ်။ ဒီဖြစ်ရပ်တွေအပေါ် ဆရာဝန်တယောက်ရဲ့ သုံးသပ်ချက်လေးကို လက်ရှိ မြန်မာနိုင်ငံရဲ့ အခြေအနေနဲ့ ယှဉ်ပြီး ပြောပေးစေချင်ပါတယ်။ ကိုယ့်ကိုယ်ကိုယ် ဘာလို့ သတ်သေကြလဲမှာ အကြောင်းခံအမျိုးမျိုး ရှိတယ်။ ငတ်မွတ် ခေါင်းပါးလွန်းလို့၊ အလိုမတူတာကို အဆုံးစွန်ဆန္ဒထုတ်ပြချင်လို့နဲ့ စိတ်ရောဂါတွေ ဖြစ်တယ်။ အစွန်းရောက်မွတ်စလင်တွေက ကိုယ့်ကိုယ်ကိုယ်အသေခံပြီး သူများတွေကို သတ်တယ်။ သူတို့ကတော့ ဘာသာရေးအာဇာနည် Martyrdom ဖြစ်မယ်လို့ ယူဆလို့ လုပ်ကြတယ်။ ခရစ်ယာန်စစ်သူရဲကောင်းတချို့လည်း လုပ်ခဲ့တယ်။ မဟာယာနနဲ့ ဟိန္ဒူဘာသာတွေ မှာလည်း လုပ်ကြတာရှိတယ်။ ဇာတကဝတ္ထုတွေထဲမှာ ပါတယ်။ ငတ်နေတဲ့ကျားမက သူ့ရင်သွေး ကျားပေါက်လေးတွေကို ပြန်စားတော့မှာကို မြင်တဲ့ မင်းသားဆဗ္ဗဟာ ကျားလေးတွေ အသက်ကယ်ဖို့ သူ့ကိုယ်သူ ကျားစားခံလိုက်တယ်။ တရုတ်ဗုဒ္ဓဘာသာမှာလည်း ရှိတယ်။ ဗီယက်နမ်ခေါင်းဆောင် ငိုဒင်းဒမ် (၁၉၅၅-၁၉၆၃)ဟာ ကက်သလစ်ဘာသာဝင်ဖြစ်ပြီး၊ အများစု ဗုဒ္ဓဘာသာဝင်တွေကို နှိပ်ကွပ်လို့ လူထုနည်း၊ စစ်ရေးနည်းတွေနဲ့ ဆူပူမှုဖြစ်ခဲ့တယ်။ ဘုန်းကြီးတွေက ကိုယ့်ကိုယ်ကိုယ် မီးရှို့ပြီးဆန္ဒပြခဲ့ကြတယ်။ အိန္ဒိယနိုင်ငံမှာ များသောအားဖြင့် စီးပွားရေးကြောင့် ၂ဝဝဝ ခုနှစ်အတွင်း ၁၄၅၁ ယောက်နဲ့ ၂ဝဝ၁ ခုနှစ်မှာ ၁၅၄၈ ယောက် ကိုယ့်ကိုကိုယ် သတ်သေခဲ့တယ်။ ၂ဝဝ၉ ခုနှစ်အတွင်း အနည်းဆုံး တိဘက် ၁၂ဝ ယောက် တရုတ်ကနေ တိဘက်ကို မတရား သိမ်းပိုက်ထားတာကို ဆန့်ကျင်ဆန္ဒပြတဲ့အနေနဲ့ ကိုယ့်ကိုယ်ကိုယ် မီးရှို့ခဲ့တာ လူအယောက် ၄ဝ ကျော် သေဆုံးခဲ့တယ်။ ဆေးပညာ နှစ်စဉ် စက်တင်ဘာလ ၁ဝ ရက်နေ့ဟာ World Suicide Prevention Day ကမ္ဘာ့ကိုယ့်ကိုယ်ကိုယ် သတ်သေခြင်းနေ့ ဖြစ်ပါတယ်။ နိုင်ငံတကာ ကိုယ့်ကိုယ်ကိုယ် သတ်သေခြင်း ကာကွယ်ရေးအဖွဲ့ကနေ ဦးစီးကျင်းပပါတယ်။ တချို့နေရာတွေမှာ ကိုယ့်ကိုယ်ကိုယ် သတ်သေခြင်း ရက်သတ္တပတ်တခုကို ရွေးပြီး ပညာပေးတယ်။ တချို့နိုင်ငံတွေမှာ ကာကွယ်ရေးအတွက် အထောက်အကူပြုအဖွဲ့တွေနဲ့ ကူညီကြတယ်။ အမေရိကန်မှာ ကျန်းမာရေးဌာနတခုကနေ မဟာဗျူဟာ ထုတ်ပြန်ချက်တခုကို ၂ဝဝ၁ တုန်းက ထုတ်ပြန်ခဲ့တယ်။ တကယ် သတ်သေချင်သူဆိုတာ အကူအညီတောင်းလေ့ မရှိပါ။ ကာကွယ်ရေးအတွက် ဖြစ်စေတတ်တဲ့ အခြေခံအကြောင်းတရားကို ကူညီ ဖြေရှင်းပေးနည်းနဲ့ စိတ်ကုသနည်းတွေ ပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ကောက်ချက်အရ နှစ်စဉ် လူ ၁ သန်း သတ်သေနေကြတယ်။ သတ်သေသူနှုန်း လူ ၁ သိန်းမှာ ၁၆ ယောက် ရှိတယ်။ စက္ကန့် ၄ဝ မှာ ၁ ယောက် သတ်သေနေကြတယ်။ လွန်ခဲ့တဲ့ ၄၅ နှစ်အတွင်း သတ်သေမှု ၆ဝ ရာခိုင်နှုန်း တိုးလာတယ်။ အသက် ၁၅နဲ့ ၁၉ နှစ်ကြားလူငယ်တွေမှာ သေဆုံးရခြင်းအကြောင်း ၅ ခုမြောက် ဖြစ်နေတယ်။ တချို့နိုင်ငံတွေမှာ ရှေ့ပိုရောက်တယ်။ ၁၅နဲ့ ၄၅ နှစ်ကြားလူတွေထဲမှာ သတ်သေသူအရေအတွက်ဟာ သေဆုံးမှုအားလုံးထဲမှာ တတိယလိုက်တယ်။ အသက် ၁ဝနဲ့ ၂၄ နှစ်ကြား လူရွယ်တွေက ဒုတိယနေရာ လိုက်တယ်။ ဘာလို့ အဲလို ကိုယ့်ကိုယ်ကို သတ်သေချင်သလဲဆိုတော့ ဒုက္ခဝေဒနာကို လွန်မြောက်ချင်လို့ ဆောက်တည်ရာမရ ဒီနည်းက အကောင်းဆုံးလို့ ထင်မြင်မှတ်ယူရာကနေ သတ်သေတာ ဖြစ်တယ်။ မျှော်လင့်ချက် ကင်းမဲ့မှု၊ ကိုယ့်ကိုယ်ကို အသုံးမကျဘူး၊ မထူးဘူးလို့ ထင်မှတ်မှု၊ အထီးကျန်မှု၊ စတာတွေကိုသာ ထင်မြင်နေမယ်။ စိတ်ရောဂါသည်ထဲက ၁ဝ ရာခိုင်နှုန်းလောက်မှာ အဲလိုဖြစ်နိုင်တယ်။ စိတ်ကျရောဂါက အများဆုံး ဖြစ်ရတယ်။ တရားမဝင်ဆေးသုံးစွဲသူတွေမှာလည်း ဖြစ်တာ မနည်းပါ။ အနောက်နိုင်ငံတွေမှာ စိတ်ဝေဒနာတွေထဲမှာ စိတ်ကျရောဂါနဲ့ အရက်သမားတွေ ဖြစ်တယ်။ အာရှတိုက်မှာတော့ ဗြန်းစားကြီး သတ်သေသူ ပိုများတာ တွေ့ရတယ်။ Lithium ဆေးသုံး ကုသတာက အဖြစ်နည်းတယ်။ ယောက်ျားတွေက သိသိသာသာ ပိုများတယ်။ ကြီးလေပိုများလေ ဖြစ်တယ်။ ကျားမ အချိုးချရင် ၂၂း ၅၊ ၃ဝး ၆၊ ၄၂း ၁ဝ နဲ့ ၅ဝး ၁၆ ရှိတယ်။ မြန်မာနိုင်ငံ ကိုယ့်ကိုယ်ကိုယ် သတ်သေတာ ခိုင်မာတဲ့ကိန်းဂဏန်း မရှိသေးပါ။ သေဆုံးမှု ကိန်းဂဏန်းသာ မရှိတာ၊ ကိုယ့်ကိုယ်ကို သတ်သေစေနိုင်တဲ့ အကြောင်းရင်းခံတွေက များလွန်းပါတယ်။ စိတ်ဓာတ်ကျမှုဆိုတာ စီးပွားရေး၊ လူမှုရေးကို အခြေခံတယ်။ စီးပွားရေးနဲ့ လူမှုရေးမှာ သောကများစရာတွေ ရှိတယ်။ စီးပွားရေးမကောင်းသူအရေက အလွန်များနေတယ်။ မြို့ပြဖြစ်စဉ်အရ မြို့ကို တက်ပြီး အလုပ်အကိုင် အခွင့်အလမ်းရှာလာကြတော့ မြို့ပြယဉ်ကျေးမှုနဲ့ အထာမကျသူတွေမှာ စိတ်ဆင်းရဲကြရတယ်။ ခေတ်သဘောအရ အပြင်ကနေလာတဲ့ ယဉ်ကျေးမှု၊ အတုမြင်အတတ်သင်၊ လူသုံးကုန်ပစ္စည်း၊ ဖျော်ဖြေရေး နည်းသစ်တွေကနေ လူငယ်တွေကို လွှမ်းမိုးစေတယ်။ သားသမီး လူငယ်လူရွယ်တွေကို ထိန်းမရတာကြောင့်လည်း မိဘအရွယ်တွေမှာ စိတ်ဝေဒနာ ရစေတယ်။ အရက်နဲ့ မူးယစ်ဆေးဟာလည်း စံတင်လောက်အောင် များပြား လွယ်ကူပြီး၊ သောက်သုံးသူနဲ့ စွဲနေသူ အရေအတွက်ဟာ ရင်လေးစရာကောင်းလောက်အောင် ဆိုးဝါးတယ်။ ပညာရေးမှာ စာရိတ္တကိုပါ ထည့်သင့်တယ်။ စီးပွားရေး တိုးတက်ဖို့ လုပ်ရာမှာ လူအများစုကို ကြည့်သင့်တယ်။ လူမှုအဖွဲ့အစည်းတွေထဲမှာ ပေါ်ပင် အန်ဂျီအိုအကြိုက် လိုက်နေတာ တွေကနေ လူအများကို အကျိုးပြုတာမျိုး လုပ်သင့်ကြပါတယ်။ ဘာသာရေးမှာ တမလွန်နဲ့ သံသရာအကျိုးနဲ့ အတူ ပစ္စုပ္ပန် ဒုက္ခကိုပါ တည့်မတ်ထိန်းကြောင်းပေးသင့်တယ်လို့ ထင်မြင်ပါတယ်။ ဒီသုံးသပ်ချက်ကိုရေးခဲ့တာ ၁၃-၉-၂ဝ၁၃ နေ့က ဖြစ်ပါတယ်။ ထေရဝါဒ ဗုဒ္ဓဘာသာဝင်တွေနေတဲ့ မြန်မာပြည်မှာ နိုင်ငံရေး ဖိနှိပ်မှုအတွက် မိမိကိုယ်မိမိ မီးရှို့ဆန္ဒပြခြင်းဟာ အခုအစိုးရ လက်ထက်မှာစတယ်လို့ မှတ်တမ်းတင်ပါတော့မယ်။ ဒေါက်တာတင့်ဆွေ
7 years Ago

တပ်သိမ်းမြေပြန်ရရေး မီးရှို့ဆန္ဒပြတောင်သူ အဖိုးအို သတိပြန်လည်လာ - ဒေါ်မော်

မြန်မာ့တပ်မတော်က သိမ်းဆည်းယူငင်ထားတဲ့ တောင်ယာခြံမြေတွေကို ပြန်ပေးဖို့ မိမိကိုယ်ကိုယ် မိမိမီးရှို့ဆန္ဒပြတဲ့ ရှမ်းပြည်နယ်တောင်ကြီးမြို့ ကွန်လုံကျေးရွာအုပ်စု ရေပူကျေးရွာက တောင်သူ ဦးမြင့်အောင် (အသက် ၆၃) ဟာ သတိရလာပြီလို့ သူ့ရဲ့ တူမ ဒေါ်မော်က ပြောပါတယ်။ သူတို့စိုက်ပျိုးထားတဲ့ခြံမှာ တပ်မတော်သားတွေက အဆောက်အဦဆောက်လုပ်ဖို့ အခြေအတင်ဖြစ်ခဲ့ပြီးနောက် ဦးမြင့်အောင်ဟာ မနေ့မနက် ၇ နာရီလောက်က ရေပူရွာက အိမ်ရှေ့လမ်းမပေါ်မှာ မိမိကိုယ်မိမိ ဓာတ်ဆီလောင်း မီးရှို့ ဆန္ဒပြခဲ့တာဖြစ်ပါတယ်။ ရွာသားတွေ မီးငြှိမ်းသတ်ပြီး ဒဏ်ရာပြင်းထန်ကာ သတိလစ်မေ့မြောနေတဲ့ သူ့ကို တောင်ကြီးမြို့ စပ်စံထွန်းဆေးရုံကို ပို့ဆောင်ကုသနေပါတယ်။ ဒီမနက် ၁ နာရီမှာတော့ ဦးမြင့်အောင် သတိပြန်လည်လာတယ်လို့ ဆေးရုံကို ရောက်ရှိနေတဲ့ ဦးမြင့်အောင်ရဲ့ တူမ ဒေါ်မော်က ပြောပါတယ်။ ဒေသခံရွာသားတွေ အဆိုအရ ၁၉၉၄ ခုနှစ်မှာ ဒီကျေးရွာအုပ်စုတကြောက ခြံမြေဧကပေါင်း ၅ ထောင်လောက်ကို အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်က