တပ်မတော်က မီဒီယာတွေအပေါ်မှာ ရှိနေတဲ့ သံသယစိတ်ကို ရှင်းဖို့လိုပါတယ် - ဦးတင့်ဆန်း

A d v e r t i s e m e n t With Us

May 3, 2016

တပ်မတော်က မီဒီယာတွေအပေါ်မှာ ရှိနေတဲ့ သံသယစိတ်ကို ရှင်းဖို့လိုပါတယ် - ဦးတင့်ဆန်း

အရင် ဦးသိန်းစိန်အစိုးရ လက်ထက်မှာဆိုရင် သတင်းမီဒီယာသမားတွေ စုစုပေါင်း အယောက် ၅၀ နဲ့အထက် သတင်းသမားနဲ့မဆိုင်တဲ့ ပြစ်မှုတွေ၊ ပုဒ်မတွေနဲ့ အမှုရင်ဆိုင်ရပြီး တချို့ဆို ထောင်ကျ အကျဉ်းချခံရတဲ့ အနေအထား ရှိခဲ့ပါတယ်။ ဒါပေမယ့် အခု ဒီအစိုးရသစ် လက်ထက်မှာဆိုရင် ပထမဆုံးအနေနဲ့ နှစ်ရှည်ထောင်ချခံရတဲ့ ယူနတီသတင်းဂျာနယ်က အယ်ဒီတာတွေနဲ့ သတင်းသမားတွေ စုစုပေါင်း ၅ ယောက်ဟာ ပြီးခဲ့တဲ့ရက်ပိုင်းက လွတ်မြောက်လာပြီ ဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူတွေထဲက တဦးဖြစ်တဲ့ ယူနတီဂျာနယ် အမှုဆောင်အရာရှိချုပ် ဦးတင့်ဆန်းကို ဒီဗွီဘီက တွေ့ဆုံမေးမြန်းထားပါတယ်။ အခုဆိုရင် ကျနော်တို့ အန်အယ်လ်ဒီအစိုးရသစ် တက်လာပြီး နှစ်ပတ်ကျော်အကြာလောက်မှာ ဦးတင့်ဆန်းတို့ သတင်းမီဒီယာသမားတွေ စပြီး လွတ်မြောက်လာတာ ဖြစ်ပါတယ်။ အဲ့တော့ ဒီဘက် အစိုးရသစ်ကိုပေါ့နော် ဘယ်လိုမြင်ပါလဲ၊ ပြောပေးပါဦးခင်ဗျ။ “အစိုးရသစ် အနေအထားကတော့ ကျနော်တို့ ဒီလိုအနေအထားမှာ ကြိုဆိုပါတယ်။ ဒါပေမယ့် သူ့ကို ကျနော်တို့ ဝေဖန်ဖို့က စောပါသေးတယ်၊ အချိန်က တအားနည်းသေးတဲ့အတွက်။ အရပ်သားအစိုးရ ဖြစ်တဲ့အတွက် ကျနော်တို့ အပြုသဘောဆောင်တဲ့ ချဉ်းကပ်မှုတွေနဲ့ ကျနော်တို့ သတင်းသမားတွေ အားလုံးက ၀ိုင်းဝန်းလုပ်ဆောင်ဖို့ မြင်ပါတယ်။ အဲ့ဒီအတွက်လည်း ကျနော်တို့ အစိုးရအသစ်ကို ၀မ်းပန်းတသာနဲ့ ကြိုဆိုပါတယ်ခင်ဗျ။” အစိုးရသစ်လက်ထက်မှာ သတင်းမီဒီယာတွေနဲ့ အစိုးရကြားမှာပေါ့နော် ထိပ်တိုက် ပွတ်တိုက်ဖို့က လျော့နည်းသွားမယ်လို့လည်း ပြောဆိုနေကြပါတယ်။ သတင်းသမားတွေကလည်း ဒီလို ယုံကြည်ထားကြပါတယ်။ ဦးတင့်ဆန်းအနေနဲ့ကော ဒီအစိုးရသစ်လက်ထက်မှာ ဒီပွတ်တိုက်မှု လျော့နည်းသွားမယ်လို့ ထင်လား။ ဘယ်လိုမျိုးမြင်ပါလဲခင်ဗျ။ “ထိပ်တိုက်မှု၊ ရင်ဆိုင်မှုကတော့ နည်းသွားနိုင်ပါတယ်။ ဒါပေမယ့် ကျနော်တို့က အားလုံးပြောနေကြတဲ့ ကျင့်ဝတ်ဆိုတဲ့ စကားလုံးဟာ ကျနော်တို့ သတင်းသမားတွေအတွက် တော်တော်ခံရခက်တဲ့ အရာတခု ဖြစ်နေပါတယ်။ အရင်အစိုးရလက်ထက်မှာ အများကြီးလုပ်ခဲ့ကြတဲ့ တချို့အစိုးရကို ဖားပြီးလုပ်တဲ့ သတင်းဌာနတွေလည်း ရှိနေပါတယ်။ မြင်နေကြတာပဲ။ ဒါပေမယ့် အဲ့ဒီကောင်တွေ ကျင့်ဝတ်လို့ မပြောဘဲ ကျနော်တို့ တချို့ကိစ္စတွေမှာ တချို့မီဒီယာတွေ ကြီးကြီးတွေကော၊ သေးသေးတွေကော ကျနော်တို့နဲ့ ပတ်သက်ပြီးတော့ ကျင့်ဝတ်လို့ ပြောကြတယ်ပေါ့နော်။ ကျင့်ဝတ်လို့ပြောလို့ရှိရင် နောက် ဒီ အစိုးရသစ်လက်ထက်မှာလည်း ဒါလည်း ရှိနေဦးမှာပဲ။ ဒီ ထိပ်တိုက်ရင်ဆိုင်မှု ဆိုတာထက် ပွတ်တိုက်မှုတော့ အနည်းနဲ့အများတော့ ရှိနေဦးမှာပဲ။ ဘာလို့ဆိုတော့ စပ်ကူးမတ်ကူးကာလ ရှိနေတယ်။ ဒုတိယအချက်ကတော့ ဘာလဲဆိုတော့ ကျနော် ပြောချင်တာက စစ်တပ်နဲ့ပတ်သက်တဲ့ သတင်းတွေ ရေးမယ်ဆိုရင် ကျနော်တို့ မီဒီယာသမားတွေက တော်တော်လေးကို သတိထားမှ ရမယ့် အနေအထားပါ။ မဟုတ်ရင် ကျနော်တို့တွေဟာ စစ်တပ်နဲ့ ကျနော်တို့ကြားထဲမှာ ရှိနေတဲ့အရာဟာ ပြောင်းလဲမှုကို ထိခိုက်သွားရင် ပွတ်တိုက်မှုလည်း ရှိနေမယ်လို့ ကျနော်ထင်နေပါတယ်ဗျ။” အရင်အစိုးရလက်ထက်မှာရော ခုအစိုးရလက်ထက်မှာရော တပ်မတော်အခန်းကဏ္ဍက ကျနော်တို့နိုင်ငံမှာ အခန်းကဏ္ဍတခုအနေနဲ့ ရှိနေတုန်းပဲပေါ့နော်။ အရင်အစိုးရ လက်ထက်မှာဆိုရင် တပ်မတော်နဲ့ သတင်းရယူတဲ့နေရာမှာ အဲ့လို ထိပ်တိုက်တွေ့ပြီးတော့ အခုလို သတင်းမီဒီယာနဲ့ မသက်ဆိုင်တဲ့ နိုင်ငံတော်လျှို့ဝှက်အက် ဆိုပြီးတော့ အဲ့ဒါနဲ့ အကျဉ်းကျခံခဲ့ရတယ်။ ဒါပေမယ့် ဒီဘက်ခေတ်မှာက အရပ်သားအစိုးရ တက်လာတယ် ဆိုပေမယ့်လည်း တပ်မတော်အခန်းကဏ္ဍဆိုတာ တစိတ်တပိုင်း ရှိကိုရှိနေသေးတယ်ပေါ့နော်။ ဥပမာပြောရရင် လွှတ်တော်ထဲမှာဆိုရင် အရပ်အခေါ်ပေါ့၊ အစိတ်သားဆိုပြီးတော့ပေါ့ ၂၅ ရာခိုင်နှုန်း ပြည်သူတွေ ရွေးချယ်မှု မဟုတ်ဘဲနဲ့ ရှိနေသေးတယ်။ အဲ့တော့ ဘာပဲဖြစ်ဖြစ် သတင်းမီဒီယာတွေအနေနဲ့ သတင်းရယူတဲ့ နေရာမှာ တပ်မတော်ရဲ့သတင်းလည်း ရယူရမှာပဲ။ တခြား အရပ်ဘက်သတင်းလည်း ရယူရမှာပဲ။ အဲ့တော့ ဘာပဲဖြစ်ဖြစ် ထိပ်တိုက်တွေ့ဆုံနိုင်သေးတဲ့ အနေအထား ရှိနေသေးတယ်။ ဒါပေမယ့် အခုလက်ရှိ အနေအထားမှာ အရပ်သားအစိုးရ တက်နေသေးပေမယ့် တပ်မတော်နဲ့ မီဒီယာဆက်ဆံရေးက မချောမွေ့သေးတာကို ကျနော်တို့ တွေ့နေရပါတယ်။ သူတို့အနေနဲ့ သတင်းပြန်ကြားရေးအဖွဲ့တွေ ဘယ်လောက်ထူထောင်ထူထောင် အချိန်နဲ့တပြေးညီ မပေးပို့နိုင်တာတို့၊ နောက်ပြီးတော့ တွေ့ဆုံမေးမြန်းဖို့ သတင်းမေးဖို့သွားရင်လည်း အဆင်ပြေ မချောမွေ့တာတွေ ရှိနေသေးတယ်။ အဲ့တော့ တပ်မတော်နဲ့ သတင်းမီဒီယာကြားမှာ ကောင်းမွန်တဲ့ ဆက်ဆံရေးတခု ထူထောင်ဖို့က ဘယ်လိုလုပ်သင့်တယ်လို့ ထင်ပါလဲခင်ဗျ။ “အဓိကကတော့ တပ်မတော်က ကျနော်တို့မီဒီယာတွေအပေါ်မှာ ရှိနေတဲ့ သံသယစိတ်ကို ရှင်းဖို့လိုပါတယ်။ ကျနော်တို့ကလည်း တပ်မတော်ကို အမုန်းတရားနဲ့ မဟုတ်ဘူး။ ဒီ သူတို့ပြောနေတဲ့ ဒီမိုကရေစီ အကူးအပြောင်းကာလမှာ ဒုတိယသက်တမ်းကို ချောချောမွေ့မွေ့နဲ့ လုပ်မယ်ဆိုတဲ့ ဦးစီးချုပ်ရဲ့ စကားအတိုင်းပေါ့။ အဲ့တော့ ကျနော်တို့ မီဒီယာသမားတွေက အပြုသဘောလုပ်သလို တပ်ကလည်း ကျနော်တို့အပေါ်မှာ ရှိနေတဲ့ သံသယစိတ်ကို အမြဲတမ်း ဖျောက်ဖျက်ပေးရမယ်။ နောက်တခုက ဘာလဲဆိုတော့ သူတို့ ခုနကပြောသလို ပွင့်လင်းမြင်သာစွာနဲ့ သတင်းတွေ ထုတ်ပြန်ပေးရမယ်။ ပြည်သူသိသင့်သိထိုက်တဲ့ သတင်းတွေကို ချက်ချင်းထုတ်ပြန်ပေးမယ်ဆိုရင် ဒီပြဿနာတွေက အများကြီး မရှိဘူးပေါ့ဗျာ။ ဥပမာ ကျနော်တို့ဖြစ်တဲ့ ပြဿာနာကို ကျနော် နည်းနည်းလေး ပြောချင်တယ်ပေါ့။ ကျနော်တို့ဖြစ်တဲ့ပြဿနာကို တရားထစွဲတော့ ဒီ စက်ရုံထဲကို ကန့်သတ်နယ်မြေထဲကို ၀င်လို့ဆိုပြီး တရားစွဲတယ်။ စွဲချက်တင်တော့လည်း ဒီတိုင်းစွဲတယ်။ အဲ့ဒါကို အကြိမ်ကြိမ် ကျနော်တို့က ကန့်ကွက်တယ်၊ မရဘူး။ အဲ့တော့ နောက်ဆုံး ဒုတိယအကြိမ် ပြစ်ဒဏ်လည်း ချလည်းချရော ကျနော်တို့ကို ဒီစက်ရုံထဲ ၀င်လို့မဟုတ်ဘူး။ ကျနော်တို့က စာရွက်ပေါ်မှာ ရေးတဲ့အတွက် ဒီလိုချတယ်ဆိုတာ ချခဲ့တယ်ပေါ့နော်။ အဲ့တော့ စွဲတာနဲ့ ချတာ တခုစီဖြစ်နေတယ်ပေါ့။ အဲ့တော့ ဒီစက်ရုံထဲ ၀င်တဲ့သူက ကျနော်တို့တင်ပဲ မဟုတ်ဘူး။ အဲ့နားမှာ ရွာနားမှာရှိတဲ့လူတွေက တနေ့ အယောက် ငါးရာ၊ တထောင်ကြား ၀င်နေကြတာ။ ဆိုတော့ အဲ့ဒီအခြေအနေတခုပေါ့။ တကယ်လို့ အဲ့ဒီတခုကို ပွင့်လင်းမြင်သာစွာနဲ့ စစ်တပ်က လုပ်လို့ရှိရင် ဒီ ကျနော်တို့ပြဿနာ မဖြစ်လာဘူးပေါ့။ ဒါပေမယ့် ကျနော်တို့က ခုနကပြောသလို စစ်တပ်သတင်းမှ မရေးရဘူးဆိုရင် ကျနော်တို့နိုင်ငံမှာ ဘယ်နေရာ သွားနေရမလဲဆိုတဲ့ အနေအထားတခုကို ဖန်တီးသလို ဖြစ်နေမယ်။ အဲ့တော့ ကျနော်တို့ စစ်တပ်သတင်းလည်း ကျနော်တို့ ရေးမှာပဲ။ ရေးဖို့အတွက် စစ်တပ်က ကျနော်တို့အပေါ်မှာ သံသယစိတ်တွေကို ဒီ့ထက်လျှော့ရင် ပိုကောင်းမယ်။ ကျနော်တို့ကလည်း