တန့်ယန်းမြို့နယ်

August 25, 2022

တန့်ယန်းမြို့နယ်တွင် ယာဉ်တိမ်းမှောက်မှုဖြစ်ပြီး ၂၇ ဦး ဒဏ်ရာရ

ရှမ်းပြည်မြောက်ပိုင်း လားရှိုးခရိုင် တန့်ယန်းမြို့နယ်ထဲမှာ ဩဂုတ် ၂၄ ရက်ညက ယာဉ်တိမ်းမှောက်မှုဖြစ်ပွားပြီး ၂၇ ဦးဒဏ်ရာရခဲ့တယ်လို့ မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ဖော်ပြပါတယ်။ 

မနေ့ည ၉ နာရီလောက်က တန့်ယန်းမြို့နယ်၊ နမ့်ဟူလွယ်ကာအုပ်စု၊ နမ့်ပွန်းရွာနဲ့ နားဟွေရွာကြားမှာ ကားမှောက်ပြီး ထိခိုက်ဒဏ်ရာရသူတွေရှိကြောင်း အကူအညီ တောင်းလာတဲ့အတွက် မြို့နယ် ကြက်ခြေနီတပ်ဖွဲ့၊ အရန်မီးသတ်ဌာန နဲ့ တန့်ယန်းလူငယ် သာရေးနာရေးအသင်းက အဖွဲ့ဝင်တွေ သွားရောက်ကူညီပြီး တန့်ယန်းဆေးရုံကို ပို့ဆောင်ပေးခဲ့တယ်လို့ ဆိုပါတယ်။ 

ဒဏ်ရာရသူထဲမှာ အမျိုးသား ၅ ဦး၊ အမျိုးသမီး ၂၂ ဦးပါဝင်ပြီး အဲဒီထဲက ၅ ယောက်မှာ ဒဏ်ရာပြင်းထန်တာကြောင့် တန့်ယန့်ဆေးရုံမှ လားရှိုးဆေးရုံကြီးကို ညတွင်းချင်းလိုက်လံပို့ ဆောင်ပေးခဲ့တယ်လို့ ဆိုပါတယ်။

နောက်ထပ်အသေးစိတ်အချက်အလက်တွေသိရဖို့ သက်ဆိုင်ရာတာဝန်ရှိသူတွေကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းလို့ မရသေးပါဘူး။

7 months Ago

October 13, 2021

တန့်ယန်းမြို့နယ်တွင် သတ္တုတူးဖော် စီမံကိန်းကို ရွာသားများကန့်ကွက်

ရှမ်းပြည်မြောက်ပိုင်း၊ တန့်ယန်းမြို့နယ်၊ နားဟုတ်ကျေးရွာအုပ်စုထဲမှာ ငွေရည်ပုလဲကုမ္ပဏီနဲ့ စစ်ကောင်စီဘက်က အရာရှိတွေ ပူးပေါင်းပြီး သတ္တုတူးဖော်မယ့်အစီအစဉ်ကို  ဒေသခံရွာသားတွေ ကန့်ကွက်တယ်လို့  ရှမ်းလူ့အခွင့်အရေးမဏိုင်အဖွဲ့ SHRF က အောက်တိုဘာ ၁၂ ရက် နေ့စွဲနဲ့ အစီရင်ခံစာ ထုတ်ပြန်ပါတယ်။

သတ္တုတူးဖော်မယ့်နေရာဟာ သံလွင်မြစ်လက်တက်တစ်ခုဖြစ်တဲ့ နမ့်ပန်ချောင်းတလျှောက် ဧရိယာအကျယ်အဝန်း ၈၅၀ ဧကထဲမှာရှိပြီး သတ္တုတူးဖော်ခြင်းအားဖြင့် သဘာဝဝန်းကျင်ဂေဟ စနစ်ကိုပျက်စီးစေနိုင်ကြောင်း ၊ အထူးသဖြင့် နမ့်ပန်ချောင်းကိုညစ်ညမ်းစေပြီး အဆိုပါချောင်းရေ ကို အမှီသဟဲပြုစိုက်ပျိုးရေးလုပ်ကိုင်စားသောက်နေရတဲ့ နားဟုတ်ကျေးရွာအုပ်စု ရွာပေါင်း ၁၄ ရွာနေ ပြည်သူပေါင်း ၃၀၀၀ ကျော်ရဲ့ လူမှုစီးပွါး‌စနစ်ကို ထိခိုက်နိုင်တာကြောင့် ကန့်ကွက်နေကြတာလို့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။ 