သိမ်းဆည်းခဲ့တာလို့ ဆိုပါတယ်။ ဦးမြင့်အောင်ရဲ့ တူမ ဒေါ်မော်ကို မေ ၂၂ ရက်နေ့ မနက် ၁၀ နာရီမှာ ဆက်သွယ်မေးမြန်းထား ပါတယ်။ ဦးမြင့်အောင် ကျန်းမာရေးအခြေအနေ ဘယ်လိုရှိသလဲအစ်မ။ “ဒီမနက် အခြေအနေကတော့ သတိတော့ရပြီ။ ဒါပေမယ့် သိပ်ပြီးတော့မထူးပါဘူး (ငိုသံနဲ့ ပြောဆို)။ ဒီမနက် ၁ နာရီလောက်ကရတယ်တဲ့။” စကားပြောနိုင်လား။ “မပြောနိုင်ဘူး။” မျက်စိကော မြင်ရလား။ ဘယ်လိုရှိလဲ။ “အခုချိန်ထိ (မနက် ၁၀ နာရီ) မှိတ်နေတုန်းပဲ။” စိတ်မကောင်းဖြစ်ရပါတယ်အစ်မ။ ဦးမြင့်အောင် တယောက်တည်း ဖြစ်တယ်ဆိုတာထက် သိမ်းဆည်းခံ လယ်သမားတွေနဲ့ပါ သက်ဆိုင်တဲ့ကိစ္စဖြစ်တော့ ဘယ်လိုဖြစ်တယ်ဆိုတာ ပြောပြပါလားအစ်မ။ “အစ်မတို့ စစ်တပ်ကနေ သိမ်းထားတဲ့မြေပေါ့နော်။ သိမ်းစဉ်အခါတုန်းက အစ်မတို့မြေတွေက မပါဘူး။ နောက် ဗိုလ်ကြီးတင်စိုး လက်ထက်မှာမှ အကုန်သိမ်းဆိုပြီး အစ်မတို့မြေတွေကို သိမ်းလိုက်တာပါ။ သိမ်းပြီးတဲ့အခါကျတော့ အစ်မတို့မြေမှာ အစ်မတို့က သီးစားခပေးပြီးတော့မှ အခုချိန်ထိ လုပ်အားတွေပေးပြီးတော့မှ အခုချိန်ထိလုပ်နေရတုန်းပေါ့။ နောက်ပိုင်းကျတော့ သီးစားခငွေ ၁ ဧကကို ၁ သောင်းနှုန်းနဲ့ ပေးပြီးတော့မှ လုပ်နေရတယ်ပေါ့။ အခု အစ်မတို့ စိုက်ပျိုးပြီးထားတဲ့ မြေထဲကို သူတို့ရဲ့ အဆောက်အဦလာဆောက်မယ်ဆိုတဲ့အခါကျတော့ အစ်မတို့ တောင်သူတွေက အဆောက်မခံနိုင်တော့ဘူးပေါ့။ ကျမတို့ ကျနော်တို့ စိုက်ထားတဲ့အခါကျတော့ ပေးမဆောက်ဘူးဆိုပြီးတော့ ဖြစ်တာပေါ့နော်။ အဲဒါနဲ့ အစ်မတို့ အဲဒီမှာပဲ တညလုံးစောင့်ပြီးတော့ စစ်သားတွေကလည်း အစ်မတို့နားမှာ သူတို့လည်း အစ်မတို့ပြန်ရင် သူတို့ ၀င်ဆောက်မယ်ဆိုတဲ့ သဘောမျိုးနဲ့ နေနေတာ သူတို့လည်း ဆယ်နာရီခွဲ (ည) မှပြန်တယ်။ အစ်မတို့ တောင်သူတွေကတော့ မိုးလင်းမှ ပြန်ကြတာပေါ့။ အဲဒါမှာ အစ်မတို့ရဲ့ ဦင်္းလေး ဦးမြင့်အောင်ကနေပြီးတော့မှ ကိုယ့်ကိုယ်ကိုယ် ဓာတ်ဆီလောင်းပြီးတဲ့အခါကျတော့ စာလည်းရေးခဲ့တယ်ပေါ့နော်။ သူ မခံနိုင်လွန်းလို့မို့လို့ သူ့ကိုယ်သူ ဓာတ်ဆီလောင်းပြီး မီးရှို့တာပေါ့နော်။ (ဦးမြင့်အောင်က ရွာကအိမ်ကနေ ထွက်ပြီး လမ်းမမှာ မီးရှို့ခြင်းဖြစ်) သူ အဲလိုမျိုးဖြစ်တော့ အစ်မတို့က ခြံထဲမှာ ရောက်နေတဲ့အခါကျတော့ ဖြစ်တာလည်း အစ်မတို့က မသိဘူးပေါ့နော်။” လူနာအခြေအနေကို ဘယ်လိုမျိုးမြင်ရလဲ။ ဒဏ်ရာက တော်တော်များလား။ “ဒဏ်ရာက မောင်လေး တကိုယ်လုံး။ အကုန်လုံးပဲ။ မျက်နှာတွေကနေမှ ခြေထောက်အကုန်လုံးပဲ။ ဘယ်လိုခေါ်မလဲ တနေရာမှ မကျန်တော့ဘူး။” စစ်သားတွေက တမြန်နေ့ (မေ ၂၀) တုန်းက သူတို့ဘားတိုက် အဆောက်အဦဆောက်ဖို့ သစ်တွေ၊ သွပ်တွေလာပုံတယ်လို့ ကြားရပါတယ်။ အဲဒီမှာ အစ်မလည်းရှိနေတယ်ဆိုတော့ ခြံထဲကို ဘယ်လိုလာပြီး ဘာတွေပုံလဲ ပြောပြပါလား။ “ဟုတ်ပါတယ်။ သစ်တွေဆိုတာလည်း သစ်တွေမဟုတ်ဘူး။ သွပ်အစုတ်တွေနဲ့ သစ်အစုတ်တွေ လာပုံထားတာပါ။ ထော်လာဂျီတစီးလာချသွားတာပါ။” လာတဲ့စစ်သားက ဘယ်နှယောက်လဲ။ ဘယ်သူတွေပါသေးလဲ။ “ဗိုလ်ကြီးဝင်းထွန်းအောင်နဲ့ သူ့ရဲ့စစ်သားတွေပေါ့။ နောက်တခါ သူတို့ရဲ့စစ်သားထဲမှာ အရပ်သား ဟို လစာပေးပြီး ခန့်ထားတဲ့ လူတွေရောပေါ့။ အစ်မတို့ဆီလာတုန်းက ဆယ်ယောက်။” အဲဒီခြံထဲမှာ အစ်မတို့နဲ့ စစ်သားတွေအကြား အခြေအတင်အငြင်းပွားတယ်လို့သိရတယ်။ အမတို့က ဘာတွေပြောလဲ။ သူတို့က ဘာတွေပြောလဲ။ “အခြေအတင်ဆိုတာလည်း ကျမတို့က စိုက်ပြီးသားမို့လို့ပေါ့နော် ကျမတို့ခြံထဲကို ပေးမဆောက်နိုင်ဘူး။ ဗိုလ်ကြီးကလည်း ကျနော်တို့ကလည်း လုပ်စရာရှိလို့ ကျနော်တို့လုပ်တာပေါ့။ ဆက်ဆောက်ရမှာပဲ။ နောက်တခါ ဗိုလ်ကြီးကနေပြီးတော့ ကျမကို ပြောသွားသေးတယ် ‘အစ်မတို့စိုက်ထားတာကို ကျနော်တို့က ထယ်ပြီးတော့ ပြန်စိုက်မှာပေါ့၊ သူက အဲလိုမျိုးလည်း ပြောသွားသေးတယ်။” အစ်မတို့ အရင်တုန်းက သီးစားခပေးနေရာကနေ ၂၀၁၃ ကစပြီး သီးစားခမပေးဘဲ စိုက်စားခွင့်ပြန်ပေးတယ်မဟုတ်လား။ “ဟုတ်တယ်။” ဒါဆို အခု ဖယ်ပြီး တပ်က ထယ်ထိုးပြီးပြန်စိုက်မယ်ဆိုတဲ့ ပုံစံအရဆို လုပ်ခွင့်ပြန်သိမ်းတယ်ဆိုတဲ့ သဘောပေါ့။ “အခုတော့ ဘယ်လိုလည်း မသိသေးပါဘူး။ မနေ့ကတော့ စခန်းမှူးတွေ ဘာတွေရောက်လာတယ်လေ။ တောင်သူတွေကလည်းပေါ့လေ ကိုယ့်အိမ်ကိုယ်ပြန်နေပါ။ ပြီးတော့ ဒီအဆောက်အဦကိုလည်း သူတို့ မဆောက်တော့ပါဘူးပေါ့။ နောက်တခါ ခြံကိုလည်း သူတို့ မဖျက်ဆီးတော့ပါဘူးဆိုပြီးတော့ သူတို့ အထက်မှာ ညှိနှိုင်းပြီးတော့ လုပ်နေတယ်တဲ့။ အခု အစ်မတို့ရဲ့ခြံဘေးမှာ တိုးမီးယားအပိုင်ဆိုတာရှိသေးတယ် တောင်သူပိုင်မြေပဲ။ အဲဒီထဲမှာ အခု