တန်ဖိုးနှုန်းထား

A d v e r t i s e m e n t With Us

December 23, 2020

မိတ္ထီလာခရိုင်တွင် လယ်ယာမြေလုပ်ပိုင်ခွင့် အမည်ပြောင်းနိုင်ရန် တန်ဖိုးနှုန်းထား ထွက်ရှိ

မန္တလေးတိုင်း မိတ္ထီလာခရိုင် ဝမ်းတွင်း၊ မလှိူင်၊ သာစည်၊ မိတ္ထီလာ ၄ မြို့နယ်မှာ လယ်ယာမြေဇုန်နှူန်းထားတွေ ထွက်လာတာကြောင့် လယ်ယာမြေလုပ်ပိုင်ခွင့် ပုံစံ ၇ အမည်ပြောင်းတွေ လုပ်ဆောင်နိုင်တော့မယ်လို့ ခရိုင်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့က ပြောပါတယ်။ လယ်ယာမြေတွေကို လမ်းပန်းဆက်သွယ်မှူ ရေရရှိမှူတွေပေါ်မူတည်ပြီး ပထမတန်းစား၊ ဒုတိယတန်းစား၊ တတိယတန်းစား အမြင့်ဆုံးနှူန်းနဲ့ အနိမ့်ဆုံးနှူန်းဆိုပြီး ၆ မျိုး တန်ဖိုးသင့်ခွဲခြားထားတယ်လို့ လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန ဦးစီးအရာရှိ ဦးမြင့်ဆန်းက ပြောပါယ်။ “ရောင်းဝယ်ငှား အမွေခွဲ အပေးအကမ်းတွေကို ပုံစံ ၇ အမည်ပြောင်းမယ်ဆိုရင် အဆင့် ၄ ဆင့် လုပ်ရမယ်။ မြေပုံရေးကူးမယ်၊ မူရင်းပုံစံရတင်ပြမယ်၊ မြေနေရာသက်သေခံ ၁၀၅/၁၀၆ တင်ပြမယ်၊ သတ်မှတ်ဇုန်နှုန်းနဲ့ ရပ်ကျေးလယ်စီမှာ စာချုပ်ချုပ်ဆိုရမယ်၊ အဲဒါတွေပြီးရင် မြေစာရင်းဌာနကိုတင်ရမယ်။ မြေစာရင်းဌာနကနေ မြို့နယ်လယ်စီကိုတင်ပြမယ်၊ မြို့နယ်လယ်စီက ခွင့်ပြုရင် အမည်ပြောင်းလို့ရပြီ။ လယ်ယာမြေဥပဒေအရ ၂ ရာနှုန်း၊ အခွန်ဥပဒေအရ ၂ ရာနှူန်း စာချုပ်စာတမ်းက သုည ဒသမ ၅ ရာနှုန်းဆိုတော့ ၄ ဒသမ ၅ ရာနှုန်း အခွန်ဆောင်ရမယ်" လို့ ပြောပါတယ်။ တောင်သူဦးလင်းအောင်က “ဝမ်းသာစရာပါဗျာ။ ရွာမှာ မြေလေး ဝယ်ထားတယ် ပုံစံ ၇ အမည်မပေါက်သေးတော့ စိုက်ဘဏ်ထုတ်မရဘူး ဖြစ်နေတယ်။ ရွာတွေမှာ ပုံစံ ၇ အမည်ပြောင်းချင်သူတွေ အများကြီးပဲ၊ ဇုန်နှုန်းမထွက်သေးလို့ အမည်ပြောင်းမရ ဖြစ်နေတာ ကြာပြီပေါ့။ အခွန်တံဆိပ်ခေါင်းတွေ ကပ်ရမှာဆိုတော့ အခွန်တံဆိပ်ခေါင်း လောက်ငမှ ဖြစ်မယ် ထင်တယ်” လို့ ပြောပါတယ်။ လယ်ယာမြေဥပဒေအသစ်ရ လယ်ယာမြေတွေကို ရောင်းဝယ်၊ ပေါင်၊ ငှား လုပ်ခွင့် ပြုခဲ့ပါတယ်။ တိုင်းနဲ့ပြည်နယ် ၁၄ ခုမှာ ရှမ်းပြည်နယ်က ပထမဆုံး လယ်ယာမြေရဲ့တန်ဖိုးဇုန်နှုန်း စတင်ထွက်ခဲ့ပြီး ၂ နှစ်နီးပါးအကြာမှ မန္တလေးတိုင်းအနေနဲ့ လယ်ယာမြေရဲ့ တန်ဖိုးဇုန်နှုန်း ထွက်လာခဲ့တာပါ။  မိတ္ထီလာခရိုင်ထဲမှာ လယ်ယာမြေတွေကို အရောင်းအဝယ် အမွေခွဲ အပေးအကမ်း တွေရှိနေခဲ့ပြီး လယ်ယာမြေရဲ့ တန်ဖိုးဇုန်နှုန်း မထွက်ရှိသေးတာကြောင့် လယ်ယာမြေလုပ်ပိုင်ခွင့်ပုံစံ ၇ အမည်ပြောင်းမရတဲ့ အခက်အခဲဖြစ်နေကြပြီး အခုလို လယ်ယာမြေရဲ့ တန်ဖိုးဇုန်နှုန်း ထွက်လာတာကြောင့် အမည်ပြောင်းချင်သူတွေ ဝမ်းသာနေကြတယ်လို့ သိရပါတယ်။ သတင်း၊ ဓာတ်ပုံ - မောင်မောင်လင်း
2 months Ago
Up