ဒီမတိုင်ခင်ကလည်း အဆိုပါကုမ္ပဏီဟာ တက်လက်ကျေးရွာအနီးမှာ ကျောက်မီးသွေး တူးဖော်ခဲ့တာကြောင့် အိမ်ခြေ ၆၀ ကျော်ရှိတဲ့ တက်လက်ရွာသားတွေ တရွာလုံး ရွှေ့ပြောင်းခဲ့ရကြောင်း ၊ ယခုဆက်လက်တိုးချဲ့မယ့် စီမံကိန်းကတော့ နေရာဟောင်းနဲ့ ၁ မိုင်အကွာအဝေးမှာ တည်ရှိတယ်လို့ ဆိုပါတယ်။

ကုမ္ပဏီတာဝန်ရှိသူတွေဟာ ပြီးခဲ့တဲ့ မေလ ၇ ရက်က  နားဟုတ်ကျေးရွာ အုပ်ချုပ်ရေးမှူးအိမ်မှာ ရွာသားကိုယ်စားလှယ် ၁၅ ဦးကို ခေါ်ယူပြီး သတ္တုတူးဖော်မယ့်ကိစ္စ ဆွေးနွေးခဲ့ကြောင်း၊  ကုမ္ပဏီက မြေအကျယ် ၁ မီတာလောက်မှာပဲ စမ်းသပ်တူးဖော်မယ်ပြောတာကြောင့် ရွာသား ၄ ဦးက လက်မှတ်ထိုးခဲ့ပြီး ကျန် ၁၀ ဦးက သဘောမတူလို့ လက်မှတ်မထိုးကြောင်း ၊ ဒါပေမဲ့ ရွာ သားတွေပြန်သွားတဲ့အခါ ကျေးရွာအုပ်ချုပ်ရေးမှူးက ရွာသား ၁၀ ဦးကိုယ်စား လက်မှတ်အတု ထိုးပေးလိုက်တယ်လို့ ဆိုပါတယ်။ 

ဒီကိစ္စကို အရေးယူပေးဖို့ ၊ သတ္တုတူးဖော်ရေးစီမံကိန်းကို ရပ်နားပေးဖို့အတွက် မေလ ၈ ရက်နေ့က ရွာသားတွေစုပြီး ဒေသတွင်းရှိ ရှမ်းပြည်တပ်မတော် SSA/SSPP နဲ့ SNLD ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်၊ မိုင်းဟပြည်သူ့စစ်တို့ထံ  စာတစ်စောင်ပေးပို့ခဲ့ပါတယ်။ 

ဒါပေမဲ့အခြေအနေထူးခြားမှုမရှိဘဲ ပြီးခဲ့တဲ့ စက်တင်ဘာ ၁၈ ရက်က ကုမ္ပဏီ တာဝန်ရှိသူမှ ရွာသားတွေကိုထပ်မံဆင့်ခေါ်ခဲ့ကြောင်း၊ ကျေးရွာအုပ်ချုပ်ရေးမှူးနဲ့ ကုမ္ပဏီမန်နေဂျာက သတ္တုတူးဖော်ခွင့်ပြုရင် ရွာသားတွေအတွက်ထိုက်သင့်တဲ့ လျော်ကြေးတွေပေးမယ်လို့ ပြောပေမယ့် ရွာသားတွေက သူတို့ပေးမယ့်လျော်ကြေးဟာ ဘယ်လောက်များများ ဘိုးစဉ်ဘောင်ဆက် လုပ်ကိုင်စားသောက်နိုင်မယ့် သဘာဝရေမြေကိုသာ အလိုရှိကြောင်းပြောဆိုပြီး ထပ်မံကန့်ကွက်ခဲ့ တယ်လို့ ဆိုပါတယ်။

ကုမ္ပဏီဘက်က သဘောတူတဲ့ နားဟုတ်ကျေးရွာအုပ်ချုပ်ရေးမှူး စိုင်းကွန်းဆာဟာ စစ်ကောင်စီက ခန့်အပ်ထားသူဖြစ်ပြီး ရွာသားတွေဘက်က ရပ်တည်ပေးလေ့မရှိကြောင်း၊ သူ့အရင် အုပ်ချုပ်ရေးမှူးဟောင်း စိုင်းဘွမ်းကတော့ ရွာသားဘက်က နေပြီး သတ္တုစီမံကိန်းကိုကန့်ကွက်ထားလို့ မိုင်းဟပြည်သူ့စစ်အဖွဲ့ရဲ့ ခြိမ်းခြောက်မှုကို ခံခဲ့ရတယ်လို့ ဆိုပါတယ်။

1 year Ago
Up