ပရီးမီးယားလိဂ် အမှတ်ပေးပွဲ ရာသီမသိမ်းခင် ချန်ပီယံဘွဲ့ကို မန်စီးတီးက သိမ်းပိုက်ခဲ့ပြီး လာမယ့်ရာသီ ချန်ပီယံလိဂ် ဝင်ခွင့်ရမယ့် ထိပ်ဆုံးလေးသင်းစာရင်းက အပြောင်းအလဲ မရှိလှပေမယ့် တန်းဆင်းဇုန်ထဲ ကျရောက်နေတဲ့ အသင်းတွေကတော့ အကြိတ်အနယ် ဆက်လက်ရုန်းကန် ယှဉ်ပြိုင်နေကြဆဲမို့ ပရိသတ်တွေကို ရသတွေ ပေးစွမ်းနိုင်နေဆဲ ဖြစ်ပါတယ်။
ဒီတပတ်စနေနေ့မှာ ယှဉ်ပြိုင်မယ့် ပွဲစဉ်တွေကတော့ စတုတ်-ပဲလေ့စ်၊ ဘုန်းမောက်-ဆွမ်ဆီး၊ လက်စတာ-ဝက်စ်ဟမ်း၊ ဝတ်ဖို့ဒ်-နယူးကာဆယ်၊ ဝက်စ်ဘရွန်း-စပါးနဲ့ အဲဗာတန်-ဆောက်သမ်တန် ပွဲစဉ်တွေပဲ ဖြစ်ပါတယ်။
စတုတ်-ပဲလေ့စ်
တန်းဆင်းဇုန် အဆင့် ၁၉ မှာ ရပ်တည်နေတဲ့ စတုတ်အသင်းဟာ နောက်ပိုင်းပွဲစဉ်တွေမှာ အမှတ်ရအောင် ကြိုးစားကစားလာတာ တွေ့ရပါတယ်။ ပြီးခဲ့တဲ့ ပရီးမီးယားလိဂ် နောက်ဆုံးသုံးပွဲဆက် ဝက်စ်ဟမ်း၊ ဘန်လေ၊ လီဗာပူးတို့ကို မရှုံးခဲ့ဘဲ သုံးပွဲစလုံး သရေကျခဲ့ပြီး အမှတ်ခွဲယူနိုင်ခဲ့ပါတယ်။
ပဲလေ့စ်ကတော့ လက်ရှိ ရမှတ် ၃၈ မှတ်နဲ့ အမှတ်ပေးဇယား အဆင့် ၁၁ မှာ ရပ်တည်နေပြီး တန်းဆင်းဇုန် အဆင့် ၁၈ က အသင်းနဲ့ ၆ မှတ်ပဲ ကွာဟနေတဲ့အတွက် စိတ်ချရတဲ့ အနေအထားတော့ မဟုတ်သေးပါဘူး။ ပဲလေ့စ်ဟာ အခုရာသီ နိုင်ပွဲ ၉ ပွဲရှိပြီး အိမ်ကွင်းနိုင်ပွဲ ၆ ပွဲရှိပေမယ့် အဝေးကွင်းမှာ နိုင်ပွဲ ၃ ပွဲပဲ ရှိတာက ပဲလေ့စ်ရဲ့ အဝေးကွင်းခြေစွမ်း အားနည်းတာကို ပြနေပါတယ်။
ပထမအကျော့က အိမ်ကွင်းမှာ စတုတ်ကို ပဲလေ့စ် ၂ ဂိုး ၁ ဂိုးနဲ့ နိုင်ခဲ့ပေမယ့် အခု စတုတ်ကွင်းမှာတော့ အနိုင်ရဖို့ မလွယ်ကူဘဲ ရုန်းကန်ကစားလာမယ့် အိမ်ရှင်အသင်းကြောင့် နှစ်ဖက်သွင်းဂိုးတွေနဲ့ သရေကျသွားနိုင်သလို အိမ်ရှင်အသင်း ကပ်ပြီးအနိုင်ရသွားနိုင်ချေလည်း ရှိနေပါတယ်။
ဘုန်းမောက်-ဆွမ်ဆီး
ဘုန်းမောက်ဟာ ပရီးမီးယားလိဂ် နောက်ဆုံးသုံးပွဲဆက် အမှတ်မရခဲ့ဘဲ လီဗာပူးကို ၃ ဂိုး ဂိုးမရှိ၊ မန်ယူကို ၂ ဂိုး ဂိုးမရှိ၊ ဆောက်သမ်တန်ကို ၂ ဂိုး ၁ ဂိုးနဲ့ သုံးပွဲလုံး ရှုံးနိမ့်ခဲ့တာပါ။ လက်ရှိ ရမှတ် ၃၈ မှတ်နဲ့ အဆင့် ၁၂ မှာ ရပ်တည်နေတဲ့ ဘုန်းမောက်အသင်း အခု အိမ်ကွင်းပွဲစဉ်မှာတော့ အမှတ်ပြန်ရအောင် ကြိုးစားလာဖွယ် ရှိနေပါတယ်။
