လူစီဖာ အပူလှိုင်းကြောင့် ဥရောပ ၁၀ နိုင်ငံမှာ အမြင့်ဆုံး တပ်လှန့် သတိပေးချက် ထုတ်ပြန် ထားရပါတယ်။
ဥရောပ တောင်ပိုင်းနဲ့ အရှေ့ပိုင်းတလွှားမှာ သြဂုတ် ၄ ရက်နေ့က လူစီဖာလို့ နာမည်ပေးထားတဲ့ အပူလှိုင်း ဖြတ်သန်းခဲ့လို့ ၄၀ ဒီဂရီ စဲလ်စီးယပ်စ် ဒါမှမဟုတ် ၁၀၄ ဒီဂရီ ဖာရင်ဟိုက်ထိ အပူချိန် မြင့်တက်ခဲ့ပါတယ်။
အပူလှိုင်းကြောင့် တောမီးတွေ လောင်ပြီး မိုးလေဝသ သတိပေးချက် ထုတ်ပြန်ခဲ့ရတာပါ။ ကောက်ပဲ သီးနှံတွေလည်း ပျက်စီးခဲ့ပါတယ်။
ဆားဘီးယား ဘော့စ်နီးယား မက်ဆီဒိုးနီးယားနဲ့ ခရိုအေးရှား နိုင်ငံတွေက မီးသတ်သမားတွေ တောမီးတွေကြောင့် အလုပ်များနေပါတယ်။
ဒေသခံတွေ အိမ်ထဲမှာပဲ နေကြဖို့နဲ့ ရေတွေ အိမ်ထဲမှာ ပိုလှောင်ထားကြဖို့ အာဏာပိုင်တွေက အကြံပြုထားပါတယ်။
လာမယ့် သီတင်းပတ်မှာလည်း အပူချိန်က ၄၀ ဒီဂရီ စဲလ်စီးယပ်စ် အထက်မှာ ဆက်ရှိနေဖို့ မျှော်လင့်ထားပါတယ်။
အပူလှိုင်းဒဏ်ကို အီတလီနဲ့ ဘောလ်ကန် ဒေသနိုင်ငံတွေက အဆိုးရွားဆုံး ခံခဲ့ရတာပါ။ ကမ္ဘာ့ မြောက်ဖျားပိုင်းဖြစ်တဲ့ ပိုလန်နိုင်ငံ တောင်ပိုင်းမှာပါ ပုံမှန် မဟုတ်ဘဲ အပူချိန် တိုးခဲ့တာပါ။

ဥရောပ မိုးလေဝသဌာန မီတီယိုအလန်းမ်က ဥရောပ ၁၀ နိုင်ငံအတွက် အမြင့်ဆုံး အဆင့်ဖြစ်တဲ့ အနီရောင်အဆင့် မိုးလေဝသ သတိပေးချက်ထုတ်ပြန်ခဲ့ပါတယ်။
အပူလှိုင်းနဲ့ မိုးခေါင်မှုကြောင့် စိုက်ပျိုးရေး ထုတ်ကုန်တဝက်နီးပါးထိ အထွက် လျော့ကျခဲ့တယ်။
ဒါဟာ တိုင်းပြည် စီးပွားရေး ၁၀ ရာခိုင်နှုန်း ထိ နစ်နာဆုံးရှုံးစေတယ်လို့ ဘော့စ်နီးယား အရာရှိတွေက ပြောပါတယ်။
ဆားဘီးယား အစိုးရကလည်း အလားတူ အခြေအနေကို အစီရင်ခံထားပါတယ်။ မိုးခေါင်မှုကြောင့် နိုင်ငံတွင်း ပြောင်းနဲ့ ပဲပုပ်စေ့ အထွက် ၃ ပုံတပုံ လျော့ကျနိုင်တယ်လို့ ပညာရှင်တွေက ပြောပါတယ်။
ခရိုအးရှားမှာလည်း အပူလှိုင်းကြောင့် ခရီးသွား ရာသီမှာ လျှပ်စစ်ဓာတ်အား မလုံလောက် ဖြစ်နေပါတယ်။ ဒါကြောင့် ကုန်ဈေးနှုန်းစံချိန်တင် မြင့်မားခဲ့တယ်လို့ အရာရှိတွေက ပြောပါတယ်။
အီတလီ နိုင်ငံရဲ့ မြို့ ၂၆ မြို့မှာ အပူဒဏ် အန္တရာယ် သတိပေးချက်ကို အနီရောင် အဆင့် တပ်လှန့် ထုတ်ပြန်ထားပါတယ်။
ကမ္ဘာလှည့် ခရီးသည်တွေကြား ရေပန်းစားတဲ့ ဖလောရင့်စ် ရုမ်းဗင်းနစ်စ်နဲ့ ဗေရိုနာ မြို့တွေလည်း ပါဝင်ပါတယ်။
ရုမ်းမြို့က ရေပန်းတွေဟာ ကမ္ဘာလှည့် ခရီးသည်တွေ ရေစိမ်စရာ နေရာတွေ ဖြစ်ကုန်တာ မြင်ရပါတယ်။
အီတလီနိုင်ငံရဲ့ အစိတ်အပိုင်း အတော်များများဟာ အပူချိန်ဟာ ၄၀ ဒီဂရီ စဲလ်ဆီးယပ်စ်မှာ တနင်္လာနေ့ထိ ဆက်ရှိနေမယ်လို့ မိုးလေဝသ ပညာရှင်တွေက ဟောကိန်း ထုတ်ထားပါတယ်။
နိုင်ငံတောင်ပိုင်း စာဒီးနီးယားမှာတော့ ၄၂ ဒီဂရီ ဆဲလ်စီးယပ်စ်ထိ မြင့်တက်မယ်လို့ မျှော်လင့်ထားပါတယ်။
မြို့ခံ အများအပြားကတော့ သြဂုတ်လစကတည်းက မြို့ကနေ ထွက်ခွာပြီး အပူဒဏ် ရှောင်ခဲ့ကြပါတယ်။
5 years Ago