တပ်မတော်အရာရှိ

February 28, 2019

ဆရာ​တော်​ဦး​သောဘိတအမှု တပ်မတော်အရာရှိတဦးကို စတင်စစ်ဆေး

လူမှုကွန်ရက်ပေါ်မှာ တပ်မတော်အား သိက္ခာကျဆင်းအောင် ပုတ်ခတ်ရေးသားခဲ့တယ်ဆိုပြီး ဆက်သွယ်ရေးပုဒ်မ ၆၆ (ဃ) နဲ့ တရားစွဲဆိုခံခဲ့ရတဲ့ ရွှေဝါရောင် ဆရာ​တော် ​ဦး​သောဘိတအမှုနဲ့ပတ်သက်လို့ တရားလိုဖြစ်တဲ့ တပ်​မ​တော်​အရာရှိတဦးကို ဒီနေ့ စတင်​စစ်​​ဆေးပါတယ်။ ဖေဖော်​ဝါရီ ၂၈ ရက်​​နေ့မှာ အမရပူရမြို့်​နယ်​တရားရုံးက တရားလိုဖြစ်​သူ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ ပြည်သူ့စစ်မှ ဦးစီးအရာရှိ (ပထမတန်း) ဒုဗိုလ်မှူးကြီး မျိုးခိုင်ဝင်းကို စတင်​စစ်​​ဆေးခဲ့တာပါ။ “ကျ​နော်​အ​နေနဲ့ တခြားဘာမှ ​ပြောစရာမရှိပါဘူး။ တရားရုံးမှာ တရားဝင်​​ဖြေကြားထားတဲ့ အတွက်​ တခြား​ဖြေစရာမရှိပါဘူး” လို့  ဒုဗိုလ်မှူးကြီး မျိုးခိုင်​ဝင်းက​ ပြောပါတယ်။ ရွှေဝါ​ရောင်​ဆရာ​တော်​ ဦး​သောဘိတ (အလင်္ကာကြယ်​)က “ဦးဇင်း​ပြော​နေကြ စကား​လေး ရှိတယ်။ ဦးဇင်း​ပြောတဲ့ အ​ကြောင်း အကျိုးနဲ့​ဝေဖန်​မှုတွေကို တပ်​မ​တော်​က အ​ကြောင်းအကျိုးနဲ့ ပြန်​ရှင်းနိုင်​ဖို့လိုတယ်​၊ အဲလို အ​ကြောင်းအကျိုးနဲ့​ ဝေဖန်​ခဲ့တာကို ​တရားစွဲဆိုခဲ့တာဟာ တပ်​မ​တော်​ရဲ့ အင်​မတန်​နစ်​နာတဲ့ ဂုဏ်​သိက္ခာဖြစ်​တယ်​” လို့​ ​မိန့်​ကြားခဲ့ပါတယ်​။ အမရပူရမြို့နယ် ဆင်စွယ်ပွတ်ရပ်ကွက်က မဟာဂန္ဓာရုံကျောင်းတိုက်မှာသီတင်းသုံး​နေတဲ့ ဆရာတော် ဦးသောဘိတ (အလင်္ကာကြယ်) ဟာ လူမှုကွန်ရက်စာမျက်​ပေါ်မှာ ၂၀၁၈ စက်တင်ဘာ ၉ ရက်နေ့က စေတနာတွေ မှန်ကန်ဖို့လိုပါတယ်။ ခေါင်းစဉ်နဲ့ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် နယ်လှည့်ဆေးကုသရေးအဖွဲ့ရဲ့ ဆေးကုသမှုနဲ့ ပတ်သက်ပြီး ရေးသားခဲ့တာပါ။ ဒါကြောင့် ရွှေဝါရောင် ဆရာတော် ဦးသောဘိတ (အလင်္ကာကြယ်) ကို တပ်မတော်နဲ့ တပ်မတော်သားတွေအပေါ် ဂုဏ်သိက္ခာထိခိုက်သည်လို့ဆိုကာ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ ပြည်သူ့စစ်မှ ဦးစီးအရာရှိ(ပထမတန်း) ဒုဗိုလ်မှူးကြီး မျိုးခိုင်ဝင်းက အမရပူရမြို့မရဲစခန်းကို တရားလိုပြုလုပ်တိုင်တန်းခဲ့ရာ ရဲစခန်းက ဆက်သွယ်ရေးဥပဒေ ပုဒ်မ-၆၆ (ဃ)နဲ့ အမှုဖွင့်ထားခဲ့ပါတယ်။
2 years Ago