ဆွမ်ဆီးကလည်း လက်ရှိ ရမှတ် ၃၁ မှတ်နဲ့ တန်းဆင်းဇုန်အထက် အဆင့် ၁၇ မှာ ရပ်တည်နေတာမို့ ခြေချော်လက်ချော် ဖြစ်တာနဲ့ တန်းဆင်းဇုန်ထဲ ဆင်းသွားရဖို့ ရှိနေပါတယ်။ ပရီးမီးယားလိဂ် နောက်ဆုံးသုံးပွဲ ယှဉ်ပြိုင်ခဲ့ရာမှာလည်း ဆွမ်ဆီး တပွဲသရေ၊ နှစ်ပွဲရှုံးနဲ့ ရမှတ် တမှတ်ပဲ ယူနိုင်ခဲ့တာပါ။
ဒါကြောင့်လည်း ဒီပွဲဟာ နှစ်သင်းလုံးအတွက် အရေးကြီးပြီး အားကုန်ထုတ် ယှဉ်ပြိုင်လာမှာဖြစ်လို့ ကြည့်ကောင်းမယ့်ပွဲတပွဲ ဖြစ်လာနိုင်ပါတယ်။ ပထမကျော့က ဂိုးမရှိ သရေကျခဲ့ပေမယ့် အခုပွဲစဉ်မှာတော့ နှစ်သင်း တိုက်စစ်အပြန်အလှန် ကစားပြီး သွင်းဂိုးတွေ မြင်တွေ့ရဖို့ ရှိသလို အိမ်ရှင် ဘုန်းမောက် ကပ်နိုင်သွားချေ ရှိနေပါတယ်။
လက်စတာ-ဝက်စ်ဟမ်း
လက်စတာဟာ ရမှတ် ၄၄ မှတ်နဲ့ အဆင့် ၉ မှာ ရပ်တည်နေပြီး တန်းဆင်းဇုန်အန္တရာယ် မရှိသလို ဥရောပဝင်ခွင့်ရမယ့် စာရင်းထဲလည်း ဝင်ဖို့မရှိတော့တဲ့အတွက် စိတ်အေးလက်အေး ဖြစ်နေပါတယ်။ ဒါကြောင့်လည်း နောက်ပိုင်းပွဲစဉ်တွေမှာ လက်စတာ ကစားပုံ မကောင်းလှဘဲ ပရီးမီးယားလိဂ် နောက်ဆုံး လေးပွဲဆက် နိုင်ပွဲပျောက်ခဲ့သလို ပြီးခဲ့တဲ့အပတ် ပဲလေ့စ်နဲ့ ပွဲစဉ်မှာလည်း ၅ ဂိုးပြတ်နဲ့ ရှုံးနိမ့်ခဲ့တဲ့အထိ ခြေစွမ်း ယိမ်းယိုင်နေပါတယ်။
ရမှတ် ၃၅ မှတ်နဲ့ အဆင့် ၁၅ မှာ ရပ်တည်နေတဲ့ ဝက်စ်ဟမ်းကလည်း တန်းဆင်းဇုန်အန္တရာယ် ရှိနေတဲ့အတွက် အမှတ်ရအောင် ကြိုးစားကစားလာမှာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ပရီးမီးယားလိဂ် နောက်ဆုံးလေးပွဲမှာ ချဲလ်ဆီးကို ၁ ဂိုးစီသရေ၊ စတုတ်နဲ့ ၁ ဂိုးစီ သရေကျခဲ့ပေမယ့် အာဆင်နယ်ကို ၄ ဂိုး ၁ ဂိုး၊ မန်စီးတီးကို ၄ ဂိုး ၁ ဂိုးနဲ့ ဂိုးပြတ် ရှုံးနိမ့်ခဲ့တာပါ။ အဲဒီလေးပွဲမှာ ဝက်စ်ဟမ်းတိုက်စစ်က ပွဲတိုင်း ဂိုးသွင်းနိုင်တာကိုတော့ တွေ့ရပါတယ်။
ဒီနှစ်သင်း ပထမအကျော့က ၁ ဂိုးစီ သရေကျခဲ့ပေမယ့် အခုပွဲစဉ်မှာတော့ အမှတ်လိုအပ်နေတဲ့ ဝက်စ်ဟမ်းကြောင့် လက်စတာ အခက်တွေ့ဖွယ်ရှိပြီး တိုက်စစ်နဲ့ ရုန်းကန်လာမယ့် ဝက်စ်ဟမ်းကိုပဲ အနိုင်ပေးချင်ပါတယ်။
ဝတ်ဖို့ဒ်-နယူးကာဆယ်
