တပ်မတော်ပြိုကွဲအောင် နည်းလမ်းမျိုးစုံဖြင့် လုပ်လာနိုင်ဟု ကာချုပ်သတိပေး

May 3, 2016

တပ်မတော်ပြိုကွဲအောင် နည်းလမ်းမျိုးစုံဖြင့် လုပ်လာနိုင်ဟု ကာချုပ်သတိပေး

တပ်မတော်ပြိုကွဲအောင် နည်းလမ်းမျိုးစုံနဲ့ လုပ်ဆောင်လာနိုင်လို့ သတိရှိကြဖို့နဲ့   တပ်တွင်း စည်းလုံးညီညွတ်မှုကို အလေးထားလုပ်ဆောင်ကြဖို့ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကပြောကြားလိုက်ပါတယ်။ မေ ၂ရက်နေ့နံနက်ပိုင်းက ရန်ကုန်တိုင်းစစ်ဌာနချုပ် အနော်ရထာခန်းမမှာ ရန်ကုန်တပ်နယ်က အရာရှိ၊ စစ်သည်၊ မိသားစုတွေကို ပြောကြားရာမှာ  ခုလိုတိုက်တွန်းပြောကြားသွားတာလို့ ကာကွယ်ရေး ဦးစီးချုပ်ရဲ့ လူမှုကွန်ရက်သတင်းမှာဖော်ပြပါတယ်။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က “လက်ရှိလျှောက်လှမ်းနေသည့် နိုင်ငံရေးစနစ် မှန်မှန်ကန်ကန်၊ ခိုင်ခိုင်မာမာရှိစေရန် နည်းလမ်းတကျ ပူးပေါင်းဆောင်ရွက်နေသည့် တပ်မတော်၏ ရပ်တည်ချက်၊ လုပ်ဆောင်ချက်များအပေါ် အထင်အမြင်လွဲမှား သုံးသပ်သူတစ်ချို့သည် တပ်မတော်ပြိုကွဲအောင် ခွဲထုတ်ဖြိုဖျက်ခြင်းများ နည်းလမ်းမျိုးစုံဖြင့် လုပ်ဆောင်ပြီး တပ်မတော်၏ စည်းလုံးညီညွတ်မှု ပျက်ပြားအောင်၊ တပ်မတော် ''အား''ပျော့သွားအောင် လုပ်ဆောင်လာနိုင်သဖြင့် သတိတရားရှိကြ ရန်နှင့် တပ်တွင်းစည်းလုံးညီညွတ်မှုကို အလေးထား လုပ်ဆောင်ကြရမည်”လို့ပြောပါတယ်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတချို့ဟာ တိုင်းရင်းသားအခွင့်အရေးတောင်းဆိုမှုအပေါ် မူတည်ဖြစ်ပေါ်လာပေမယ့် တချို့အဖွဲ့အစည်းတွေက ဥပဒေမျက်ကွယ်ပြု အတင်းတောင်းဆိုမှု တွေ ရှိနေပြီး ဒီအပေါ်မှာ တချို့အဖွဲ့အစည်းတွေက သွေးထိုးရန်တိုက် အမုန်းတရား ကြီးမားအောင် လုပ်ဆောင်နေတာဟာ တိုင်းရင်းသားစည်းလုံးညီညွတ်မှုကို မခိုင်မြဲအောင် လုပ်ဆောင်တာဖြစ်လို့ များစွာအန္တရာယ်ကြီးမားတယ်လို့လည်းပြောပါတယ်။ ဒါပေမယ့် ဘယ်သူတွေက တပ်မတော်ကို ပြိုကွဲအောင်လုပ်ဆောင်နေတယ် ဘယ်အဖွဲ့အစည်း တွေက သွေးထိုးရန်တိုက်ပေးနေတယ်ဆိုတာကိုတော့ တပ်မတော် အကြီးအကဲက တိတိကျကျ ထုတ်ဖော် ပြောကြားခဲ့ခြင်းမရှိပါဘူး။ ပြည်သူလူထုဆန္ဒကို ဖြည့်စွမ်းနိုင်တဲ့ အစိုးရဟာ ရေရှည်ခိုင်မြဲမှာဖြစ်ကြောင်း ကမ္ဘာ့နိုင်ငံရေး ဇာတ်ခုံမှာ တစ်ချို့နိုင်ငံရေး ပါတီ၊ အစိုးရတွေဟာ  သက်တမ်း ၂ ကြိမ်၊ ၃ ကြိမ်၊ ၄ ကြိမ် ကြာရှည် ခိုင်မြဲပြီး တချို့က သက်တမ်းကာလ မပြည့်မီပင် ကျရှုံးမှုတွေလည်းရှိတယ်လို့ ပြောပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံမှာ ဘယ်ဘာသာကိုမဆို လွတ်လပ်စွာ ကိုးကွယ်ပိုင်ခွင့်ရှိပေမယ့်  ဗုဒ္ဓဘာသာ ကိုကိုးကွယ်သူ ၈၅ ရာခိုင်နှုန်းကျော်ရှိပြီး အခြားဘာသာကိုးကွယ်မှုကိုလည်း အသိအမှတ်ပြုတဲ့အကြောင်း လည်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောကြားခဲ့ပါတယ်။ ဓာတ်ပုံ - Senior General Min Aung Hlaing
6 years Ago
Up