တပ်မတော်ကို ပါဝါလျှော့

June 23, 2015

ပုဒ်မ ၄၃၆ ကို ပြင်ဆင်ခြင်းဖြင့် တပ်မတော်ကို ပါဝါလျှော့

ဒီနေ့ ဆက်ပြီး ဝေဖန်ဆွေးနွေးလိုတာကတော့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ဖို့ တင်ပြထားတဲ့ ဥပဒေကြမ်းထဲက အမှတ်စဉ် ၅ ပါ။ ပုဒ်မ ၄၃၆ (က) နဲ့ (ခ) ကို ပြင်ဆင်ချက်ဖြစ်ပါတယ်။ ၄၃၆ (က) ပြင်ဆင်ချက်မှာ ဆိုထားတာကို အတိုချုပ်ပြီး ပြောရမယ်ဆိုရင် ဖွဲ့စည်းပုံအခြေခံဥပဒေပါ အချို့သော အရေးကြီး ပြဋ္ဌာန်းချက်တွေကို ပြင်ဆင်ချင်တယ်ဆိုရင် အစည်းအဝေး တက်ရောက်ခွင့်ရှိတဲ့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်အားလုံးရဲ့ ၇၀ ရာခိုင်နှုန်းက သဘောတူလက်ခံပြီး ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ကျင်းပပြုလုပ်တဲ့အခါ ဆန္ဒမဲ ပေးသူအားလုံးရဲ့ ထက်ဝက်ကျော် ထောက်ခံဆန္ဒမဲရရှိဖို့ လိုအပ်တယ် ဆိုတာနဲ့ ၄၃၆ (ခ) ပြင်ဆင်ချက်ကတော့ အဲဒီ အရေးကြီးပြဋ္ဌာန်းချက်တွေမှအပ ကျန်သောပြဋ္ဌာန်းချက်များကို ပြင်ဆင်ချင်တယ်ဆိုရင် အစည်းအဝေးသို့ တက်ရောက်ခွင့်ရှိတဲ့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်အားလုံးရဲ့ ၇၀ ရာခိုင်နှုန်းက ထောက်ခံရင် ပြင်နိုင်တယ်လို့ ဆိုထားခြင်းဖြစ်ပါတယ်။ ဒီပြင်ဆင်ချက်က မူလပြဋ္ဌာန်းချက်ထက် အများကြီး တိုးတက်လာတဲ့သဘောကို ဆောင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ မူလပြဋ္ဌာန်းထားချက်အရ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်တရပ်ရပ်ကို ပြင်ချင်တယ်ဆိုရင် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်အားလုံးရဲ့ ၇၅ ရာခိုင်နှုန်းကျော် ထောက်ခံမှသာ ပြင်နိုင်မယ်လို့ ဆိုထားတာကြောင့် လွှတ်တော်ထဲက ၂၅ ရာခိုင်နှုန်း အရေအတွက်ရှိတဲ့ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တွေ မထောက်ခံရင် ဘာမှလုပ်လို့မရဘူးဆိုတဲ့ အဖြေထွက်နေခဲ့တာပါ။ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တွေဟာလည်း အရွေးကောက်ခံတွေလို သီးခြားစီ လွတ်လပ်သူတွေ မဟုတ်ဘဲ ကာကွယ်ရေးဦးစီးချုပ်က ခန့်အပ်ထားခံရသူတွေဖြစ်ပြီး အမိန့်ကို နာခံလုပ်ဆောင်ရသူတွေလို့ သိရှိထားလေတော့ ကာကွယ်ရေးဦးစီးချုပ် သဘောမတူရင် ဘာကိုမှ ပြင်ဆင်လို့မရဘူးဆိုတဲ့ အဓိပ္ပါယ်ထွက်နေပါတယ်။ မူလပြဋ္ဌာန်းချက်မှာက အရေးကြီးပြဋ္ဌာန်းချက်တွေအတွက်ဆိုရင် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်အားလုံးရဲ့ ၇၅ ရာခိုင်နှုန်းကျော်က ထောက်ခံရမယ့်အပြင် ပြည်သူလူထု ဆန္ဒခံယူပွဲမှာလည်း ဆန္ဒမဲပေးပိုင်ခွင့်ရှိတဲ့သူ အားလုံးရဲ့ ထက်ဝက်ကျော် ထောက်ခံဆန္ဒမဲရမှသာ ပြင်ဆင်နိုင်မှာ ဖြစ်ပါတယ်။ ဒီမှာလည်း ဆန္ဒမဲပေးပိုင်ခွင့်ရှိတဲ့သူ အားလုံးရဲ့ ၅၀ ရာခိုင်နှုန်းကျော်ဆိုတဲ့ မူလပြဋ္ဌာန်းချက်ကို ဆန္ဒမဲပေးသူအားလုံးရဲ့ ၅၀ ရာခိုင်နှုန်းကျော်လို့ ပြင်ပေးထားတာက ပိုမိုလွယ်ကူစေဖို့ ရည်ရွယ်တာဖြစ်ကြောင်း ထင်ရှားပါတယ်။ ဒါကြောင့် အခုပြင်ဆင်ဖို့ အဆိုပြုထားတဲ့ ပုဒ်မ ၄၃၆ (က) နဲ့ (ခ) ပြင်ဆင်ချက်သာ အောင်မြင်ခဲ့မယ်ဆိုရင် နောက်ပိုင်းကာလမှာ ဖွဲ့စည်းပုံအခြေခံဥပဒေပါပြဋ္ဌာန်းချက်တရပ်ရပ်ကို ပြင်ဆင်ချင်တဲ့အခါ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ ထောက်ခံခြင်း၊ မထောက်ခံခြင်းအပေါ် တည်မှီမနေတော့ဘဲ အရွေးကောက်ခံ ကိုယ်စားလှယ် အားလုံးရဲ့ ၉၄ ရာခိုင်နှုန်းကသာ ထောက်ခံခဲ့ရင် ပြင်ဆင်နိုင်တယ်ဆိုတဲ့ အဓိပ္ပာယ်ဖြစ်ပါတယ်။ ဒါကြောင့် ဒီအဆိုပြုချက်ကတော့ တိုးတက်တဲ့လက္ခဏာတရပ်ဖြစ်လို့ ကြိုဆိုသင့်ကြောင်း၊ သို့သော်လည်း လွှတ်တော်မှာ ဆွေးနွေးမဲခွဲကြတဲ့အခါမှာတော့ အောင်မြင်မှုရဖို့လည်း အင်မတန်ခက်ခဲမယ့်အကြောင်း ပြောလိုပါတယ်။ “ဒီပြင်ဆင်ချက်ကိုတော့ တပ်မတော်က သဘောတူနိုင်ကောင်းရဲ့” ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ချက်မူကြမ်းပါ အချက်နံပါတ် ၄ နဲ့ပတ်သက်ပြီး ဒီနေ့ ဆက်လက်ဆွေးနွေးလိုပါတယ်။ ဒီပြင်ဆင်ချက်အပိုဒ်ဟာ အရေးပေါ်ကာလမှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကို အာဏာလွှဲအပ် ဆောင်ရွက်စေတဲ့ ပုဒ်မတွေထဲက ပုဒ်မ ၄၁၈ (ခ) ဖြစ်ပါတယ်။ အဲဒီပြင်ဆင်ချက်မှာ ဆိုထားကတော့... “(ခ) ထိုသို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်အား နိုင်ငံတော်အာဏာကို လွှဲအပ်ဆောင်ရွက်စေသည့် နေ့ရက်မှစ၍ ထူးခြားသော အခြေအနေကို ဖြေရှင်းနိုင်ရေးအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေကို ခြွင်းချက်ပြုပြီး နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများမှအပ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ သက်ဆိုင်ရာ လွှတ်တော်များ၏ သဘောတူညီချက်ဖြင့် ခန့်အပ် တာဝန်ပေးထားသော အဖွဲ့အစည်းဝင်များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းဦးစီးအဖွဲ့ သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဝင်များအား တာဝန်မှ ရပ်စဲပြီးဖြစ်သည်ဟု မှတ်ယူရမည်။” ဒီပြင်ဆင်ချက်မှာ ဘာထူးခြားလာတာရှိသလဲလို့ မူလ ပြဋ္ဌာန်းချက်ကို ရှာဖတ်ကြည့်လိုက်တော့... “(ခ) ထိုသို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်အား နိုင်ငံတော်အာဏာကို လွှဲအပ်ဆောင်ရွက်စေသည့် နေ့ရက်မှစ၍ ထူးခြားသော အခြေအနေကို ဖြေရှင်းနိုင်ရေးအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေတွင် မည်သို့ပင်ပြဋ္ဌာန်းပါရှိစေကာမူ နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများမှအပ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ သက်ဆိုင်ရာ လွှတ်တော်များ၏ သဘောတူညီချက်ဖြင့် ခန့်အပ်တာဝန်ပေးထားသော အဖွဲ့အစည်းဝင်များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းဦးစီးအဖွဲ့ သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဦးစီးအဖွဲ့ဝင်များအား