အလယ်အလတ်အသင်း နှစ်သင်းရဲ့ တွေ့ဆုံမှုမှာ မျှတတဲ့အဖြေကတော့ သရေရလဒ်ပဲ ဖြစ်ပါတယ်။ ဝတ်ဖို့ဒ်ဟာ ရမှတ် ၃၈ မှတ်နဲ့ အဆင့် ၁၃ မှာ ရပ်တည်နေပြီး အမှတ်လိုနေသေးပေမယ့် နောက်ပိုင်းပွဲစဉ်တွေမှာ တိုက်စစ်ပိုင်း အားနည်းပြီး ဂိုးရဖို့အတွက် ရုန်းကန်နေရတာကို တွေ့ရပါတယ်။ ဒါပေမယ့်လည်း အိမ်ကွင်းမှာဆို ကစားအားကောင်းတတ်ပြီး အမှတ်ယူတတ်တာကိုတော့ သတိပြုရမှာ ဖြစ်ပါတယ်။
နယူးကာဆယ်ကလည်း အမှတ်လိုနေတဲ့အချိန် ရုန်းကန်ကစားခဲ့ပြီး အာဆင်နယ်ကိုတောင် အိမ်ကွင်းမှာ ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ယူခဲ့တာပါ။ ဒါပေမယ့် အဲဒီနောက်ပိုင်း နှစ်ပွဲဆက် ရလဒ်မကောင်းဘဲ အဲဗာတန်ကို ၁ ဂိုး ဂိုးမရှိ၊ ဝက်စ်ဘရွန်းကို ၁ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့ပါတယ်။ လက်ရှိလည်း ရမှတ် ၄၁ မှတ်နဲ့ အဆင့် ၁၀ မှာ ရပ်တည်နေပြီး ဘာဖိအားမှ မရှိတဲ့အတွက် သက်သောင့်သက်သာပဲ ကစားလာဖွယ် ရှိနေပါတယ်။
ဒီနှစ်သင်း ပထမအကျော့က ဂိုးမရှိ သရေကျခဲ့သလို အခုပွဲမှာလည်း တိုက်စစ်အားနည်းတဲ့ အသင်းတွေပီပီ ဂိုးနည်းနည်းနဲ့ သရေပွဲပဲ ဖြစ်ဖို့များနေပါတယ်။
ဝက်စ်ဘရွန်း-စပါး
အခုလို အရေးကြီးတဲ့အချိန်မျိုးမှာ စပါးလိုအသင်းမျိုးနဲ့ တွေ့ရတဲ့ ဝက်စ်ဘရွန်းအတွက် ကံမကောင်းမှုတခုပဲလို့ ဆိုရမှာပါ။ ဝက်စ်ဘရွန်းဟာ အမှတ်ပေးဇယား အောက်ဆုံးမှာ ရပ်တည်နေပြီး အခုပွဲက သေရေးရှင်ရေးတမျှ အရေးကြီးနေပါတယ်။ ဒီပွဲမှာ အမှတ်ဆုံးရှုံးခဲ့ရင် တန်းဆင်းရဖို့ သေချာသွားမှာမို့ ဝက်စ်ဘရွန်း ရှိသမျှ အားနဲ့ ရုန်းကန်လာမှာကတော့ သေချာပါတယ်။
အခုနောက်ပိုင်းပွဲစဉ်တွေမှာ ဝက်စ်ဘရွန်းရဲ့ ရုန်းကန်အားကို တွေ့နေရပြီး ပရီးမီးယားလိဂ် နောက်ဆုံးလေးပွဲဆက် ရလဒ်ကောင်းတွေနဲ့ အမှတ်ရယူနိုင်တာကို တွေ့ရပါတယ်။ ဆွမ်ဆီးနဲ့ ၁ ဂိုးစီသရေ၊ မန်ယူကို ၁ ဂိုး ဂိုးမရှိနဲ့နိုင်၊ လီဗာပူးနဲ့ ၂ ဂိုးစီသရေ၊ နယူးကာဆယ်ကို ၁ ဂိုး ဂိုးမရှိနဲ့ နိုင်ထားတဲ့ ဝက်စ်ဘရွန်းရဲ့ ကြိုးစားမှုဟာ အသိအမှတ်ပြုရမှာပါ။ အဲဒီပွဲတိုင်းမှာလည်း ဝက်စ်ဘရွန်း တိုက်စစ်က ဂိုးရအောင် သွင်းနိုင်တာ တွေ့ရပါတယ်။
