ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားမှု အဆိုးဝါးဆုံးဖြစ်ခဲ့တဲ့ တရုတ်ပြည်ဝူဟန်မှာ ပိတ်ဆို့မှုကာလပြီးမြောက်ခဲ့ပြီးနောက် လမ်းတွေ၊ ပို့ဆောင်ဆက်သွယ်ရေးတွေ ပြန်ဖွင့်တာရှိသလို၊ မြို့မှာရှိနေသေးတဲ့ ဗိုင်းရပ်စ်ကူးစက်ခံလူနာတွေကိုလည်း တနေရာတည်းကို ရွှေ့ပြောင်းနေရာချထားလိုက်တယ်လို့ မတ် ၂၉ ရက် ရိုက်တာသတင်းမှာ ဖော်ပြလိုက်ပါတယ်။
လက်ရှိမှာ ဝူဟန် ထုံကျိ ဆေးရုံရဲ့ အရေးကြီးလူနာ ၂၀ ရာခိုင်နှုန်းကျော်ကို ကွမ်းကူနဲ့ ကျုန်းဖှား စင်းချန် ဌာနခွဲတွေမှာ လက်ခံထားပေးပြီး၊ လူနာအားလုံးကို မတ် ၃၁ ရက်နေ့ထိ အပြီးသတ် ပြောင်းရွှေ့နေရာချထားမယ်လို့ ဆိုပါတယ်။
ဆေးရုံဟာ လူနာတွေရဲ့ အခြေအနေကြည့်ပြီး ပိုကောင်းတဲ့နေရာမှာ လူနာတွေကို ထားရှိဖို့ ဆုံးဖြတ်ခဲ့တာပါ။
ဒါ့အပြင် ဝူဟန်မြို့ တာဝန်ရှိသူတွေဟာ ဆေးဘက်ဆိုင်ရာပစ္စည်း ပစ္စယတွေကိုလည်း စုစည်းထားရှိပေးဖို့ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
ဝူဟန်မြို့ဟာ အသွားအလာ အဝင်အထွက် နှစ်လပိတ်ဆို့မှုပြုလုပ်ခဲ့ပြီးနောက် မတ် ၂၈ ရက်နေ့မှာ မြို့ကို တစိတ်တပိုင်းပြန်ဖွင့်ပေးခဲ့တာပါ။
အများပြည်သူသုံး ပို့ဆောင်ရေးလမ်းကြောင်းတွေလည်း ပြန်လည်ပြေးဆွဲခဲ့တယ်လို့ ရိုက်တာမှာ ဖော်ပြထားပါတယ်၊
တရုတ်နိုင်ငံမှာ မတ် ၂၈ ရက် စနေနေ့က ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရတဲ့အသစ်တွေ့ လူနာ ၄၅ ဦးရှိခဲ့ပြီး၊ အဲဒီထဲက တဦးက ပြည်ပက ဝင်လာတဲ့ ခရီးသွားတွေနဲ့ ဆက်စပ်တယ်လို့ ဆိုပါတယ်။
ဝူဟန်မှာလည်း စနေနေ့က သေဆုံးသူ ၅ ဦးရှိခဲ့ပေမဲ့၊ ဆယ်ရက်တာ ကာလအတွင်း အသစ်တွေ့ရှိရတဲ့ ကူးစက်ခံရသူ ၁ ဦးပဲ ရှိခဲ့တယ်လို့လည်း ရိုက်တာသတင်းက ဖော်ပြခဲ့ပါတယ်။
11 months Ago