တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ်

A d v e r t i s e m e n t With Us

September 24, 2015

တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ် အတည်ပြု မူကြမ်း၏ ဥပဒေပြဿနာများ

၂၀၁၅ မတ် ၃၁ ရက်က သဘောတူညီခဲ့သည့် အတည်ပြုမူကြမ်းကို အဓိကထားကာ လက်မှတ် လာရောက်ထိုးကြရန် ဦးသိန်းစိန်က ဖိတ်ခေါ်ပြီးနောက်တွင် ဤစာချုပ်ကို ယခုအဆင့်တွင် လက်မှတ်ထိုးသင့် မသင့်၊ တိုင်းရင်းသားအဖွဲ့အစည်းများအကြား၌ ရပ်တည်ချက် အမျိုးမျိုး ပေါ်လာနိုင်ပါသည်။ ယင်းနဲ့ စပ်လျဉ်း၍ သက်ဆိုင်ရာ တိုင်းရင်းသား လူထုများ၏ သဘောထားထုတ်ဖော်ခွင့် ရစေရေးအတွက် တရားဝင်စာချုပ် ဖြစ်နိုင်ရေး လိုအပ်ချက်များအား နိုင်ငံတကာနဲ့ ပြည်တွင်းဥပဒေရှုထောင့်များမှ တင်ပြပါမည်။ မဝေးလှသည့် တချိန်ချိန်တွင် စနစ်တကျ ပြင်ဆင်ရေးသားထားသော ငြိမ်းချမ်းရေးစာချုပ်အား အားလုံး ၀ိုင်းဝန်းကာ လက်မှတ်ထိုးကြရပါမည်။ ဤသည်ကို ငြင်းဆန်၊ ငြိမ်းချမ်းရေးကို ဦးတည်သည့် တွေ့ဆုံဆွေးနွေးရေးဝိုင်းအား မျက်ကွယ်ပြုကာ လက်နက်ကိုင်တိုက်ပွဲ သက်သက်နဲ့သာ ပြဿနာကို ဖြေရှင်းမည်ဟူ၍ မည်သည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းကမျှ တောင်းဆိုနေခြင်း၊ ရပ်တည်ဆောင်ရွက်နေခြင်းကို မတွေ့ရပါ။ သို့ရာတွင် မြန်မာစစ်အစိုးရ အလိုကျ ယခုအချိန်မှာပင် ဤစာချုပ်ကို ချက်ချင်းကြီး လက်မှတ်ထိုး ချုပ်ဆိုရန် အဘယ်ကြောင့် လိုအပ်ပါသနည်း။ လက်မှတ်မထိုးပါက တိုက်ပွဲများ ပြန်ဖြစ်ကာ သွေးထွက်သံယိုများ ပေါ်လာနိုင်ပါမည်လား။ ဤသည်ကို ဆန်းစစ်ရန် လိုအပ်လာပါသည်။ လက်ရှိ ဘက်နှစ်ဘက် ဆွေးနွေးပွဲများတွင် အဓိကအားဖြင့် ပါဝင်ဦးဆောင်ဆွေးနွေး နေကြသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းကြီးများသည် ပြည်နယ်အဆင့်မှာ သာမက ပြည်ထောင်စုအဆင့်မှာပါ အပစ်ရပ်စာချုပ်များအား လက်မှတ်ရေးထိုးချုပ်ဆိုခဲ့ကြပြီး ဖြစ်သည်။ ကေအိုင်အိုနဲ့လည်း စစ်ရှိန်လျှော့ရန် သဘောတူ လက်မှတ်ထိုးထားခဲ့ကြပြီးဖြစ်သည်။ အဆိုပါ စာချုပ်များ၊ သဘောတူညီချက်များတွင် နောင်ချုပ်ဆိုမည့် တနိုင်ငံလုံး အပစ်ရပ်စာချုပ်ကို လက်မှတ်ရေးထိုးခြင်း မပြုပါက မူလစာချုပ် ပျက်ပြယ်စေရမည် ဟူသော ကန့်သတ်ချက် မပါရှိပါ။ သို့ဖြစ်၍ ယခု အတည်ပြုမူကြမ်းအား လတ်တလော လက်မှတ်ရေးထိုးချုပ်ဆိုခြင်း မပြုသေးရုံမျှနဲ့ မူလရရှိထားခဲ့သော သဘောတူညီချက်များသည် ဥပဒေသဘောအရ အလိုအလျောက် ပျက်ပြယ်မသွားပါ။ သို့ဖြစ်၍ မြန်မာစစ်အစိုးရအနေဖြင့် အသက်ဝင်နေဆဲ ဖြစ်သော အဆိုပါစာချုပ်များ၊ သဘောတူညီချက်များအား ဥပေက္ခာပြုပြီး ၎င်း၏ သဘောဆန္ဒ တခုတည်းနဲ့ တဖက်သတ်ထိုးစစ်ကြီးများ ဆင်နွှဲတိုက်ခိုက်၍ မရပါ။ ဤသို့ပြုပါက ချုပ်ဆိုခဲ့ပြီးသော စာချုပ်များနဲ့ သဘောတူညီချက်များအား မြန်မာစစ်အစိုးရကိုယ်တိုင်က တဖက်သတ် ချိုးဖောက်ခြင်း ဖြစ်ပါမည်။ တိုင်းရင်းသားအဖွဲ့အစည်းများတွင် တာဝန်မရှိပါ။ ဤသို့ ချိုးဖောက်တတ်သော အစိုးရမျိုး ဖြစ်ကြောင်း ထင်ရှားလျှင် ယခု တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ်ကို အဘယ်ကြောင့် ထပ်မံ ချုပ်ဆိုရန်အကြောင်း ရှိပါသနည်း။ မြန်မာစစ်အစိုးရဘက်က ၎င်းတို့ အလိုမကျပါက ထပ်မံ ချိုးဖောက်ဦးမည်သာ ဖြစ်သည်။ သို့ဖြစ်၍ ယခုရရှိထားသည့် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ် (အတည်ပြု