May 16, 2018

အထင်လွဲအောင် ပြောဆိုမှုကြောင့် တရားစွဲရခြင်းဖြစ်ဟု တရားလို တပ်မတော်အရာရှိပြော

တပ်မတော်အပေါ် အထင်အမြင်လွဲအောင် ပြောဆိုခဲ့တာကြောင့်  မြစ်ကြီးနား သပိတ် ခေါင်းဆောင် ၃ ဦးကို အသရေဖျက်မှု ပုဒ်မ ၅၀၀ နဲ့ တရားစွဲရတာလို့ တရားလိုဖြစ်တဲ့ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်က ဒုဗိုလ်မှူးကြီးမျိုးမင်းဦးက ပြောပါတယ်။ မြစ်ကြီးနားမြို့နယ် တရားရုံးမှာ ဒီနေ့စတင်တဲ့ ပထမဆုံးအကြိမ် ရုံးချိန်းအပြီးမှာ သတင်းထောက်တွေနဲ့ တွေ့ဆုံစဉ် ပြောခဲ့တာဖြစ်ပြီး တရားလိုပြ သက်သေ ဘယ်လောက် တင်သွင်းမယ် ဆိုတာကိုတော့  ထုတ်ဖော်ပြောမသွားပါဘူး။ ဒုဗိုလ်မှူးကြီးမျိုးမင်းဦးက “အဓိကတော့ တပ်မတော်ကို အများပြည်သူ ထင်ယောင်ထင်မှား ဖြစ်အောင် ပြောဆိုတာနဲ့ပတ်သက်ပြီး အသရေဖျက်မှုနဲ့စွဲတာပါ။ ကျနော်က တရားလိုအနေနဲ့ပဲပေါ့။ နောက်ရုံးချိန်းကတော့ တရားသူကြီးက သက်သေတွေခေါ်ယူပြီး စစ်ဆေးမှာပါ”လို့ ပြောပါတယ်။ ဒီနေ့ရုံးချိန်းကိုတော့ စွပ်စွဲခံရသူဘက်က ဦးလွမ်းဇောင်းနဲ့ ဦးဇော်ဂျက်တို့သာ လာရောက်ပြီး ဒေါ်နန်ပူကတော့ ဖားကန့်မြို့နယ်ကို ခရီးလွန်နေလို့  ရောက်လာခဲ့ခြင်း မရှိပါဘူး။ စွပ်စွဲခံရသူ နှစ်ဦးက ဒီနေ့ရုံးချိန်းမှာပဲ အာမခံလျှောက်ထားခဲ့ရာ အာမခံပေးလို့ရတဲ့ ပုဒ်မဖြစ်တဲ့အတွက် တရားရုံးက ငွေကျပ် ၅ သိန်းနဲ့ အာမခံခွင့်ပြုခဲ့ပါတယ်။ စွပ်စွဲခံရသူ ဦးလွမ်းဇောင်းက  “ကျနော်တို့က နိုင်ငံတော်အစိုးရကိုသော်လည်းကောင်း၊ တပ်မတော်ကိုသော်လည်းကောင်း၊ မည်သည့်အဖွဲ့အစည်းကိုမှ နစ်နာစေလိုတဲ့ ရည်ရွယ်ချက် တခုမှ မပါပါဘူး။ အားလုံးက သဘောရိုးနဲ့ ပြည်သူတွေ တိုက်ပွဲတွေကြားမှာ ပိတ်မိနေတဲ့အတွက်ကြောင့် သူတို့ကို အမြန်ဆုံး ကယ်ထုတ်ပေးဖို့၊ သူတို့ရဲ့အသက်တွေ လုံခြုံစိတ်ချပြီးတော့မှ ဘေးကင်းလုံခြုံတဲ့နေရာကို ကယ်ထုတ်ပေးဖို့အတွက် တောင်းဆိုတာပါပဲ”လို့ ပြောပါတယ်။ ဆန္ဒထုတ်ဖော်တာတွေဟာ ဘယ်အဖွဲ့အစည်းကိုမှ ထိခိုက်နစ်နာစေဖို့ ရည်ရွယ်တာမျိုး မပါဘဲ ပြည်သူတွေ အမြန်ဆုံး လွတ်မြောက်ဖို့အတွက်သာ တောင်းဆိုခဲ့တာလို့  စွပ်စွဲခံရသူတယောက် ဖြစ်တဲ့ ကိုလွမ်းဇောင်းကလည်း ပြောပါတယ်။ ဒုတိယအကြိမ် ရုံးချိန်းကိုတော့ မေ ၂၁ ရက်မှာ ပြုလုပ်သွားမှာဖြစ်ပြီး တရားလိုကို စတင်စစ်ဆေးသွားဖို့ ရှိနေပါတယ်။ ကချင်ဒေသတွင်းမှာ ဖြစ်ပွားတဲ့ တိုက်ပွဲကြောင့် ပိတ်မိနေတဲ့ ပြည်သူတွေကို ဘေးလွတ်ရာ အမြန်ကယ်ထုတ်ပေးဖို့ ကချင်လူငယ်ထု လှုပ်ရှားမှုကော်မတီက ဦးဆောင်ပြီး မြစ်ကြီးနားမြို့မှာ ဆန္ဒပြ သပိတ်မှောက်နေကြတဲ့အတွက် ခေါင်းဆောင် ၃ ဦးကို တပ်မတော်က တရားစွဲထားတာ ဖြစ်ပါတယ်။ သတင်း - ရဲမွန်
3 years Ago
More News
Up