အဆောက်အဦ ၂ လုံးဆောက်နေတယ်တဲ့။ ကျမ ဒီဆေးရုံ (စပ်စံထွန်း) ရောက်တော့ နောက်ကနေ ဖုန်းလှမ်းဆက်တာပေါ့။ စစ်တပ်က ထပ်လုပ်နေတယ်တဲ့။” အစ်မတို့ခြံမှာ မလုပ်ဘဲနဲ့ ဒီပြင်ခြံမှာ သွားလုပ်ပြန်ပြီလား။ “ဟုတ်တယ်၊ ဟုတ်တယ်။” အစ်မတို့ခြံကို တပ်မတော်ကသိမ်းတာ ဘယ်နှဧကလဲ။ ရှစ်ဧကခွဲလို့ကြားလို့။ “အဲဒါက အစ်မရဲ့အဖေက ရှစ်ဧက။ အစ်မက ခြောက်ဧက။ သားအဖ ၂ ယောက်ပေါင်းရင် ၁၄ ဧကပေါ့။” အဲဒီသိမ်းဆည်းဧကတွေ ပြန်ရပြီလား။ “အခုချိန်ထိ အတိအလင်းမရသေးဘူး။” အစ်မတို့ခြံဘေးက ဆောက်တယ်ဆိုတော့ အဲဒီခြံပိုင်ရှင်က ဘယ်သူလဲ။ “အဲဒီခြံတွေက ဦးစိန်ဝင်းတို့၊ ဦးအောင်ဝင်းတို့။ အဲဒီခြံတွေထဲမှာ ၀င်ဆောက်နေတယ်။” ဘယ်သူက ဆောက်တာလဲ။ “စစ်တပ်ကပဲ၊ စစ်တပ်ကပဲ။” အဲဒီလူတွေကရော ဘာမှ မပြောကြဘူးလား။ “သူတို့လည်း မသိလို့လား ဘာဖြစ်လို့လည်းမသိဘူး။ သူတို့တော့ သွားမတားဘူးထင်တယ်။ အခုကတော့ အဆောက်အဦက ဆောက်ပြီးသွားပြီလို့ အစ်မကို ဖုန်းဆက်တယ်လေ။” သူတို့က ဖြစ်ရုံ တိုင်ထောင်အမိုးမိုးလိုက်တဲ့သဘောလား။ “ဟုတ်တယ်။ သစ်ကလည်း သစ်အစုတ်အပြတ်သတ်တွေ။ အမိုးဆိုတာလည်း အစုတ်အပြတ်အသတ်တွေနဲ့ လာဆောက်တာ။ သစ်အသစ်တွေလည်း မဟုတ်ဘူး။ သွပ်အသစ်တွေလည်း မဟုတ်ဘူး၊ အဲလိုမျိုးလာလုပ်တာ။” ပထမ စမ်းပြီးတော့ တိုင်လေးထောင်တယ်။ ပြောရင် ပြဿ နာတက်ရင် မလုပ်ဘူး။ မပြောရင် မတားရင် ဆက်လုပ်တယ် အဲဒီသဘောပေါ့နော်။ “အဲလိုမျိုးလားမသိပါဘူး။ အစ်မကလည်း အခု တောင်ကြီးရောက်နေတယ်။ အဲဒီအခြေအနေက ကောင်းကောင်းမသိဘူး။” မီးရှို့တဲ့ ဦးမြင့်အောင်က အစ်မနဲ့ ဘာတော်လဲ။ “အစ်မရဲ့ ဦးလေးအရင်းပါ။ အစ်မတို့က ရေပူရွာမှာပဲနေတာ။ ရေပူရွာမှာပဲ မွေးတာ။” လယ်ခြံတွေသိမ်းခံရတော့ သီးစားခ ၁ ဧကကို ၁ သောင်း စစ်တပ်ကို ပြန်ပေးရတယ်နော်။ အစ်မဆို ၆ ဧကကို ၆ သောင်း၊ အစ်မဖေဖေက ၈ ဧကကို ၈ သောင်း ပေးရတာပေါ့။ “ဟုတ်တယ်။” အစ်မတို့ လယ်ခြံတွေ သိမ်းခံရတော့ အစ်မတို့ဘ၀ကို ဘယ်လိုထိခိုက်နစ်နာစေသလဲ။ “အော်၊ မောင်လေးရယ် အစ်မတို့ တောနေလူတန်းစားက မြေရှိမှ လုပ်စားတတ်တာလေ။ အစ်မတို့ဆိုတာ အရောင်းအ၀ယ်ဆိုတာလည်း မတတ်ဘူး။ ဟုတ်တယ်မဟုတ်လား။ ၀န်ထမ်းမဟုတ်ဘူးလေ။ တောနေလူတန်းစားဆိုတော့ တောင်သူပဲ လုပ်စားတတ်တာပေါ့။ တောင်သူလုပ်မစားတဲ့အခါကျတော့ စီးပွားရေးတွေ၊ အစ်မတို့သားသမီးရဲ့ပညာရေးတွေ၊ အစ်မတို့ရဲ့ လူမှုရေးတွေ အကုန်လုံးပျက်စီးကုန်တာပေါ့ မောင်လေးရဲ့။" သမ္မတဦးသိန်းစိန်တက်လာတော့ သိမ်းထားတဲ့လယ်တွေပြန်ပေးဖို့ လွှတ်တော်ကဆုံးဖြတ်ပြီး ပြန်ပေးတာတွေလည်းရှိတယ်။ အစ်မတို့က ပြန်မရဘူးလား။ “အစ်မတို့ဆီမှာတော့ အခုချိန်ထိ မရဘူးမောင်လေးရဲ့။ အစ်မတို့လည်း အကြိမ်ကြိမ်အခါခါ စာတင်တာပဲ။ အခုချိန်ထိ မရသေးဘူး။” စစ်တပ်က လယ်ခြံတွေ သိမ်းပြီး ဘာလုပ်ကြတုန်း။ မူလပိုင်ရှင်တွေကို ပြန်သီးစားချတာသက်သက်ပဲလား။ “အဲလိုမျိုးပေါ့။ တောင်သူတွေပဲ ပြန်ပြီးတော့ ခိုင်းတယ်။ နောက်တခါ သူတို့က နီးစပ်ရာ ကုမ္ပဏီတွေကို ခန့်စားတာလား၊ ရောင်းစားတာလားတော့ အစ်မတို့ မသိဘူး။ အဲဒီမှာ ကုမ္ပဏီတွေရှိတယ်။ တိုးနီးရားရှိတယ်။ မြတ်နဒီရှိတယ်။ စီပီကြက်ခြံရှိတယ်။ နတလ ဦးမြင့်နိုင်ရှိတယ်။ ကုမ္ပဏီတွေကို ခန့်ပြီးတော့မှ လာလုပ်စားတာလား။ ရောင်းစားတာလားတော့ မသိဘူး။ အခု မြတ်နဒီကတော့ သူတို့က ရောင်းစားထားတာတော့ သေချာသိတယ်။” တခြားဒေသတွေမှာ သိမ်းဆည်းခံရတဲ့ လယ်ယာမြေတွေပြန်လည်ရရှိဖို့အတွက် ထွန်တုံးတိုက်ပွဲတွေ လုပ်တာရှိတယ်။ အစ်မတို့ဘက်မှာရော အလားတူ ကိုယ့်လယ်ကိုယ် အတင်းဝင်စိုက်တာမျိုး လုပ်ဆောင်တာမျိုးရှိကြလား။ “အဲလိုတော့ မလုပ်ကြဘူးလေ။ အစ်မတို့တောင်သူတွေက ဘယ်လိုမျိုးခေါ်မလဲ အကြောက်တရားတွေလည်းရှိကြတယ်။ ကိုယ့်ဝမ်းစာအနေနဲ့လည်း အစ်မတို့တွေက တွန်းတွန်းတိုက်တိုက်တွေလည်း မလုပ်ပါဘူး။ ကိုယ့်ဟာလေးကို ကိုယ်လုပ်ရရင်ပြီးရောဆိုတဲ့ စိတ်မျိုးလေးတွေပဲရှိတယ် တောင်သူတွေကတော့။ တောင်သူတွေက ရိုးသားတယ်လေ၊ ဘာအသိဉာဏ်မှလည်း သိပ်မရှိဘူးလေနော်။ အဲလိုမျိုးဆိုတဲ့အခါကျတော့ တောင်သူတွေက ကိုယ့်ဟာလေးကို လုပ်စားရရင်ပြီးရော လုပ်မယ်ဆိုတဲ့ဆန္ဒလောက်ပဲရှိတယ်။ ကျန်တာကတော့ ဘာမှန်းမသိပါဘူး။” လယ်ယာမြေပြန်ပေးရေး လုပ်ဆောင်သူတွေ ကြုံရတာကို ပြန်ပြောပြရာမှာ အထောက်အထားတွေမရှိတာကြောင့် ပြန်ပေးဖို့ စိစစ်ဖို့ ခက်တယ်ဆိုတာမျိုး တွေပါရှိတော့ - အစ်မတို့ဆီက စစ်တပ်က သိမ်းတဲ့မြေတွေ ခြံတွေက ဘိုးဘွားပိုင်မြေလား၊ ဓားမဦးချလား၊ ဂရမ်ပိုင်မြေလား။ ဘယ်အမျိုးအစားထဲပါကြလဲ။ “အစ်တို့ဆီမှာ တချို့ဆိုလို့ရှိရင် ပြေစာလေးတွေရှိတယ်။ နိုင်ငံတော်ကို အခွန်ဆောင်ထားတဲ့ ပြေစာလေးတွေ။ တချို့ကျတော့လည်း ဓားမဦးချ။ များသောအားဖြင့် အစ်မတို့ဆီမှာက ဓားမဦးချတောင်သူတွေပဲ ဆိုတဲ့အခါကျတော့ ကိုယ့်ယာကိုယ်လုပ်စားရရင်ပြီးရော၊ ဒါတွေ နားမလည်ဘူးလေ။ နောက်ပြီးတော့ မြေတိုင်းစာရေးတွေ ဘာညာဆိုတာလည်း လိုက်လံမဆောင်ရွက်ပေးတဲ့အခါကျတော့ ဒါတွေက မရှိဘူးပေါ့မောင်လေးရယ်။” သိမ်းဆည်းခံရတဲ့ မြေတွေက လယ်လား ခြံလား ဘာတွေစိုက်ကြလဲ။ “ခြံတွေပါ။ ပြောင်းတို့၊ ပဲစဉ်းငုံတို့၊ နေကြာတို့ စိုက်ကြတယ်။” ခြံတွေကို သိမ်းပြီး စစ်တပ်က ခြံရှင်တောင်သူတွေကို သီးစားပြန်ချတယ်။ ဆိုတော့ စစ်တပ်က ခြံထွက်ထုတ်ကုန်တွေကို ကုန်ထုတ်လမ်းတွေဖောက်ပြီး ဈေးကွက်ထဲ လွယ်လွယ်ကူကူ ရောက်အောင် ကူညီတာလိုမျိုး ကူညီဆောင်ရွက်သလား။ “အဲလိုကတော့ မရှိဘူး။ အစ်မတို့ဆီမှာ ပွဲရုံတွေရှိတယ်။ ပွဲရုံတွေမှာ အစ်မတို့က တောင်သူလုပ်မယ်ဟေ့ဆို တချို့တောင်သူတွေက ငွေမရှိဘူးပေါ့နော်။ များသောအားဖြင့် တောင်သူ ၁၀ ဦးဆိုလို့ရှိရင် ၉ ဦးလောက်ကတော့ ငွေမရှိရှာပါဘူး။ ပွဲစားတွေနားက မြေသြဇာယူ၊ မျိုးယူ၊ သီးနှံပေါ်မှ ပြန်ဆပ် အဲလိုမျိုးနဲ့ ဘ၀ကို ရုန်းကန်နေကြတာပါ။” တောင်သူ ဦးမြင့်အောင် မိမိကိုယ်မိမိ မီးရှို့သတ်သေရလောက်အောင် တောင်သူတွေရဲ့ ရင်ထဲမှာ ဖိစီးနေကြလား။အစ်မလည်း ခြံသိမ်းခံ တောင်သူတဦးဆိုတော့လေ။ “ဘယ်လိုမျိုးခေါ်မလဲ သူကပေါ့နော်၊ မိသားစုမှာ အခက်အခဲတွေချည်းပဲပေါ့၊ အမျိုးမျိုးရင်ဆိုင်နေရတယ်ဆိုတဲ့အခါကျတော့ သူက သူ့ကိုယ်သူ နာကြည်းပြီးတော့ အဲလိုမျိုးပေါ့ နော် ‘နေတာထက်စာရင် သေတာကမှ ကောင်းဦးမယ်‘ ဆိုပြီး လုပ်လိုက်တဲ့သဘော နေမှာပါ။ အစ်မတွေးကြည့်တော့နော်။” အစ်မတို့ မိသားစုမှာ ဘယ်နှယောက်ရှိလဲ။ “ခြောက်ယောက်ရှိတယ်။” ဦးမြင့်အောင်ဒဏ်ရာတွေကို ဓာတ်ပုံထဲမှာ ငှက်ပျောရွက်တွေပတ်လျက် တွေ့ပါတယ်။ သူ ဒဏ်ရာသက်သာရင် အလုပ်ပြန်လုပ်နိုင်ပါတော့မလား။ သူ့မိသားစုအတွက်။ “မောင်လေးရေ အစ်မတို့ကတော့လေ အကောင်းပကတိ မဖြစ်နိုင်တော့ဘူးမောင်လေးရဲ့။ သူက တော်တော်ကြီးကို အခြေအနေဆိုးတာဆိုတော့လေ။ မဖြစ်နိုင်လောက်တော့ပါဘူး။ သူက အစ်မတို့နဲ့ပဲနေတာပါ။ အစ်မတို့ မမွေးခင်ကတည်းက အဖေတို့၊ အစ်မမတို့နဲ့။
7 years Ago
Up