မူကြမ်း) ကို လက်မှတ်ရေးထိုး ချုပ်ဆိုခြင်း မပြုသေးရုံမျှနဲ့ တိုက်ပွဲကြီးများ ပြန်ဖြစ်၊ ဘက်နှစ်ဘက် စစ်သည်များနဲ့ ပြည်သူလူထုများ သွေးထွက်သံယိုဖြစ်ကြမည် ဆိုပါက တာဝန်ရှိသူမှာ မြန်မာ စစ်အစိုးရသာ ဖြစ်ပါမည်။ ယခု ရရှိထားသည့် အတည်ပြုမူကြမ်းအရ ဆိုလျှင်လည်း လက်မှတ်ထိုး ချုပ်ဆိုစေဦးတော့ အလွယ်တကူ ကျိုးပေါက်နိုင်မည့် အနေအထား ဆက်ရှိနေဆဲပင် ဖြစ်သည်။ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးကိုပင် ခိုင်မာအောင် မလုပ်နိုင်သေးသည့် အတည်ပြုမူကြမ်း ဟူသည်အား ချက်ချင်း လက်မှတ်ရေးထိုးချုပ်ဆိုရန် အရေးပေါ် အကြောင်းရပ် မရှိပါ။ ချုပ်ဆိုသင့်သည့် စာချုပ်မှာ ပစ်ခတ်တိုက်ခိုက်မှုများ တကယ်တန်း ပြန်မဖြစ်စေသည့် ထိန်းချုပ်မှုများ ခိုင်မာစွာ ပါရှိနေသော ငြိမ်းချမ်းရေးစာချုပ် ဖြစ်သည်။ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ် ချုပ်ဆိုလိုသည်မှာ မြန်မာစစ်အစိုးရ ဖြစ်သည်။ ၎င်းကို လိုက်ပါဆွေးနွေးရင်း တိုင်းရင်းသား တော်လှန်ရေး အဖွဲ့အစည်းများက ငြိမ်းချမ်းရေး၏ အခြေခံများဖြစ်သည့် ဖက်ဒရယ်ပြည်ထောင်စု၊ တိုင်းရင်းသားအခွင့်အရေး၊ လူသားချင်းစာနာမှု အကူအညီများ၊ နိုင်ငံရေး ဆွေးနွေးပွဲဆိုင်ရာများ၊ မတရားအသင်း ကြေညာ ထားခြင်းမှ ပယ်ဖျက်ရေးဆိုင်ရာများ၊ အမျိုးသမီးများ၏ ပါဝင်ခွင့်၊ ကြားကာလအတွင်း ဆောင်ရွက်မည့် အစီအစဉ်များ စသည်တို့အား ထည့်သွင်းဆွေးနွေးလာကြခြင်းဖြစ်သည်။ အပစ်ရပ်စာချုပ်သက်သက် မဟုတ်တော့။ ငြိမ်းချမ်းရေးစာချုပ် အသွင်ဆောင်လာလျက် ရှိပါပြီ။ ဤသည်မှာ ကောင်းသည့်လက္ခဏာ ဖြစ်သည်။ မြန်မာစစ်အစိုးရသည် ငြိမ်းချမ်းရေးကို တကယ်တန်း လိုလားသည်မှန်ပါမူ ဘက်နှစ်ဘက် ဆွေးနွေးပွဲများ ဆက်လက်ကျင်းပကာ ပြည့်စုံကောင်းမွန်သည့် ငြိမ်းချမ်းရေးစာချုပ်တခု ဖြစ်လာစေရေးအတွက် ၀ိုင်းဝန်းကြိုးပမ်းပေးရန် တာဝန်ရှိသည်။ ယခုအဆင့်တွင် လက်မှတ်ထိုးလိုကြသည့် တိုင်းရင်းသား တော်လှန်ရေးအဖွဲ့များကိုယ်တိုင် မိမိတို့ကိုယ်ကို ပြန်လည်သုံးသပ်ရန် လိုအပ်လာပါသည်။ ပြည်ထောင်စုအဆင့်အထိ ၎င်းတို့ အသီးသီးနဲ့ မြန်မာစစ်အစိုးရတို့ လက်မှတ်ထိုးထားခဲ့သည့် စာချုပ်များနဲ့ နှိုင်းယှဉ်ပါက ယခုရရှိထား သည့် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ် (အတည်ပြုမူကြမ်း)သည် များစွာ ကွာခြားသွားခဲ့ပါပြီ။ တိုးတက်မှုအမြောက်အမြားကို တွေ့မြင်နိုင်ပြီ ဖြစ်သည်။ ဤသည်မှာ အားလုံးစုပေါင်းကြိုးပမ်းမှု၏ ရလဒ်ဖြစ်သည်။ သို့ရာတွင် ယခုရထားသော (အတည်ပြုမူကြမ်း) အဆင့်မျှနဲ့ လက်မှတ်ရေးထိုး ပေးလိုက်မည်ဆိုပါမူ စစ်မှန်သော ငြိမ်းချမ်းရေးအတွက် အုတ်မြစ်ချရာ မရောက်ဘဲ ("အယောင်ပြ" ဒီမိုကရေစီနဲ့ "ဝေါဟာရ" မျှသာရမည့် ဖက်ဒရယ်တို့ဖြင့်) စစ်အာဏာရှင်စနစ် သက်ဆိုးရှည်ရေးကို လက်တွေ့အရ ပံ့ပိုးပေးလိုက်ရာများ ရောက်နေမည်လား သုံးသပ်ရန် လိုအပ်လာပါသည်။ ဤသည်ကို သက်ဆိုင်ရာ တိုင်းရင်းသား တော်လှန်ရေး အဖွဲ့အစည်းများက ကိုယ်စားပြုထားသည့် တိုင်းရင်းသားလူမျိုး အသီးသီးကိုယ်တိုင်က လေ့လာ၊ သဘောထားများ စုစည်းထုတ်ဖော်၊ ယခုရထားသော (အတည်ပြုမူကြမ်း) လက်မှတ်ထိုးရေး၊ မထိုးရေးကို ဆုံးဖြတ် ဆောင်ရွက်ကြမည့် မိမိတို့၏ အဖွဲ့အစည်းများအား အကြံပြုချက်များ ပေးပို့ကြမည်ဆိုလျှင် အကျိုးရှိနိုင်ပါမည်။ ငြိမ်းချမ်းရေး