ဒါပေမယ့် ဝက်စ်ဘရွန်းနဲ့ ယှဉ်ပြိုင်ရမယ့် စပါးကလည်း လက်ရှိ ရမှတ် ၇၁ မှတ်နဲ့ အဆင့် ၄ မှာ ရပ်တည်နေပြီး လာမယ့်ရာသီ ချန်ပီယံလိဂ် ဝင်ခွင့်ရ လေးသင်းထဲ ပါဝင်နေပေမယ့် သူ့အောက်က ချဲလ်ဆီးအသင်းကို ၅ မှတ်ပဲ ဖြတ်ထားနိုင်သေးတဲ့အတွက် စိတ်ချရတဲ့ အနေအထားလို့တော့ ပြောလို့မရသေးပါဘူး။
ပြီးခဲ့တဲ့ ပရီးမီးယားလိဂ် နောက်ဆုံးသုံးပွဲမှာ မန်စီးတီးကို ၃ ဂိုး ၁ ဂိုးနဲ့ရှုံး၊ ဘရိုက်တန်နဲ့ ၁ ဂိုးစီသရေကျပြီး ပြီးခဲ့တဲ့အပတ် ဝတ်ဖို့ဒ်နဲ့ပွဲစဉ်မှာတော့ ၂ ဂိုး ဂိုးမရှိနဲ့ ပြန်ပြီး အနိုင်ရခဲ့ပါတယ်။ ဒါပေမယ့်လည်း သုံးပွဲမှာ လေးမှတ်ပဲရခဲ့တဲ့အတွက် စပါးအသင်း အခုပွဲစဉ်မှာ အမှတ်ထပ် မဆုံးရှုံးအောင် ကစားမှာ သေချာလှပါတယ်။
ဒီနှစ်သင်း ပထမအကျော့ စပါးကွင်းမှာ ၁ ဂိုးစီ သရေကျခဲ့ပေမယ့် အခုပွဲစဉ်မှာတော့ အမှတ်ပြည့်ရအောင် ကြိုးစားလာမယ့် စပါးကြောင့် ဝက်စ်ဘရွန်း သရေတမှတ်တောင် ရဖို့ မလွယ်ကူဘဲ အရှုံးပေးသွားရဖို့ ရှိနေပါတယ်။
အဲဗာတန်-ဆောက်သမ်တန်
အဲဗာတန်ဟာ ပုံမှန်အားဖြင့် အိမ်ကွင်းကစားပုံ ကောင်းမွန်ပြီး မာကျောလှပေမယ့် လက်ရှိ အမှတ်ပေးဇယား ရပ်တည်မှုအရ တန်းဆင်းဇုန်အန္တရာယ်ရှိနေတဲ့ ဆောက်သမ်တန်ရဲ့ ရုန်းကန်မှုကြောင့် အခက်တွေ့ရှိနေပါတယ်။ အဲဗာတန်ဟာ ၄၈ မှတ်နဲ့ အဆင့် ၈ မှာ ရပ်တည်နေပြီး ဒီရာသီ အလယ်အလတ်အဆင့်နဲ့ပဲ ရာသီသိမ်းဖို့ ရှိနေပါတယ်။
ဆောက်သမ်တန်ကတော့ ၃၂ မှတ်နဲ့ တန်းဆင်းဇုန် အဆင့် ၁၈ မှာ ရပ်တည်နေတဲ့အတွက် နောက်ပိုင်းပွဲစဉ်တွေမှာ အားကုန်ထုတ် ရုန်းကန်နေတာပါ။ ပြီးခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၃၄ မှာ ချဲလ်ဆီးကို အပြန်အလှန်ကစားပြီး ၃ ဂိုး ၂ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပြီးနောက် လက်စတာနဲ့ ဂိုးမရှိသရေ၊ ဘုန်းမောက်ကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။
ဆောက်သမ်တန်ဟာ လက်ကျန်ကစားဖို့ ၃ ပွဲကျန်နေပြီး အဲဒီသုံးပွဲစလုံး ရလဒ်ကောင်းခဲ့ရင် တန်းဆင်းဇုန်က လွတ်မြောက်နိုင်ချေ ရှိနေတာမို့ ဆောက်သမ်တန် ကြိုးစားကစားမှာ ဖြစ်ပါတယ်။ ဒီနှစ်သင်း ပထမအကျော့မှာ ဆောက်သမ်တန်ကပဲ ၄ ဂိုး ၁ ဂိုးနဲ့ အနိုင်ရခဲ့သလို အခုပွဲစဉ်မှာလည်း အမှတ်လိုအပ်ချက်ကြောင့် ဖောင်ဖျက်ကစားလာမယ့် ဆောက်သမ်တန်ကိုပဲ အနိုင်ရလဒ် ပေးရမှာ ဖြစ်ပါတယ်။
3 years Ago