ခရစ္စမတ်နေ့ မတိုင်ခင် ရုတ်တရက်ပျောက်ဆုံးသွားခဲ့တဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ခရိုင် မုံးကိုး ကက်သလစ်ခရစ်ယာန် သင်းထောက်ဆရာ ဦးတီတီနောင်လတ်နဲ့ ဦးလန်ဂျော်ဂမ်ဆိုင်းတို့နှစ်ဦးကို တပ်မတော်စစ်ကြောင်းက ဖမ်းဆီးခဲ့တယ်လို့ ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ပါတယ်။
ဦးတီတီနောင်လတ် (ခေါ်) ဦးဒွမ်ဒေါ့နောင်လတ်နဲ့ ဦးလန်ဂျော်ဂမ်ဆိုင်းတို့ဟာ အကြမ်းဖက်မှုဖြစ်စဉ်တွေမှာ အကြမ်းဖက်သောင်းကျန်းသူတွေအတွက် ငွေကြေးထောက်ပံ့ကူညီတာ၊ သတင်းပေးတာ၊ လူသစ်စုဆောင်းပေးတာနဲ့ မဟုတ်မမှန် လုပ်ကြံဝါဒဖြန့်တာတွေကြောင့် ဖမ်းဆီးခဲ့တာလို့ သတင်းမှာဖော်ပြပါတယ်။
ဒီဇင်ဘာ ၄ ရက်က မုံးကိုးမြို့ကို တပ်မတော်စစ်ကူစစ်ကြောင်းတွေ ရောက်ရှိထိန်းချုပ် နိုင်ခဲ့ပြီးနောက် နယ်မြေရှင်းလင်းစဉ် သူတို့နှစ်ဦးဟာ တဖက်နိုင်ငံကို ခေတ္တထွက်ပြေးတိမ်းရှောင်နေခဲ့ကြောင်း၊ ဒီနောက် ဒီဇင်ဘာ ၇ ရက်မှာ တိုက်ပွဲရှောင်ပြည်သူတွေနဲ့အတူ မုံးကိုးမြို့ကို ပြန်လည်ဝင်ရောက်နေထိုင်လာစဉ် ရှာဖွေဖမ်းဆီးခံရတာလို့ဆိုပါတယ်။
သူတို့ကိုကို တည်ဆဲဥပဒေတွေနဲ့ အညီ စစ်ကြောမေးမြန်းစစ်ဆေးပြီး တရားဥပဒေအရ ဆက်လက်အရေးယူဆောင်ရွက်နိုင်ဖို့ သက်ဆိုင်ရာရဲစခန်းကို လွှဲအပ်သွားမယ်လို့ တပ်မတော် သတင်းထုတ်ပြန်ချက်မှာဖော်ပြပါတယ်။
မူဆယ်ခရိုင် အထွေထွေ အုပ်ချုပ်ရေး ဦးစီးအရာရှိ ဦးဇော်မင်းကတော့ သူတို့ကို တပ်မတော်က ဖမ်းဆီးခဲ့တာဖြစ်ပြီး အုပ်ချုပ်ရေးအဖွဲ့အနေနဲ့ မသိရဘူးလို့ ပြောပါတယ်။
“ကျနော်တို့က အဲဒါတွေက မသိရဘူးဗျာ။ သူက နယ်မြေရှင်းလင်းရေးလုပ်တယ်ဆိုရင်တော့ သူတို့ သတင်းရလို့ ဖမ်းဆီးတာပဲ ဖြစ်နိုင်ပါတယ်ဗျာ။ အဲဒါတွေက သူတို့ လျှို့ဝှက်လုပ်တာလေ။ သူတို့ တပ်ပိုင်းဆိုင်ရာ ထောက်လှမ်းရေးရှိမှာပေါ့။ စစ်ရေးကိစ္စနဲ့ပတ်သက်ရင် ကျနော်တို့က သိပ်ပြီးတော့ မဆက်နွှယ်လို့လေ။ ”
ဦးတီတီနောင်လတ်နဲ့ ဦးဂျော်ဂမ်ဆိုင်းတို့ကို လတ်တလော ဘယ်မှာ ထိန်းသိမ်းထားလဲဆိုတာ ထုတ်ဖော်ပြာဆိုခြင်းမရှိပါဘူး။
ဖမ်းဆီးခံရတဲ့ ဦးတီတီနောင်လတ်ရဲ့ သမီးကတော့ သူ့ဖခင်ရဲ့ သတင်းကို အခုလို ကြားရတဲ့အတွက် အတိုင်းမသိဝမ်းသာကြောင်းနဲ့ တပ်မတော်ရဲ့ စွပ်စွဲချက်တွေ မဟုတ်မှန်ဘူးလို့ ပြောပါတယ်။
“ကျမအဖေက ဒီကိစ္စနဲ့ပတ်သက်ပြီးမှ ဘာပတ်သက်မှုမှမရှိဘူးဆိုတာကတော့ အခိုင်အမာ ကျမပြောနိုင်တယ်။ ကျမ ပြောရဲတယ်။ သူတို့ဘက်ကနေ ဒီလိုပြောတာကတော့ ကျမ မသိဘူး။ သူတို့ အကြောင်းနဲ့ သူတို့ရှိမှာပေါ့။ သူတို့ ဘာကိုဆိုလိုချင်တယ်ဆိုတာကိုတော့ သူတို့ကို ပြန်မေးရမှာပေါ့။ ဖြစ်စေချင်တာကတော့ အကောင်းတကာ အကောင်းဆုံးနဲ့ အဖေ ဘေးမသီ ရန်မခဘဲနဲ့ အိမ်ပြန်လာတဲ့ဟာကိုတော့ ဖြစ်စေချင်တာပေါ့။”
မုံးကိုးမြို့ မိုးမောက်နယ် သိက္ခာတော်ရဆရာတော် ဦးဇောင်ရာကတော့ သူတို့ အဖွဲ့ဝင်နှစ်ဦးကိစ္စကို ပြန်လည်စုံစမ်းမှာဖြစ်ပြီး ဥပဒေအရ လိုအပ်ရင် လုပ်ဆောင်သွားမယ်လို့ ပြောပါတယ်။
“ကျနော်တို့လည်း အခု သေချာပြန်စုံစမ်းကြည့်ရမှာပေါ့။ ကျနော်တို့အသင်းအတော်ဥက္ကဋ္ဌ ဟုတ်တယ်။ အသင်းတော်လူငယ်ခေါင်းဆောင်ဟုတ်တယ်။ သူတို့ ဘာတွေ လုပ်လဲဆိုတာက အသင်းတော်နဲ့ညှိပြီးတော့ ကျနော်တို့ ပြန်စုံစမ်းရမှာပဲ။ သူတို့ ရဲဘက်ကို ဥပဒေအရလွဲရင်တော့ ကျနော်တို့လည်း လုပ်ပေးဖို့တော့ စဉ်းစားတယ်ဗျာ။ ကျနော်တို့ ညနေမှ စခန်းမှူးနဲ့တွေ့ပြီးမှ ဘယ်မှာထိန်းသိမ်းထားလဲဆိုတာ ပြန်စုံစမ်းမယ်။”
ဦးတီတီနောင်လတ် (ခေါ်) ဦးဒွမ်ဒေါ့နောင်လတ်နဲ့ ဦးလန်ဂျော်ဂမ်ဆိုင်းတို့ဟာ ပြီးခဲ့တဲ့ခရစ် စမတ်နေ့ မတိုင်ခင်တရက်မှာ နယ်မြေခံမြန်မာ့တပ်မတော်ရဲ့ ဗျူဟာကုန်းအနီးမှာ ပျောက်ဆုံးခဲ့တာဖြစ်ပြီး သူတို့တွေဟာ မုံးကိုးတိုက်ပွဲကာလတွေမှာ အဲဒီဒေသကို သွားရောက်သတင်းယူခဲ့တဲ့ ဒီဗွီဘီသတင်းထောက်အပါအ၀င် တခြားသတင်းဌာနက သတင်းသမားတွေကို ကူညီဆောင်ရွက်ပေးခဲ့ကြသူတွေလည်းဖြစ်ပါတယ်။
6 years Ago