ပွင့်လင်းမြင်သာစွာနဲ့ အပြုသဘောဆောင်ပြီး လုပ်မယ်ဆိုရင် ကောင်းမယ်လို့ ကျနော်မြင်တယ်ခင်ဗျ။” နောက်တပိုင်းက ကျနော်တို့ သတင်းမီဒီယာဆိုတာက အစိုးရပဲဖြစ်ဖြစ်၊ ပြည်သူပဲဖြစ်ဖြစ်၊ အရပ်ဘက် အဖွဲ့အစည်းပဲဖြစ်ဖြစ်၊ နောက်ဆုံး တပ်မတော်ပဲဖြစ်ဖြစ်၊ ရဲပဲဖြစ်ဖြစ်ပေါ့နော်၊ ဘယ်သတင်းမဆို ဖော်ပြရမှာပဲလေ။ ကျနော်တို့ အမှန်တရားရှုထောင့်ကနေ ဖော်ပြရမယ်။ ဒါဆိုရင် နောက်တချက်က အခု ကျနော်တို့ မြန်မာနိုင်ငံမှာဆိုရင် ပြည်ထောင်စုအစိုးရအဖွဲ့ကို ဖယ်ထားလိုက်ဦး။ ဒါပေမယ့် တဘက်မှာ ထိပ်တန်းအာဏာရတဲ့ အဖွဲ့လို့ ယူဆရတဲ့ တပ်မတော်ဆိုတဲ့ သတင်းတွေကိုလည်း ကျနော်တို့က ထုတ်ပြန်ရမှာပဲ။ အနီးစပ်ဆုံး ကျနော်တို့ လက်နက်ကိုင်တွေနဲ့ တပ်မတော်နဲ့ဖြစ်တဲ့ တိုက်ပွဲတွေဆို ကျနော်တို့က ပြည်သူတွေက သိချင်မှာပဲ။ အဓိက ပြည်သူတွေ သတင်းအမှန်ရရှိဖို့ ကျနော်တို့ မီဒီယာတွေရဲ့ အလုပ်ပေါ့နော်။ အဲ့တော့ အခု တပ်မတော်ရဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေပေါ့နော်။ အခုလက်ရှိ သတင်းယူတဲ့ နေရာမှာ မချောမွေ့သေးတာကို ကျနော်တို့ သွားတွေ့ရတယ်။ အခု ဦးတင့်ဆန်းတို့ ပြောပုံအရတော့ ဟိုဘက်က သံသယစိတ်တွေ ရှိနေတယ်။ သူတို့ဘက်က အဲ့လိုမျိုးပေါ့နော်။ တခြားအရာတွေ ဘာတွေ ဖြေလျှော့ပေးရင် မီဒီယာတွေနဲ့ ပိုပြီးတော့ ချောမွေ့နိုင်မလဲ။ သံသယစိတ်အပြင်ပေါ့နော်။ တခြား ဘာတွေ ဖြေလျှော့ပေးရင် ကောင်းမလဲပေါ့။ “အဓိကတော့ စစ်တပ်က ကျနော်တို့နဲ့ ပတ်သက်ပြီးတော့ သတင်းမီဒီယာသမားနဲ့ ဖြေလျှော့ပေးသင့်တာတော့ သူတို့ပြောထားတဲ့အတိုင်း သိသင့်သိထိုက်တဲ့ သတင်းတွေကို ချက်ချင်း ထုတ်ပြန်ပေးလိုက်။ ထုတ်ပြန်ပြီး သူတို့မီဒီယာ call လုပ်ထားတယ်။ အဲ့ဒီ call မှာ ချက်ချင်းထုတ်ပြန်ပေးရင် ဘာမှ ခက်ခဲမှုမရှိဘူး။ အခုဟာက လုံခြုံရေးဆိုတဲ့ စကားလုံးအောက်မှာ မီဒီယာသမားတွေက စစ်တပ်နဲ့ပတ်သက်လို့ ဘယ်သတင်းမှ ယူလို့မရဘူးဗျာ။ ဥပမာဗျာ တိုက်ပွဲဖြစ်တယ်ဗျာ။ အရင်ကတော့ လောက်ကိုင်မှာဖြစ်တဲ့ တိုက်ပွဲမှာ ဒီဘက်က အကျအဆုံးကို အတိအကျကြေညာတယ်။ နောက်ပိုင်းကျတော့ အများအပြား ကျဆုံးတယ်ဆိုတဲ့ ဟာမျိုးကို လုပ်တယ်ပေါ့ဗျာ။ ကျဆုံးတာ ကျဆုံးတာပဲ၊ သတင်းကို သတင်းအနေနဲ့ မှန်မှန်ကန်ကန်လုပ်လို့ရှိရင် ဘာမှပြဿနာမရှိဘူး။ အဲ့တော့ အစိုးရက ဒီစစ်တပ်အနေနဲ့က