တပ်သားသစ်စုဆောင်းမှုများ ရှိနေ

January 6, 2017

ရှမ်းပြည်တပ်မတော်တောင်ပိုင်းအဖွဲ့က တပ်သားသစ်စုဆောင်းမှုများ ရှိနေ

ရှမ်းပြည်နယ်တောင်ပိုင်း နမ့်စန်နဲ့ မိုးနဲမြို့နယ်မှာ အန်စီအေအပစ်ရပ်စာချုပ် လက်မှတ်ထိုး ထားတဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ ရှမ်းပြည်တပ်မတော်တောင်ပိုင်း (RCSS/SSA) လက်နက်ကိုင်တပ်ဖွဲ့က တပ်သားသစ်စုဆောင်းလို့ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဇန်နဝါရီ ၃ ရက်နေ့က မိုးနဲမြို့နယ် နားခံရပ်ကွက်က လူ၁၀ယောက်ကို  (RCSS/SSA) တပ်ဖွဲ့တပ်ခွဲ(၃) တပ်စုဆောင်းမှုအတွက် ထည့်ပေးလိုက်ရတယ်လို့ အမည်မဖော်လိုတဲ့ ဒေသခံတွေက ပြောပါတယ်။ "နမ့်စန်၊ မိုးနဲဒေသမှာနေထိုင်တဲ့ တိုင်းရင်းသားတွေရဲ့စာရင်းဟာ (RCSS/SSA) တပ်ဖွဲ့ဆီမှာ အကုန်ရှိတယ်။ အမည်နဲ့တကွ လူသစ်တောင်းလာတယ် ထွက်မပြေးရင် ရှောင်လို့မရဘူး”လို့ ဒေသခံတဦးကပြောပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး  (RCSS/SSA) ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူးကြီးစိုင်းငင်းကို မေးမြန်းရာမှာ “ဌာနချုပ်မှာစစ်သားသစ် စုဆောင်းတဲ့ ပေါ်လစီမရှိဘူး၊ ရွာသားတွေ ထင်မြင်မှားတာလည်း ဖြစ်နိုင်တယ်။ ကျနော်တို့အဖွဲ့အောက်ခြေက အစီရင်ခံစာလည်း မတက်လာဘူး ဒီလောက်ဘဲ အတည်ပြု ပြောနိုင်တယ်လို့" ပြောပါတယ်။ နမ့်စန်၊ မိုးနဲဒေသမှာ ရှမ်း၊ ပလောင်၊ ပအိုဝ်း၊ လီဆူစတဲ့ တိုင်းရင်းသားတွေ နေထိုင်ကြပါတယ်။ နှစ်စဉ် စစ်သားစုဆောင်းမှုကြောင့် ထိုင်းနိုင်ငံကို ထွက်ပြေးတိမ်းရှောင် သွားသူတွေရှိသလို နီးစပ်ရာဆွေမျိုးရှိတဲ့ တခြားမြို့ကိုလည်း ထွက်ပြေး တိမ်းရှောင်တဲ့အတွက် အဲဒေသမှာ လူငယ်နဲ့ လူလတ်ပိုင်းတွေနည်းပါးနေတယ်လို့သိရပါတယ်။ သတင်း - ခွန်ရာဇာ
5 years Ago
Up