ပြဿနာသည် လက်နက်ကိုင်စွဲ တိုက်ပွဲဝင်နေကြသည့် အဖွဲ့အစည်းများ၏ ပြဿနာ သက်သက် မဟုတ်ပါ။ တိုင်းရင်းသားပေါင်းစုံ လူထုကြီးတရပ်လုံး၏ ပြဿနာဖြစ်သည်။ ယခုအချိန်တွင် ဤသည်ကို ဆုံးဖြတ်ဆောင်ရွက်ကြမည့် တိုင်းရင်းသားတော်လှန်ရေး အဖွဲ့အစည်း အသီးသီးများ သည် မိမိတို့ သက်ဆိုင်ရာ လူထုများ၊ မိမိတို့ကို အစဉ်တစိုက် ထောက်ခံလာခဲ့ကြသော ပြည်တွင်းနဲ့ ပြည်ပရှိ လူထုအသင်းအဖွဲ့များနဲ့ (ဖြစ်နိုင်လျှင်ကိုယ်တိုင်ကိုယ်ကျ) တွေ့ဆုံ သဘောထားဆန္ဒများ ရယူခြင်း၊ အနည်းဆုံးအားဖြင့် အဝေးရောက်ဆန္ဒများ ရယူခြင်းတို့ ဆောင်ရွက်နိုင်မည်ဆိုပါက ငြိမ်းချမ်းရေးလှုပ်ရှားမှုသည် လူထုလှုပ်ရှားမှုအသွင် ဆောင်လာပါမည်။ လူထုအင်အားများ ပါလာပါမည်။ ယင်းသို့ ဖော်ဆောင်သည့် လုပ်ငန်းစဉ်သည်သာ စစ်မှန်သည့် ငြိမ်းချမ်းရေးကို ဦးတည်နိုင်ပါသည်။ နိုင်ငံအချင်းချင်းအကြား ချုပ်ဆိုသည့် စာချုပ်(သို့မဟုတ်) နိုင်ငံတနိုင်ငံနဲ့ နိုင်ငံတကာ အသွင်လက္ခဏာ ဆောင်သော နိုင်ငံတကာအဖွဲ့အစည်း (ဥပမာ အိုင်အယ်လ်အို)တို့အကြား ချုပ်ဆိုသည့်စာချုပ်ဖြစ်မှသာ နိုင်ငံတကာဥပဒေအရ တရားဝင်စာချုပ် ဖြစ်ပါမည်။ ၄င်းအခြေခံအရ ဆိုပါမူ အစိုးရနဲ့ ၄င်းကို ဆန့်ကျင် တော်လှန်တိုက်ခိုက်နေကြသည့် လက်နက်ကိုင် အင်အားစုများ အကြား ချုပ်ဆိုသော စာချုပ်များသည် နိုင်ငံတကာ ဥပဒေအရ တရားဝင်စာချုပ်မဖြစ်နိုင်ပါ။ သို့ရာတွင် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများသည် အခြေအနေနှစ်ရပ်အောက် တွင် နိုင်ငံတကာ ဥပဒေအရ အရေးထားရမည့်အရာ ဖြစ်သွားမည်ဆိုပါက နိုင်ငံတကာ ရှုထောင့်မှနေ၍ တရားဝင်မှုကို တစုံတရာ ချဉ်းကပ်နိုင်ဖွယ်ရှိလာပါသည်။  ပထမတရပ်မှာ နိုင်ငံတကာ လူသားချင်းစာနာထောက်ထားသည့်ဥပဒေ၊ အခြေခံများအား စာချုပ်တွင် ထည့်သွင်း ချုပ်ဆိုခြင်းနဲ့ နိုင်ငံတကာမှ ပါဝင်လက်မှတ်ရေးထိုးခြင်း ဖြစ်သည်။ သာဓကအနေဖြင့် အစိုးရနဲ့ Revolutionary United Front (RUF) တို့အကြား ချုပ်ဆိုသည့် စာချုပ်တွင် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာများအား ထည့်သွင်းချုပ်ဆိုခဲ့ကြသည်။ ယင်းသို့ဖြင့်စာချုပ်မှနေ၍ နိုင်ငံတကာက ပါဝင်ပတ်သက်နိုင်ရေး လမ်းကြောင်းကို ပွင့်သွားစေခြင်းဟု ဆိုနိုင်သည်။ ဒုတိယတရပ်မှာ ခေတ်သစ်ကြို နိုင်ငံတကာဥပဒေက လက်ခံလာသည့်။ (မိမိတို့ သမိုင်းကြောင်း၊ ရိုးရာအစဉ်အလာ၊ ဘာသာစကား၊ နယ်မြေတို့ကိုယ်စီ ရှိကြသည့်) လူမျိုးများအား သမိုင်းကြောင်းအရ ဦးစားပေးမှု အခြေခံမှ နေ၍ ဒေသခံတိုင်းရင်းသားများ (Indigenous Peoples) အနေဖြင့် အသိအမှတ်ပြုခွင့်ရရေး ရှုထောင့်မှ ချဉ်းကပ်ခြင်း ဖြစ်သည်။ လွတ်လပ်သော နိုင်ငံတည်ထောင်ခြင်းမှ လွဲ၍ ယင်း၏ အောက်တဆင့်နိမ့်ရုံမျှ ဖြစ်သော ကိုယ်ပိုင်ပြဌာန်းခွင့် အပြည့်အ၀ရထိုက်သည့် လူထုအနေအထားမျိုးမှ စာချုပ်ကို ချဉ်းကပ်ခြင်း ဖြစ်သည်။ သာဓကအားဖြင့် မက္ကဆီကန်အစိုးရနဲ့Chiapas လူမျိုးများ (ဇက်အန်အယ်လ်အေမှတဆင့်) ၊ ဘင်္ဂလားဒေ့ရှ် အစိုးရနဲ့ စစ်တကောင်းတောင်တန်းရှိ ဒေသခံတိုင်းရင်းသားများ၊ အိန္ဒိယအစိုးရနဲ့ အရှေ့မြောက်ဒေသရှိ လူမျိုးအုပ်စုများ၊ ပြင်သစ်နဲ့ နယူးကယ်လီဒိုးနီးယားရှိ Kanaks များ၊ ဂွာတီမာလာ အစိုးရနဲ့ ဒေသခံ တိုင်းရင်းသားများ အစရှိသည်တို့ ဖြစ်သည်။ အလားတူ သဘောတူညီချက်များအား တောင်အာဖရိကအစိုးရနဲ့ Khomani San