အကောင်းဆုံးနည်းကတော့ သတင်းကို မှန်မှန်နဲ့မြန်မြန် ထုတ်ပြန်ပြီးတော့ ဆောင်ရွက်မယ်ဆိုရင် ကျနော်တို့ အကောင်းဆုံး အခြေအနေ ဖြစ်နေမှာပါ။” ဦးတင့်ဆန်းတို့ အမှုဆိုရင်လည်း ပြည်တွင်းပြည်ပ မီဒီယာအဖွဲ့အစည်းတွေကော နိုင်ငံတကာ တခြားအဖွဲ့အစည်းကပါ အပြင်းအထန် ကန့်ကွက်ပြီးတော့ ဒါကို ပြန်ပြီးတော့ ချေဖျက်ပေးဖို့ ဆိုပြီးတော့ အပြင်းအထန် ကန့်ကွက်တာတွေ ရှိခဲ့ပါတယ်။ အဲ့တော့ ဘာပဲဖြစ်ဖြစ် ကျနော်တို့ ခုနကပြောသလို စစ်တပ်ရဲ့ အခန်းကဏ္ဍအရ၊ ကျနော်တို့က စစ်တပ်ရဲ့သတင်းကိုတော့ မီဒီယာတွေက ဖော်ပြဦးမှာပဲ။ အဲ့တော့ ထပ်ပြီးတော့ ပွတ်တိုက်မှုတွေ ကြုံရဦးမှာပဲလို့ ပြောကြတယ်။ ဒါကတော့ ကျနော်တို့ သတင်းပြန်ကြားရေးနဲ့ ပတ်သက်လို့ ပြောနေတာ။ နောက်တခုက တကယ့်မြေပြင်မှာ ဦးတင့်ဆန်းတို့ သတင်းသမားတွေ သတင်းရယူရင်းနဲ့ ဒီလိုတွေ တွေ့ကြုံလာရတယ်။ နောက်ထပ် သတင်းသမားတွေက ဒီလိုပဲ ဆက်ပြီး သတင်းတွေ ထပ်ယူနေဦးမှာပဲ။  ဘာလို့လဲဆိုတော့ မီဒီယာကတော့ မီဒီယာအလုပ်ကို လုပ်မှာပဲ။ အဲ့လိုတွေ့တဲ့အခါမှာ ဥပမာဆိုရင် တပ်မတော်မှာဆိုရင် တွေ့ပါတယ်နော်။ စစ်တပ်နယ်မြေ မကျူးကျော်ရတို့၊ ကန့်သတ်နယ်မြေတွေ မကျူးကျော်ရတို့။ ဒါပေမယ့် သူတို့မှာ သီးခြားဖြေရှင်းထားတဲ့အရာတွေ မတွေ့ဘူး။ ဥပမာ ကန့်သတ်နယ်မြေ ဘာကြောင့်ကန့်သတ်ထားတာလဲ။ ဘာရှိလို့ ကန့်သတ်ထားတာလဲ။ ဘာကြောင့်မ၀င်သင့်တာလဲ။ သီးခြားမဖော်ပြထားတဲ့အတွက် မီဒီယာကလည်း ဒါကို အာရုံစိုက်နေတယ်။ အာရုံစိုက်တဲ့အတွက် သတင်းယူတဲ့အခါမှာလည်း ထိပ်တိုက်တွေ့နေတယ်ပေါ့နော် မြေပြင်တွေမှာ။ အဲ့တော့ မြေပြင်ကွင်းဆင်းယူတဲ့ သတင်းထောက်တွေ အနေနဲ့ကော ဆက်လက်ပြီးတော့ ပွတ်တိုက်မှုတွေ တွေ့ကြုံနိုင်သေးတဲ့အတွက်၊ မြေပြင်ကွင်းဆင်းပြီးတော့ စစ်တပ်ရဲ့ သတင်းတွေယူတဲ့ သတင်းထောက်တွေကို  ဦးတင့်ဆန်းအနေနဲ့  ဘာများ awareness ဖြစ်ဖြစ် တခုခုပေါ့။ ဘာများ message ပေးချင်ပါလဲခင်ဗျ။ “အဓိကကတော့ စစ်တပ်သတင်းတွေ ယူမယ်ဆိုရင်တော့ သတင်းအချက်အလက်ကို ပြည့်ပြည့်စုံစုံယူပါ။ ကျနော်တို့ဂျာနယ်မှာ ဒီနေရာမှာ ပြောချင်တာက အားနည်းချက်တခု ရှိသွားတာက ဒီအစိုးရနဲ့ ပတ်သက်ပြီးတော့ စစ်တပ်နဲ့ပတ်သက်ပြီးတော့ ကျနော်တို့ မေးလိုက်တယ်။ မေးပြီးတော့ ကျနော်တို့ ဂျာနယ်ပုံနှိပ်တဲ့အခါမှာ မဖော်ပြခဲ့ဘူး။ အဲ့ဒီအတွက် ကျနော်တို့မှာ အားနည်းချက် ဖြစ်သွားတဲ့အတွက် ဒီအခြေအနေရှိတယ်ပေါ့။ အဲ့တော့ မြေပြင်မှာ စစ်တပ်နဲ့ပတ်သက်ပြီး သတင်းထောက်တွေ ယူမယ်ဆိုရင်တော့ အဓိကပြဿနာကတော့ အဲ့ဒီသတင်းအချက်အလက်ကို အတိအကျယူမယ်။ နောက် သူတို့တွေက ဘာရှိလဲဆိုတော့ ကျနော်တို့ စစ်တပ်စက်ရုံကို သွားယူတဲ့အခါမှာ မကျူးကျော်ရ၊ ကန့်သတ်နယ်မြေဆိုတဲ့ စကားလုံး လုံးဝမရှိဘူး။ အဲ့ဒီ စကားလုံးတွေ ရှိမရှိဆိုတာလည်း သတင်းထောက်တွေက သိထားရမယ်။ နောက် ဒီစက်ရုံတွေက အစိုးရက ဒါနဲ့ပတ်သက်ပြီးတော့ အရမ်း သူတို့က sensitive ဖြစ်တယ်ပေါ့၊ ဒီစစ်တပ်နဲ့ ပတ်သက်တာကို၊ ယူနီဖောင်းချုပ်တဲ့ စက်ရုံကိုတောင် သူတို့က ၀င်တာမကြိုက်ဘူး။ အဲ့လောက်ထိ ကျနော်တို့အပေါ် သံသယရှိတာ။ အဲ့ဒီ သံသယတွေကို ဖြေဖျောက်ဖို့အတွက် ပထမဦးဆုံး သတင်းတွေရဲ့ အရင်းအမြစ်တွေကို confirm လုပ်ပြီးတော့ လုပ်ပါလို့ ပြောချင်ပါတယ်ခင်ဗျ။” နောက်တချက်က အခုဆိုရင် အရပ်သားအစိုးရ တက်လာပြီပေါ့နော်။ သမ္မတ ဦးထင်ကျော် တက်လာပြီ။ အဲ့တော့ ဒီဘက် ဒီမိုကရေစီတိုက်ပွဲဝင်ခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရလက်ထက်မှာကော မီဒီယာလွတ်လပ်ခွင့်ပေါ့နော်။ ဘယ်လောက်ရမယ်လို့ မျှော်လင့်ထားလဲ။ ဘယ်လိုမျိုးယူဆထားလဲ။ “အရင်ဦးသိန်းစိန်အစိုးရ လက်ထက်နဲ့စာရင်တော့ ပိုပြီးတော့ ရလာမယ်လို့ ကျနော်မြင်ပါတယ်။ ဘာလို့ဆိုတော့ ပြန်ကြားရေးဝန်ကြီးကလည်း ပြောင်းသွားတဲ့အတွက်။ ဒီအခြေအနေတခုမှာ အန်အယ်လ်ဒီကလည်း ဒီ မီဒီယာနဲ့ ပတ်သက်ပြီးတော့ သူတို့ ရွေးကောက်ပွဲအောင်နိုင်ရေးကော၊ အခြားကိစ္စတွေမှာကော အများကြီးပံ့ပိုးခဲ့တာရှိတော့ သူတို့အနေနဲ့ ဒီ မီဒီယာအပေါ်မှာ ပြန်လည်ပြီးတော့ တချို့ဖြေလျော့မှုတွေ အများကြီး လုပ်လိမ့်မယ်လို့ ကျနော်ထင်ပါတယ်ခင်ဗျ။” ဟုတ်ကဲ့။ နောက်တခုက အခု ပြန်ကြားရေးပေါ့နော်။ ပြန်ကြားရေးဝန်ကြီးမှာဆို အရပ်ဘက်က စာရေးဆရာ စာပေသမားကြီးပေါ့နော်။ ဆရာဦးဖေမြင့်ကို ရွေးချယ်ခဲ့တယ် ၀န်ကြီးအဖြစ်။ အဲ့တော့ ဒီအစိုးရလက်ထက်မှာကျတော့ ဆရာဦးဖေမြင့်တက်လာတဲ့ ပြန်ကြားရေးဝန်ကြီးဌာနဘက်ကိုကော အစ်ကိုတို့အနေနဲ့ ဘယ်လိုရှုမြင်ပါလဲခင်ဗျ။ “ဆရာဖေမြင့်တက်လာတော့ ကျနော်ဝမ်းသာပါတယ်။ ကြိုဆိုပါတယ်။ ဒါပေမယ့် ဆရာဖေမြင့်မှာ လုပ်စရာကိုင်စရာတွေ အများကြီးရှိလိမ့်မယ်လို့ ကျနော်ထင်ပါတယ်။ ဘာလို့ဆိုတော့ ဒီ ပြန်ကြားရေးဌာနမှာရှိတဲ့ အောက်က၀န်ထမ်းတွေကော၊ ထိပ်ပိုင်းဝန်ထမ်းတွေ အားလုံးက အရင်ရဲ့ အမူအကျင့်တွေက ရှိနေဦးမှာပဲ။ ကျနော်တို့ စာပေစိစစ်ဖြတ်သန်းခဲ့ရတာတွေက ဒီအရာရှိတွေပဲလေ။ သူတို့ရဲ့ စိတ်စေတနာအရ ပြောင်းလဲသွားရင်တော့ ကောင်းမှာပေါ့။ တကယ်လို့ မပြောင်းသေးဘူးဆိုရင်တော့ ဒီလွတ်လပ်မှုက ကျနော်တို့ မျှော်မှန်းသလောက် ရမယ်မထင်ဘူးဗျ။” အဲတော့ တဆက်တည်းမှာပဲ ဧပြီလ ၂၀ ရက်နေ့ကပေါ့နော်။ ထုတ်ပြန်တဲ့ နယ်စည်းမခြား သတင်းထောက်များအဖွဲ့ရဲ့ World Press Freedom Index ပေါ့နော်။ အဲ့ဒီညွှန်းကိန်းမှာဆိုရင် ကျနော်တို့ မြန်မာနိုင်ငံက မနှစ်ကတုန်းက ၁၄၄ ပေါ့။ အခု ၁၄၃ တဆင့်တက်သွားတာ တွေ့ရတယ်ဗျ။ ကျနော်တို့ ထူးထူးခြားခြားပဲ တွေ့ရတယ်။ ကျနော်တို့မြန်မာနိုင်ငံမှာ တဆင့်တက်သွားတယ်။ ဒါပေမယ့် နိုင်ငံပေါင်း ၁၈၀ မှာပါ။ အဲ့တော့ မီဒီယာလွတ်လပ်ခွင့် ဘယ်လောက်ရနေပြီလို့ ထင်ပါလဲခင်ဗျ။ “မီဒီယာလွတ်လပ်ခွင့်က ကျနော်တို့ထင်တာတော့ အရင်ဦးသိန်းစိန်အစိုးရနဲ့ အခု အရပ်သားအစိုးရကြားမှာ သိပ်ကွာဟမှု မရှိသေးပါဘူး။ ဘာလို့လဲဆိုတော့ သက်တမ်းကလည်း နုသေးတဲ့အတွက် သိပ်ကွာဟမှု မရှိသေးပါဘူး။ ဒါကိုတော့ စောသေးတယ်။ နောက် ၆ လလောက်ဆိုရင်တော့ ကျနော်တို့ အဖြေတခု ပေးနိုင်မယ်လို့ ထင်ပါတယ်ခင်ဗျ။” နောက်တချက်က မီဒီယာသမားတွေပေါ့နော်။ မီဒီယာအဖွဲ့အစည်းတွေ၊ မီဒီယာ လုပ်ကိုင်နေတဲ့ အဖွဲ့တွေအနေနဲ့ အခုလက်ရှိမှာဆိုရင် အစိုးရသစ်ပြောင်းပြီးတဲ့ အချိန်မှာ နိုင်ငံပိုင်သတင်းစာ အာဘော်တွေကလည်း ပြောင်းလဲလာတယ်။ အာဘော်ပြောင်းလဲလာတဲ့အညီ သတင်းစာတွေကို ပြည်သူတွေရဲ့ စိတ်ဝင်စားမှုက မြင့်တက်လာတဲ့အတွက် ရောင်းအားကလည်း သိသိသာသာ တက်လာတာ တွေ့ရပါတယ်။ နောက်ပိုင်းမှာ အခုလက်ရှိဆိုရင် သတင်းစာအကျအရှုံးက စိန်ခေါ်မှုအများကြီးနဲ့ ထုတ်နေရတယ်။ တချို့ဆိုရင်တော့ သတင်းစာတွေက ကွယ်ပျောက်သွားတာရှိတယ်။ ဆက်မထုတ်နိုင်တာ ရှိတယ်။ တချို့ကလည်း ရုန်းကန်ပြီးထုတ်ရတဲ့ အနေအထားမှာ ရှိပါတယ်။ အဲ့တော့ နိုင်ငံပိုင်သတင်းစာတွေနဲ့ ယှဉ်ပြိုင်တဲ့နေရာမှာ ပုဂ္ဂလိက သတင်းစာတွေအနေနဲ့ အများကြီး အကျအရှုံးများတာ တွေ့ရပါတယ်ခင်ဗျ။ ဒီဘက်အစိုးရသစ်လက်ထက်မှာဆို ပိုပြီးတော့ ခက်ခဲတာပေါ့နော်။ ဒီပေါ်မှာကော ကျနော်တို့ ဘယ်လိုထွက်ပေါက်ရှာနိုင်မလဲပေါ့နော်။ ပြန်ကြားရေးဝန်ကြီးဌာနပေါ့နော် ဘာများတောင်းဆိုချင်တာ ရှိမလဲခင်ဗျ။ ပုဂ္ဂလိကသတင်းစာ ဆက်လက်ရပ်တည်ဖို့ပေါ့။ “တကယ်တော့ ပုဂ္ဂလိကသတင်းစာတွေ ရပ်တည်ဖို့အတွက် အစိုးရက ထောက်ပံ့ကြေးပေးသင့်ပါတယ်။ နံပါတ် ၂ အချက်ကတော့ ဒီမိုကရေစီနိုင်ငံတိုင်းမှာ အစိုးရသတင်းစာဆိုတာ မရှိဘူး။ အဲ့ဒီသတင်းစာကို လုံးဝမထုတ်သင့်ပါဘူး။ ဘာလို့လဲဆိုတော့ အခြား ပုဂ္ဂလိကသတင်းစာတွေ၊ အခြားမီဒီယာချန်နယ်တွေ ရှိနေတယ်။ အဲ့ဒီကနေပြီးတော့ အစိုးရအာဘော်တွေ အများကြီးပြောလို့ရတာပဲ။ အဲ့ဒီ ၂ ချက်လုပ်ရင်တော့ ကျနော်တို့ ပုဂ္ဂလိက သတင်းစာတွေ၊ ပုဂ္ဂလိကမီဒီယာတွေ ရှင်သန်နိုင်မယ်လို့ ကျနော်ထင်တယ်ဗျ။” နောက်တချက်က အရပ်ဘက်ပြည်သူတွေရဲ့ အသိကကော၊ မီဒီယာက အရပ်ဘက် ပြည်သူတွေပေါ်မှာ ဘယ်လောက်ထိ လွှမ်းခြုံနိုင်ပြီလဲ။ မီဒီယာအပေါ် ယုံကြည်အားကိုးမှုကတော့ အခု ကျနော်တို့ တွေ့တဲ့နေရာမှာတော့ အများကြီးတော့ မီဒီယာအပေါ်မှာ ယုံကြည်အားကိုးလာတာ တွေ့ရတယ်ဗျ။ ပြည်သူတွေကိုကော သတင်းမီဒီယာသမား အနေနဲ့ ဘာများ မက်ဆေ့ခ်ျပေးချင်တာ ရှိလဲခင်ဗျ။ “တကယ်တော့ ပြည်တွေရဲ့ ဘ၀အခြေအနေကို ကျနော်တို့ ထင်ဟပ်ဖို့ သတင်းမီဒီယာသမားတွေက အများဆုံး လုပ်ပေးကြတယ်။ အဲ့တော့ အစိုးရကို တိုက်ရိုက်မပြောနိုင်တဲ့ဟာတွေကို၊ အစိုးရကို လိုချင်တာတွေ တောင်းဆိုချင်တာတွေ မရတဲ့ဟာတွေကို ကျနော်တို့ မီဒီယာကနေတဆင့် ပြည်သူတွေပြောတဲ့ဟာကို တဆင့်ဖော်ပြပေးတဲ့အတွက် ပြည်သူရဲ့ယုံကြည်မှုက ဒီ့ထက်များလိမ့်မယ်လို့ ကျနော်ထင်ပါတယ်။ ပြည်သူတွေကလည်း ဒီ့ထက် ကျနော်တို့ မီဒီယာသမားတွေကို အားပေးမယ်လို့ ယုံကြည်ပါတယ်ခင်ဗျ။” ဦးတင့်ဆန်းအနေနဲ့ တခြားဖြည့်စွက်ပြောချင်တာလေး ရှိရင်လည်း ပြောပေးပါဦးခင်ဗျ။ “အဓိကကတော့ ကျနော်တို့ ထောင်ထဲမှာနေခဲ့တဲ့ ၂ နှစ်၊ ၂ လ အချိန်ကာလအတွင်းမှာ ကျနော်တို့ရဲ့ လုပ်ဖော်ကိုင်ဘက် မီဒီယာသမားတွေက မမေ့မပျောက်ဘဲနဲ့ အမြဲတမ်းလိုလို တောင်းဆိုမှုတွေ လုပ်ခဲ့ကြတယ်။ အင်တာနေရှင်နယ်ရော ဒီအဖွဲ့အစည်းတွေကကော လုပ်ခဲ့ကြတဲ့အတွက် အားလုံးကို ကျနော်တို့ ကျေးဇူးတင်ပါတယ်။ ဒါပေမယ့် ကျနော်တို့ သင်ခန်းစာကို ယူပြီးတော့ နောက် ကျနော်တို့ ဘယ်လိုဆက်သွားကြမလဲဆိုတာ ညီညီညွတ်ညွတ်နဲ့ လုပ်ဆောင်ပြီးတော့၊ မီဒီယာဖွံ့ဖြိုးအောင်လုပ်ဖို့ ကျနော့်အနေနဲ့ တိုက်တွန်းချင်ပါတယ်။”
5 years Ago
Up