တာဝန်မှ ရပ်စဲပြီးဖြစ်သည်ဟု မှတ်ယူရမည်။” အဲဒီလိုရေးထားတာတွေ့ရပါတယ်။ မူလပြဋ္ဌာန်းချက်မှာပါတဲ့ “ဖွဲ့စည်းပုံအခြေခံဥပဒေတွင် မည်သို့ပင်ပြဋ္ဌာန်း ပါရှိစေကာမူ” ဆိုတဲ့ စကားစုအစား “ဖွဲ့စည်းပုံအခြေခံဥပဒေကို ခြွင်းချက်ပြု ပြီး” ဆိုတဲ့ စကားစုကို အစားထိုးလိုက်တာပဲ ကွာပါတယ်။ အဓိပ္ပာယ်ကတော့ အတူတူပဲဖြစ်ပါတယ်။ မူလပြဌာန်းချက်ပါ အသုံးအနှုန်းက နည်းနည်း လူမိုက်ဆန်ဆန် ပြောဆိုတဲ့ပုံ ပေါက်ပါတယ်။ “ဖွဲ့စည်းပုံအခြေခံဥပဒေက ဘယ်လိုဆိုဆိုကွာ ငါတို့လုပ်ချင်တာလုပ်မယ်” ဆိုတဲ့ လေသံမျိုးပေါက်နေပြီး နောက်ပြင်ထားတဲ့ စကားစုကတော့ မူလအဓိပ္ပာယ် မပြောင်းလဲစေဘဲ ဥပဒေစကားဆန်ဆန် လှလှပပ သုံးနှုန်းထားတာပါ။ အဲဒီပြင်ဆင်ချက်ကလေးကိုတော့ တပ်မတော်သား ကိုယ်စားလှယ်တွေက ထောက်ခံလိမ့်မယ်လို့ ထင်ပါတယ်။ ဒါနဲ့ စကားမစပ် ပြောရပါဦးမယ်။ မနေ့ညက ကျနော်တို့နေတဲ့ စည်ပင်ဧည့်ရိပ်သာမှာ လွှတ်တော်ကိုယ်စားလှယ်တွေဆီကို ပြန်ကြားရေးဝန်ကြီးဌာနက ပေးပို့တာပါဆိုပြီး စာအိတ်တအိတ်စီ လိုက်ဝေပါတယ်။ အဲဒီထဲမှာ ဇွန်လ ၁၄ ရက်နေ့ထုတ် ကြေးမုံသတင်းစာပါ “အမွေကောင်းကောင်းရချင်တယ်” ဆိုတဲ့ စာရေးသူ “ရန်ကင်း” ရဲ့ ဆောင်းပါးကို တွေ့ရပါတယ်။ အဲဒီဆောင်းပါးရဲ့ အနှစ်ချုပ်ကတော့ အခုလွှတ်တော်မှာ တင်ပြီးဆွေးနွေးကြမယ့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ချက် (မူကြမ်း) ကို သဘောမတူဘူးဆိုပြီး ပြင်းပြင်းထန်ထန် ကန့်ကွက်ထားတာပါ။ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကိစ္စကို ပြောရင်းနဲ့ လွှတ်တော်ကိုယ်စားလှယ်ကို တာဝန်မှ ပြန်လည်ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေ (Right of Recall) ပြဋ္ဌာန်းရေးနဲ့ ပတ်သက်ပြီး လွှတ်တော်က ကြန့်ကြာအောင် လုပ်နေတာကိုလည်း ပြင်းပြင်းထန်ထန် ထောက်ပြ ဝေဖန်ထားပါတယ်။ ဒီဆောင်းပါးကို ရေးတဲ့သူကလည်း အစိုးရအဖွဲ့ဝင် ဝန်ကြီးတပါးပါး ဖြစ်လိမ့်မယ်ဆိုတဲ့ ထင်ကြေးများလည်း လွန်ခဲ့တဲ့ တရက် နှစ်ရက်ကတည်းက ထွက်ပေါ်နေပါတယ်။ ဒါကြောင့် နိုင်ငံတော်သမ္မတနဲ့ အစိုးရဘက်ကတော့ ဒီဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ချက် မူကြမ်းကို လုံးဝ သဘောတူပုံမရပါဘူး။ ဒါကြောင့် ဒီမူကြမ်းပါ ပြင်ဆင်ချက်အားလုံးကို (အထက်က ကျနော်ပြောခဲ့တဲ့ အပိုဒ်ကိုတော့ ခြွင်းချက်ပြုပြီး သကာလပေါ့ဗျာ) တပ်မတော်သားကိုယ်စားလှယ် အားလုံးက ဆန့်ကျင်မဲပေးကြလိမ့်မယ်လို့ ယူဆရကြောင်းပါ။ ရဲထွန်း (မှတ်ချက်-ဆောင်းပါးရှင်မှာ သီပေါမြို့နယ်၊ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရဲထွန်းဖြစ်ပြီး ဖွဲ့စည်းပုံဥပဒေမူကြမ်းကို လွှတ်တော်တွင်း ဆွေးနွေးနေစဉ် လေ့လာသုံးသပ်နိုင်ရန် သူ၏ ဖေ့စ်ဘွတ်မှ ခွင့်ပြုချက်ဖြင့် ကူးယူဖော်ပြပါသည်။ အပိုင်းလိုက် ရေးသားထားသည်များကို ဆက်လက်ဖော်ပြပါမည်။)
6 years Ago
Up