တို့အကြားတွင် လည်းကောင်း၊ ကနေဒါအစိုးရနဲ့ ဒေသခံ တိုင်းရင်းသားများအကြားတွင် လည်းကောင်း ရရှိခဲ့ကြပြီး မြေယာအငြင်းပွားမှုများနဲ့ ဆက်နွယ်သည့် ကိုယ်ပိုင်ပြဌာန်းခွင့်ဆိုင်ရာများ ပါဝင်သည်။ စင်စစ်အားဖြင့်မူ မြန်မာနိုင်ငံရှိ တိုင်းရင်းသားများသည် စုပေါင်းအခွင့်အရေးတွင် မြန်မာလူမျိုးများနဲ့ တန်းတူ ရထိုက်သူများ ဖြစ်သည်။ ကရင်အမျိုးသားများဆိုလျှင် တနိုင်ငံလုံး လူဦးရေအရ တွက်ပါမူ လူနည်းစု ဟူ၍ပင် ဆို၍ မရနိုင်ပါ။ သို့ဖြစ်၍လည်း တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်အတွက် တလျှောက်လုံး ဦးတည်တိုက်ပွဲဝင်နေခြင်း ဖြစ်သည်။ မြန်မာနိုင်ငံ ပြည်တွင်းစစ်ပြသနာကို အဖြေရှာနိုင်ရေးအတွက် အထက်ပါ နိုင်ငံတကာ ဥပဒေအခြေခံများနဲ့ ဆက်စပ်ကာ မြန်မာမဟုတ်သော တိုင်းရင်းသားများ အနေဖြင့် ဒေသခံ တိုင်းရင်းသားအခွင့်အရေး Indigenous Peoples’ Rights ကို ဖော်ထုတ် တောင်းဆိုရန် လိုအပ်လာသည်။ မြန်မာလူမျိုးလည်း တိုင်းရင်းသား၊ မြန်မာမဟုတ်သော အခြားတိုင်းရင်းသား လူမျိုးများလည်း တိုင်းရင်းသားဟူရုံမျှနဲ့ မလုံလောက်တော့ပါ။ မြန်မာလူမျိုးလည်း တိုင်းရင်းသား ဟူသည်ကို သမိုင်းအရ အငြင်းပွားဖွယ်မရှိ။ သို့ရာတွင် တိုင်းရင်းသား ပြည်နယ်များတွင် မြန်မာမဟုတ်သော သက်ဆိုင်ရာတိုင်းရင်းသားလူမျိုးအသီးသီးသည် သမိုင်းတွင် မြန်မာလူမျိုးများ ထက် အရင်ဦးစွာရောက်ရှိ အခြေစိုက် နေထိုင်လာခဲ့ကြသည့် ဒေသခံတိုင်းရင်းသားများ ဖြစ်သည်။ မြန်မာလူမျိုးများသည် မြန်မာအစ တကောင်းက ဟူသည့် ဆိုရိုးစကားလာရှိသည့်အတိုင်း တကောင်း၊ ပုဂံစသည့် မြေပြန့်ဒေသတ၀ိုက်တွင် ဒေသခံတိုင်းရင်းသားများဖြစ်သည်။ သို့ရာတွင် ၄င်းတို့သည် မြန်မာ မဟုတ်သည့် အခြားတိုင်းရင်းသားပြည်နယ်အသီးသီးတွင် ဒေသခံ တိုင်းရင်းသားများမဟုတ်၊ နောက်ပိုင်းမှ သွားရောက် အခြေစိုက်နေထိုင်လာခဲ့ကြသူများဖြစ်သည်။ သို့ဖြစ်၍ အဆိုပါ ပြည်နယ်အသီးသီးတွင် စာရေးသူကဲ့သို့ မြန်မာလူမျိုးများသည် ဒေသခံ တိုင်းရင်းသားအခွင့်အရေး မရထိုက်။ တိုင်းရင်းသားပြည်နယ်များ၌ ဒေသခံတိုင်းရင်းသားများ နှစ်ရာပေါင်းများစွာ အစဉ်တစိုက် အခြေစိုက် နေထိုင်လာခဲ့ကြသည့် ရေမြေ၊ တောတောင်နဲ့ သဘာဝပတ်ဝန်းကျင်များအား ၄င်းတို့သာလျှင် အဓိက ပိုင်ဆိုင်စီမံခန့် ခွဲခွင့်ရှိသည်။ ဤသည်မှာ ၄င်းတို့ရဲ့ စုပေါင်းအခွင့်အရေး သာမက ကိုယ်ပိုင်ပြဌာန်းခွင့်လည်း ဖြစ်သည်။ ဤ အမြင်ကို ရှင်းလင်းစွာလက်ခံပြီးနောက်တွင် မြန်မာစစ်အစိုးရအနေဖြင့် စာချုပ်ကို ချဉ်းကပ်မှသာ သဘာဝကျပါမည်။ နိုင်ငံတကာ ဥပဒေ အခြေခံများနဲ့လည်း ကိုက်ညီပါမည်။ ရေမြေ၊ တောတောင်၊ သဘာဝပတ်ဝန်းကျင်များ အပေါ်တွင် ဒေသခံတိုင်းရင်းသားများ၏ ပိုင်ဆိုင်၊ အသုံးချ၊ စီမံခန့်ခွဲပိုင်ခွင့်ကို ငြင်းပယ်ပါက ယင်းတို့အပေါ်တွင် အခြေခံကာ ကျင့်သုံးရမည့် သီးသန့်ဖြစ်သော ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်း၊ ရိုးရာအစဉ်အလာ၊ ဘာသာစကားနဲ့ စာပေများ တဖြည်းဖြည်း မှေးမိန်ကာ ပျောက်ကွယ်သွားပါမည်။ ထိုအခါတွင် စစ်အာဏာရှင်စနစ်ကြောင့်ဟူ၍ လွယ်လင့်တကူ လက်ညှိုးထိုးရုံထက်ပို၍ ဆိုးကာ မြန်မာလူမျိုးများက မြန်မာ မဟုတ်သော အခြားတိုင်းရင်းသားလူမျိုးများအပေါ် ကိုလိုနီပြုသည်ဟူ၍ စွပ်စွဲခံရနိုင်ပါမည်။ ယင်းသို့ ဖြစ်လျှင် ဒေသခံတိုင်းရင်းသားများရဲ့ အခွင့်အရေးအား