အိမ်စာမလုပ်ချင်တဲ့ တပည့်တွေကို စိတ်ခွန်အားပေးပြီး အမှတ်မြင့်မြင့်ရစေဖို့ ကိုယ်တိုင်ရေးစပ်ထားတဲ့ ထိုင်းကျောင်းဆရာမလေးတဦးရဲ့ သီချင်းရုပ်သံ ဗွီဒီယိုဖိုင်ဟာ အင်တာနက် စာမျက်နှာတွေပေါ်မှာ ရေပန်းစားနေခဲ့ပါတယ်။
အသက် ၂၈ နှစ်အရွယ် ဖူဆန်နီဆာ ဂုဏ်နဆစ် အမည်ရတဲ့ အဲဒီဆရာမလေးကို ဆိုင်းပန်လို့လည်း သိကြပြီး သီချင်းအပြင် ချောမောလှပတဲ့ သူ့ရဲ့ရုပ်ရည်ကြောင့်လည်း နာမည်ကြီးနေတာပါ။
သူဟာ ဆမ်ဆန် ဝိသရကျောင်းမှာ ဇီဝသိပ္ပံသင်ကြားတဲ့ ဆရာမတဦးဖြစ်ကာ သီချင်းသီဆိုတာ၊ ကိုယ်ပိုင်သံစဉ်တွေနဲ့ ရေးစပ်သီကုံးရတာကို ဝါသနာပါတယ်လို့ ဆိုပါတယ်။
ကျောင်းသားကလေးငယ်တွေကို သီချင်းအသုံးပြုပြီး သင်ကြားရတာဟာ ပိုပြီး စိတ်ပျော်ရွှင်တက်ကြွစေပြီး ထိရောက်တဲ့ သင်ကြားနည်းစနစ်တခုဖြစ်တယ်လို့ ဆိုင်းပန်က ပြောပါတယ်။
လက်ရှိအချိန်မှာတော့ သူ့ရဲ့ သီချင်းရုပ်သံဗွီဒီယိုဖိုင်ဟာ ဝင်ရောက်ကြည့်ရှုကြတဲ့ အကြိမ်ရေ ၆ သိန်းကျော်သွားခဲ့ပြီဖြစ်တယ်လို့ ထိုင်းဘာသာနဲ့ ထုတ်ဝေတဲ့ ဒေးလီးနယူးစ်သတင်းမှာ ဖော်ပြပါတယ်။
အင်တာနက်ပေါ်မှာ အားပေးခဲ့ကြတဲ့ ပရိသတ်တွေဟာ အမျိုးသားအများစုဖြစ်ကြပြီး ပရိသတ် ၂ သောင်းကျော်ရှိခဲ့ပြီဖြစ်ကာ သီချင်းကို ပြန်လည်မျှဝေခဲ့ကြတဲ့ အကြိမ်ရေ ၅၀၀၀ နီးပါး ရှိခဲ့တာပါ။
လက်ရှိမှာတော့ ပညာရေးစနစ်မှာ ခုလိုသင်ကြားပေးနိုင်ဖို့ လိုအပ်နေတာဖြစ်ပြီး ထိရောက်တဲ့ သင်ကြားရေးပုံစံတွေ လိုအပ်နေတဲ့အတွက် ဆိုင်းပန်ကို အားလုံးက ဝိုင်းပြီး ချီးကျူးနေကြတာ ဖြစ်ပါတယ်။
5 years Ago