တန့်ဆည်ရွာ

September 1, 2021

တန့်ဆည် ရွာတချို့တွင် စစ်တပ်သတ်ဖြတ်မှုကြောင့် ၅ ဦးသေဆုံး၊ ၁၂ ဦး ဖမ်းဆီခံရ

တန့်ဆည်မြို့နယ်ထဲက ရွာတချို့ကို စစ်ကောင်စီစစ်တပ်က ဝင်ရောက်ဖျက်ဆီး သတ်ဖြတ်ခဲ့တာကြောင့် လူ ၅ ယောက် သေဆုံးပြီး ၁၂ ယောက်ဖမ်းခံရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဩဂုတ် ၂၆ ရက်လောက်က စပြီး အကြမ်းဖက် စစ်သား ၈၀ လောက်ဟာ ကာပေါင်းကျရွာအပါအဝင် ရွာတချို့ကို ဝင်ရောက် စီးနင်းဖျက်ဆီးခဲ့ကြတာပါ။

မနေ့ကတော့ စစ်တပ်ဟာ ရွာတွေကနေ ပြန်ထွက်သွားပြီး ဒေသခံ အလောင်း ၅ လောင်း တွေ့ထားတယ်လို့ ဒေသခံတယောက်က ပြောပါတယ်။

အသက် ၃၀ အရွယ် ကိုမိုးဆွေဦး (ခ) ကိုပူစီမှာ နောက်ကျောကျည်ထိ သေဆုံးတာတွေ့ရပြီး အသက် ၅၅ နှစ်အရွယ် ဦးငြိမ်းအောင်ကတော့ ဦးခေါင်းပစ်ခံထားရသလို ညာလက် ကျိုးနေတာကို တွေ့ရတယ်လို့ ဆိုပါတယ်။

“ဦးငြိမ်းအောင်က လိပ်ခြံရွာသား၊ ပြီးတော့ အသက် ၃၂ နှစ်အရွယ် ကိုဟိန်းဇာ၊ ၄၂ နှစ်အရွယ် ကိုဇော်မင်းလေးနဲ့ ဘယ်သူမှန်းမသိရသေးတဲ့ အလောင်းတလောင်းတွေ့ထားတယ်။ အသက် ၂၁ နှစ်အရွယ် နေနန်းနွယ်မှာ လက်မောင်းကျည်ထိပြီး ဒဏ်ရာရထားတယ်” လို့ ဒေသခံတယောက်က ပြောပါတယ်။

 သူတို့သိရသလောက် အိမ်ခြေ ၁၅၀၀ ကျော် ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး ခုချိန်ထိတော့ ပြည့်စုံတဲ့ စာရင်း အချက်အလက်တွေ မသိရသေးဘူးလို့လည်း သူက ပြောပါတယ်။

ဒေသခံတယောက်ကလည်း “ကာပေါင်းကျမှာ မီးရှို့ခံရတာ တအိမ်၊ ဖျက်ဆီးခံရတာ ၁၅ အိမ်ရှိတယ်။ အသေးအမွှား ဖျက်ခံရတာကတော့ အများကြီးပဲ။ ဖမ်းခံရတာကတော့ လိပ်ခြံရွာက ၁၁ ယောက်။ နောက်တယောက်က ဘယ်ရွာကမှန်း မသိရသေးဘူး။ စုစုပေါင်း ၁၂ ယောက်ပေါ့။ ဒီထဲမှာ စိတ်မမှန်တဲ့ ညီအကို ၂ ယောက်ပါတယ်” လို့ ပြောပါတယ်။

 အကြမ်းဖက် စစ်တပ်ဟာ ကာပေါင်းကျ၊ တပိုး၊ အိုင်လျား၊ လိပ်ခြံ၊ နှမ်းခင်းကြီး၊ သစ်စေးကုန်း၊ ရွာသစ်ကုန်း၊ သစ်တော်ပေါက်ရွာတို့ကို ၅ ရက်လောက် ဝင်ရောက်မွှေနှောက်ဖျက်ဆီး သွားခဲ့တာဖြစ်ပြီး ကာပေါင်းကျရွာကိုဝင်တာက ၇ ကြိမ်လောက်ရှိပြီလို့ ဒေသခံတွေက ပြောပါတယ်။

မနေ့ညနေကတော့ တန့်ဆည်က ရွာတွေကို ဖျက်ဆီးပြီး ဒီပဲယင်းဘက်ကို ပြန်လာတဲ့ စစ်တပ်ယာဉ်တန်းဟာ ၃ ကြိမ် မိုင်းခွဲခံခဲ့ရပြီး အသေအပျောက်အခြေအနေကိုတော့ မသိရသေးပါဘူး။

3 months Ago
Up