နိုင်ငံတကာလူ့အခွင့်အရေးနဲ့ ဆက်စပ်သည့် လှုပ်ရှားမှုများ ပေါ်ပေါက်လာလျှင် မြန်မာလူမျိုးများကိုယ်တိုင် ဂုဏ်သိက္ခာထိခိုက်ဖွယ်ရှိသည်။ သို့ဖြစ်၍ မြန်မာ မဟုတ်သည့် တိုင်းရင်းသားများအား ၄င်းတို့၏ သက်ဆိုင်ရာပြည်နယ်အသီးသီး ဒေသခံ တိုင်းရင်းသား အခွင့်အရေးကို အသိအမှတ်ပြုဖော်ဆာင်ပေးရန်သည် မြန်မာလူမျိုးများကိုယ်တိုင်၏ ပခုံးပေါ်ကို ကျရောက်နေပါပြီ။ ဤအခြေခံမှ နေ၍ လက်ရှိ ချုပ်ဆိုမည့်စာချုပ်ကို ချဉ်းကပ်ကာ အုတ်မြစ်များ ချသွားမည်ဆိုပါက စစ်မှန်သည့် ငြိမ်းချမ်းရေးကို ဦးတည်နိုင်ပါမည်။ သို့မဟုတ်ဘဲ နောင်ကို ကျင်းပမည်ဟု မျှော်လင့်ချက်ပေးထားသော နိုင်ငံရေးဆွေးနွေးပွဲ ဟူသည်များ အပေါ်တွင်သာ ယုံကြည်ပြီး ပုံထားလိုက်လျှင် ယင်းတွင် ပုံသဏ္ဌာန်အမျိုးမျိုး၊ စုဖွဲ့မှုအဖုံဖုံဖြင့် "စစ်ခေါင်းဆောင်ဟောင်း၊ သစ်များနဲ့ မြန်မာလူမျိုး ဧရာမအများစုအား" လူများစုကြီး နေရာရအောင် ဖန်တီးပေးထားမည်မှာ သေချာနေသည်။ ၁၉၉၃ ခုနှစ်မှနေ၍ ၁၅ နှစ်နီးပါးကြာ ကျင်းပခဲ့သည့် အမျိုးသားညီလာခံမျိုးအား "နိုင်ငံရေးဆွေးနွေးပွဲ"ဟူ၍ ခေါင်းစဉ် ပြောင်းတပ်ကာ ဒုတိယအကြိမ် ကျင်းပခွင့်ပေးခြင်းထက် ပိုနိုင်ဖွယ်မရှိပါ။ ဒေသခံ တိုင်းရင်းသားများ၏ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်များ ရရှိနိုင်ရေးဟူသည်မှာ စိတ်ကူးယဉ်အိပ်မက်မျှနဲ့ နိဂုံး ချုပ်သွားနိုင်ပါမည်။ သို့ဖြစ်၍ ယခု အတည်ပြုမူကြမ်းဟူသည်အား လွယ်လင့်တကူ လက်မှတ်ထိုးပေး လိုက်ခြင်းမပြုဘဲ နိုင်ငံတကာအသွင်လက္ခဏာဆောင်သည့်အပြင် ဥပဒေသဘောအရ စာချုပ်၏ အင်္ဂါရပ်နဲ့ ညီညွတ်သော ငြိမ်းချမ်းရေး သဘောတူညီချက်မျိုး ပေါ်ထွက်လာရန် ဆက်လက်ကြိုးပမ်းမည်ဆိုပါက တိုင်းရင်းသားပြည်နယ်များ အားလုံးအတွက် အကျိုးရှိနိုင်ပါမည်။ သို့ဖြစ်လျှင် နိုင်ငံတကာဥပဒေအရ တစုံတရာ အသိအမှတ်ပြု ခံရကာ ပြည်တွင်းဥပဒေအရလည်း တရားဝင်သည့် သဘောတူညီချက် ဖြစ်ရပါမည်။ ယင်းအတွက် လိုအပ်ချက်များမှာ အဘယ်နည်း။ (၁) သဘောတူညီချက်လက်မှတ်ရေးထိုးသည့် စာချုပ်ဝင်များသည် တရားဝင်ရမည်။ တရားဝင် အဆင့်အတန်း ရှိနေရမည်။ အနည်းဆုံးအားဖြင့် လက်မှတ်ရေးထိုးပြီးသည့်အချိန်တွင် တရားဝင် အဖွဲ့အစည်းများအဖြစ် ရောက်ရှိသွားပြီဖြစ်ကြောင်း သဘောတူညီချက်တွင် ဖော်ပြပါရှိရန် လိုသည်။ (၂) စာချုပ်ကို ချုပ်ဆိုကြသည့် ဘက်နှစ်ဘက်ကို ရှင်းလင်းစွာ ဖော်ပြရမည်။ (၃) သဘောတူညီချက်အား ပုံစံတကျ ရေးသား ဖော်ပြ၊ တိကျရှင်းလင်းမှုရှိကာ အခွင့်အရေးများနဲ့ တာဝန်ရှိမှုကို ပေါ်လွင်စေရပါမည်။ (၄) နိုင်ငံတကာဥပဒေက မြန်မာနိုင်ငံတွင် စာချုပ်ချုပ်ဆိုကြမည့် ဘက်နှစ်ဘက်အပေါ် သက်ရောက်မှု ရှိစေခြင်း၊ စာချုပ်ချုပ်ဆိုရာတွင် ရွေးချယ်မှုကို ဆန့်ကျင်ပြီး တပြေးညီ ကျင့်သုံးခြင်း၊ ယခင်က အလားတူ စာချုပ်များ ရှိခဲ့လျှင် မည်သည့်စာချုပ်က လွှမ်းမိုးကြောင် ရှင်းလင်းစွာဖော်ပြခြင်း၊ စသည်တို့ဖြင့် ဥပဒေစိုးမိုးရေးအခြေခံကို ဖော်ဆောင်ရပါမည်။ (၅) ဒေသခံတိုင်းရင်းသားများရဲ့ အခွင့်အရေး၊ လူအခွင့်အရေးအခြေခံများမှနေ၍ လတ်တလော ပြဿနာများကို ချက်ခြင်း စတင်ဖြေရှင်းနိုင်မည့်သဘောတူညီချက်များနဲ့ အရင်းခံ ပြဿနာများကို ရေရှည်ဖြေရှင်းနိုင်မည့် အခြေခံ သဘောတူညီချက်များ ပါရှိရန် လိုပါမည်။ (၆) သဘောတူညီချက်များအား အကောင်အထည်ဖော်မည့်အဖွဲ့အစည်းတရပ်ရဲ့ ဖွဲ့စည်းမှုကို ထည့်သွင်းချုပ်ဆို ရပါမည်။ (၇) ဘက်တဘက်ဘက်က ဖောက်ဖျက်ကျူးလွန်မှုရှိလာလျှင် အရေးယူဆောင်ရွက်မည့် ယန္တရားများနဲ့ ယင်း၏ ဖွဲ့ စည်းမှုကို စာချုပ်တွင် ထည့်သွင်းရပါမည်။ (၈) တတိယအင်အားစုတွင် စာချုပ်ကို အဓိပ္ပာယ်ဖွင့်ဆိုခွင့် သို့မဟုတ် အတည်ပြုခွင့်ရှိကြောင်း ရှင်းလင်းစွာ ဖော်ပြရပါမည်။ (၉) သက်ဆိုင်ရာနိုင်ငံ၏ အုပ်ချုပ်ရေးအရ အမြင့်ဆုံးတာဝန်ရှိသူနဲ့ တဘက်အဖွဲ့အစည်း၏ အမြင့်ဆုံး တာဝန်ရှိသူများတို့ လက်မှတ်ရေးထိုးနိုင်လျှင် အကောင်းဆုံးဖြစ်သည်။ စာချုပ် အကောင်အထည်ဖော်ရာ၌ ၀င်ရောက်ပံ့ပိုးထောက်ကူပေးမည့် ကုလသမဂ္ဂ၊ (အီးယူနှင့် အာဆီယံ တို့ကဲ့သို့သော) ဒေသကြီးဆိုင်ရာအဖွဲ့အစည်းကြီးများ၊ နိုင်ငံကြီးများ၏ အစိုးရကိုယ်စားလှယ်များ အသိသက်သေအနေဖြင့် ပါဝင် လက်မှတ်ရေးထိုးစေသင့်သည်။ (၁၀) နောက်တက်လာမည့် အစိုးရအဆက်ဆက်က စာချုပ်အပေါ် တာဝန်ခံမှုကို အာမခံသည့် ဥပဒေဘောင် နောက်ခံ ရှိနေရပါမည်။ အထက်ပါ အခြေခံစံထားချက်မှနေ၍ လက်ရှိ အတည်ပြုမူကြမ်းကို သုံးသပ်ပါမည်။ (၁) စာချုပ်ဝင်များ၏ တရားဝင် အဆင့်အတန်း တဘက်က တရားဝင်နေရာ ရယူထားပြီး အခြားတဘက်အား တရားမ၀င် ပြုထားလျှင်၊ သို့မဟုတ် တရားဝင် ပြုမယောင်နဲ့ တရားမ၀င်သည့်နေရာတွင် ဆက်လက်ထားရှိနိုင်စေမည့် ချုပ်ဆိုချက်မျိုး ပါရှိလျှင် တရားဝင်စာချုပ်ဖြစ်လာနိုင်ဖွယ် မရှိပါ။ ယခု စာချုပ်၌ အစိုးရဘက်ကသာ တရားဝင်နေရာဆက်ယူထားပြီး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအား တရားမ၀င် ဆက်ရှိစေမည့် အနေအထားမျိုးကို တွေ့နေရသည်။ တရားဝင်စာချုပ်မဖြစ်နိုင်ပါ။ စာချုပ်အပိုဒ် ၂၄ (ခ) တွင် "ဤသဘောတူစာချုပ်ကို လက်မှတ်ရေးထိုးကြသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ အားလုံးကို မတရားအသင်းအဖြစ် ကြေညာ ထားခြင်းမှ ပယ်ဖျက်ရေး ဆက်လက် ဆောင်ရွက်သွားရန် သဘောတူသည်။" ဟု ဖော်ပြထား သည်။ "ပယ်ဖျက်ရေး ဆက်လက်ဆောင်ရွက်သွားရန်" ဟူသည်မှာ ဥပဒေသဘောအရ တိကျရေရာမှု မရှိပါ။ စာချုပ်ချုပ်ဆိုပြီးနောက်ပိုင်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများအား "မတရားအသင်းအဖြစ် ကြေညာထားခြင်းမှ ပယ်ဖျက်နိုင်ရေးအတွက် လက်နက်ဖြုတ်ကြပါ" ဟု မြန်မာစစ်အစိုးရက ဖြစ်စေ၊ မြန်မာစစ်တပ်၏ ကာချုပ်ကဖြစ်စေ တောင်းဆိုလာလျှင် ဤသည်မှာ စာချုပ်နဲ့ မညီဟု မဆိုနိုင်ပါ။ လက်နက်မဖြုတ်သမျှကာလပတ်လုံး မတရားအသင်းအဖြစ် ကြေညာထားခြင်းမှ ပယ်ဖျက်ခြင်းမပြုနိုင်ဟု မြန်မာစစ်အစိုးရက အကျပ်ကိုင်နိုင်သည်။ စာချုပ်ချုပ်ဆိုပြီးနောက်ပိုင်းတွင် အဖွဲ့အစည်းနဲ့ ၄င်းတို့ လက်နက်ကိုင်တပ်အား ဖြိုခွဲရာ၌ ၄င်း အပိုဒ် ၂၄(ခ)အား လက်နက်အဖြစ်လည်း သုံးသွားနိုင်သည်။ အဖွဲ့အစည်းကို မတရားအသင်း ကြေညာထားခြင်းမှ ပယ်ဖျက်ပေးပြီး ၄င်း၏ တပ်အား သည်အတိုင်းထားခဲ့လျှင် မည်သို့ ဖြစ်မည်နည်း။ အဖွဲ့အစည်းက တရားဝင်အသင်း ဖြစ်သွားမည်။ ၄င်း၏ လက်နက်ကိုင်တပ်က မတရားအသင်းအနေဖြင့် ဆက်ရှိနေမည်။ သက်ဆိုင်ရာ အဖွဲ့အစည်းကို မတရားအသင်းအဖြစ်မှ ပယ်ဖျက်လိုက်သည့်အချိန်တွင် စစ်ဘက်ဆိုင်ရာ တာဝန်ယူမထားသူ အရပ်ဘက် ခေါင်းဆောင်များ သည် မတရားအသင်း ဥပဒေနဲ့ အရေးယူခံရခြင်းမှ ကင်းလွတ်သွားမည်။ အရပ်ဘက်ရော၊ စစ်ဘက်ရော နှစ်ခုလုံးအတွက် ခေါင်းဆောင်မှု တာဝန်ယူထားသူများ၏ အနေအထားသည် မည်သို့ရှိမည်နည်း။ ဥပဒေသဘောအရ ရှုပ်ထွေးမှုများစွာ ပေါ်လာပြီး တိုင်းရင်းသား တော်လှန်ရေးအဖွဲ့အစည်းတခုအတွင်း အချင်းချင်းအကြားတွင် မယုံသင်္ကာများ၊ သံသယများ၊ ပြဿနာများ မြောက်များစွာ ပေါ်လာနိုင်သည်။ ယင်းတို့ကို ဖြေရှင်းနိုင်ရန် ရယူသင့်သော သဘောတူညီချက်ကို အောက်ပါအတိုင်း အဆိုပြု ပါသည်။ "ဤသဘောတူစာချုပ်ကို လက်မှတ်ရေးထိုးကြသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ အားလုံးကို ယင်းသို့ လက်မှတ်ရေးထိုး ချုပ်ဆိုသည့်နေ့မှ ရက်သတ္တပတ် ၃ ပတ်အတွင်း မတရားအသင်းအဖြစ် ကြေညာထားခြင်းမှ အစိုးရအနေဖြင့် ပယ်ဖျက် ရုပ်သိမ်းပေးသွားမည်။ ၄င်းတို့ရဲ့ တပ်များအား ဒေသရှိ ပြည်သူလူထုကို ကာကွယ် စောင့်ရှောက်သည့် လက်နက်ကိုင်အဖွဲ့များအဖြစ် ဖွဲ့စည်းသွားနိုင်ရေးအပါအ၀င် အဖွဲ့အစည်း အသီးသီး တရားဝင်ဖွဲ့စည်း ရပ်တည်နိုင်ရေးအတွက် တည်ဆဲဥပဒေများအား လိုအပ်သလို ပြင်ဆင်ခြင်းကို ၁ နှစ်အတွင်း အပြီးဆောင်ရွက်ပေးရန် သဘောတူသည်။" (၂) စာချုပ် ချုပ်ဆိုကြသည့် ဘက်နှစ်ဘက် ဤစာချုပ်သည် တဘက်က မြန်မာအစိုးရ၊ အခြားတဘက်က တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအကြား ချုပ်ဆိုသောစာချုပ်ဟု ခေါင်းစဉ် တပ်ထားသည်။ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများဟု ဆိုရာ၌ တဖွဲ့ချင်းကို မဆိုလိုပါ။ အစိုးရက တဖွဲ့ချင်းစီနဲ့ ချုပ်ဆိုပြီးခဲ့သည်မှာ အများစုကြီး ဖြစ်နေသောကြောင့်ပင်။ ဤစာချုပ်အရ "တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ" ဟူသည်မှာ "စုပေါင်းထား သည့် အုပ်စု" ကို ဆိုလိုသည်။ လက်တွေ့တွင်လည်း မြန်မာစစ်အစိုးရသည် စုပေါင်းထားသည့် အုပ်စုဖြစ်သော အန်စီစီတီနဲ့ တလျှောက်လုံး ဆွေးနွေးခဲ့သည်။ လော်ခီးလာညီလာခံ ပြီးသည့်နောက်တွင် ၄င်းက ဖွဲ့စည်းပေးလိုက်သည့် အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ အက်စ်ဒီအား ဆက်လက် လက်ခံ ဆွေးနွေးခဲ့သည်။ သို့ဖြစ်၍ အဆိုပါ စုပေါင်းထားသည့် အုပ်စုထဲတွင် ပါဝင်သော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ အားလုံးပါဝင်ရေးထိုးမှ သာ စာချုပ်သည် သဘာဝကျပြီး တရားဝင်နိုင်ချေ ရှိပါမည်။ စုပေါင်းထားသည့် အုပ်စုထဲတွင် မည်သည့်တိုင်းရင်းသား အဖွဲ့အစည်းများ ပါဝင်နေသည်ကို အတိအကျဖော်ပြ၊ ၄င်းတို့ အားလုံးနဲ့ ကျေလည်အောင် ဆွေးနွေးပြီး လက်မှတ်ရေးထိုးချုပ်ဆိုမှသာ စာချုပ်၏ သဘာဝအရ ၄င်းတို့အပေါ် စည်းနှောင်အား ရှိသည့် အပြင် ခိုင်မာပါမည်။ "လက်မှတ်ထိုးချင်တဲ့အဖွဲ့တွေ လာထိုးကြ။ မထိုးသေးတဲ့အဖွဲ့တွေလည်းနောက်မှ တဖြည်းဖြည်း လာထိုးနိုင်တယ်။" ဟူသည့် မှုန်ဝါးပြီး အဆုံးအစမရှိ ဖွင့်ထားသည့်မူကို ကျင့်သုံးလျှင် စာချုပ်၏ ဦးတည်ချက်ကို မဖော်ဆောင်နိုင်၊ ဥပဒေစိုးမိုးရေးနဲ့ လည်းဆန့်ကျင်၊ မည်သည့် နိုင်ငံတွင်မျှလည်း မကျင့်သုံး၊ လူထုနဲ့ နိုင်ငံတကာ၏ ယုံကြည်မှုကိုလည်း ထိခိုက်ပါမည်။ (၃) ပုံစံတကျ ရေးသားဖေါ်ပြမှု၊ တိကျရှင်းလင်းမှု၊ အခွင့်အရေးနှင့် တာဝန်ရှိမှု၊          ပုံစံတကျ ရေးသားရာတွင်မူ ချုပ်ဆိုပြီးခဲ့သမျှသော စာချုပ်များတွင် အကောင်းဆုံးဟု ဆိုနိုင်သည်။ သို့ရာတွင် တိကျရှင်းလင်းမှု မရှိသေးဘဲ စာချုပ်ချုပ်ဆိုပြီးနောက် အငြင်းပွားဖွယ်ေ၀၀ါးနေသောဝေါဟာရများ အမြောက်အများကို တွေ့နေရသည်။ "ပြည်ထောင်စု မပြိုကွဲရေး" "ပြည်ထောင်စု စိတ်ဓာတ်"အစရှိသည်တို့မှာ နိုင်ငံရေးကြွေးကြော်သံအနေဖြင့် နားထောင်ကောင်း နိုင်ဖွယ် ရှိသော်လည်း ဥပဒေသဘောအရ မတိကျ။ အဓိပ္ပာယ်ကို လိုသလို ဖွင့်နိုင်သည်။ ဒေသခံတိုင်းရင်းသားများ၏ အခွင့်အရေးကို တင်သွင်း တောင်းဆိုမည်ဆိုလျှင်ပင် "ပြည်ထောင်စု ပြိုကွဲအောင်ပြုသူ" "ပြည်ထောင်စု စိတ်ဓာတ်ကင်းမဲ့သူ" အဖြစ် စွပ်စွဲခံရနိုင်သည်။"" "ပါဝင်သင့်ပါဝင်ထိုက်သူအားလုံး" "နှစ်ဘက်သဘောတူညီထားသည့် နိုင်ငံရေးဆွေးနွေးမှု မူဘောင်" "သဘောတူညီထားသည့် စစ်ဘက်ဆိုင်ရာကျင့်ဝတ်" "အဖွဲ့အစည်းများအကြား ရန်လိုသော ဝါဒဖြန့်ချိမှုများ၊ မမှန်မကန်သော (သို့မဟုတ်) ဂုဏ်သိက္ခာကို ညှိုးနွမ်းစေသော ပြောဆိုမှုများ" ဟူသည်တို့မှာ မည်သည့်အရာများနည်း။ "ဒေသခံများ၏ မြေယာများကို အဓမ္မသိမ်းပိုက်ခြင်းနဲ့ လွှဲပြောင်းခြင်းများ မပြုလုပ်ရ"ဟူသည်မှာ မြန်မာစစ်အစိုးရအနေဖြင့် ၄င်းတို့ ပြဌာန်းထားသည့် ဥပဒေများကို ကိုးကားကာ သိမ်းလျှင်တော့ သိမ်း၍ ရပြီး တိုင်းရင်းသား တော်လှန်ရေး အဖွဲ့အစည်းများက သိမ်းပိုက်လျှင်မူ အဓမ္မ သိမ်းပိုက်သည်ဟူ၍ မစွပ်စွဲနိုင်ပေ ဘူးလား။ အတည်ပြုမူကြမ်း အပိုဒ် ၅ (ဇ) တွင်ပါသည့်"အပစ်ရပ်နယ်မြေအတွင်း တရားဥပဒေစိုးမိုးရေး ကိစ္စကို ညှိနိုင်း ဆောင်ရွက်ရန်"ဟူသောစာသားမှာ ယခင် မူကြမ်းအဟောင်းတွင် ပါခဲ့သည့် "မြန်မာနိုင်ငံရဲတပ်ဖွဲ့က တာဝန်ယူ ဆောင်ရွက်ရန်" ဟူသည်ထက်မူ တိုးတက်ကောင်းမွန်လာ ပါသည်။ သို့ရာတွင် မရှင်းလင်းသေးပါ။ "အပစ်ရပ်နယ်မြေ ဟူသည်မှာ အဘယ်နည်း။" ဥပမာအားဖြင့် ၀ိုင်းမော်မြို့ဝန်းကျင် ကေအိုင်အို လွှမ်းမိုးထားရာနယ်မြေကို အပစ်ရပ်နယ်မြေအဖြစ် သတ်မှတ်လိုက်လျှင် မြစ်ကြီးနားမြို့နဲ့ ၄င်း၏ အနီးတ၀ိုက်သည် အပစ်မရပ်သေးသည့်နယ်မြေ ဖြစ်သည်။ ဆက်လက် ပစ်ခတ်တိုက်ခိုက်ခွင့်ရှိသော နယ်မြေဖြစ်နေသည်။ သို့ ဖြစ်လျှင် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဟူသော စာချုပ်၏ အဓိပ္ပာယ်သည် မည်သို့ ရှိမည်နည်း။ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဟူသည်ကို ကိုင်စွဲပါမူ တနိုင်ငံလုံးအား အပစ်ရပ်နယ်မြေအဖြစ် သတ်မှတ်ရပါမည်။ သို့ဖြစ်လျှင် အပိုဒ် ၅(ဇ)တွင် ပါသည့် ဒေသတချို့ကို ရည်ညွှန်းသတ်မှတ်ရန် ကြိုးပမ်းသည့် "အပစ်ရပ်နယ်မြေ" ဟူသော ဝေါဟာရကို ဖြုတ်ရပါမည်။  ယင်းသို့ ဖြုတ်လိုက်ပါက " တရားဥပဒေ စိုးမိုးရေးကိစ္စကို ညှိနှိုင်း ဆောင်ရွက်ရန်" ဟူသော စာသားသာ ကျန်ရှိပါမည်။ ဤတွင် မရှင်းလင်းမှု နောက်တဆင့် ရှိလာပြန်သည်။ "တပြည်လုံး၏ တရားဥပဒေစိုးမိုးရေး ကိစ္စကို မြန်မာစစ်အစိုးရ သည် တိုင်းရင်းသား တော်လှန်ရေးအဖွဲ့များနဲ့ တကယ်တန်း ညှိနှိုင်း ဆောင်ရွက်သွားမည်လား။" ယင်းမှာ မဖြစ်နိုင်ပါ။ ယင်းကို ရည်ညွှန်းသည်ဆိုလျှင်လည်း အတိအကျ ရေးသား ဖော်ပြထားရ ပါမည်။ ထို့အပြင် လက်တွေ့တွင် မည်သို့ညှိနှိုင်း ဆောင်ရွက်သွားမည်ကိုပါ ရှင်းလင်းစွာ ထပ်ဆောင်းထည့်သွင်းကာ အတိအကျ ဖော်ပြချုပ်ဆိုသင့်သည်။ သို့မဟုတ်ဘဲ ယခုအတိုင်း ထားလျှင် ဥပဒေစိုးမိုးရေးကိစ္စကို ညှိနှိုင်း ဆောင်ရွက်မည့် နေရာမှာ တိုင်းရင်းသား တော်လှန်ရေး အဖွဲ့အစည်းများ ထိန်းချုပ်ထားသည့် နယ်မြေများကို ရည်ညွှန်းသည့် သဘောဆောင်သည်။ မြန်မာစစ်အစိုးရသည် ၄င်းတို့လိုလား၊ မွေးမြူထားသည့် တိုင်းရင်းသားခေါင်းဆောင်များအား မျက်နှာသာပေး၊ အခွင့်အရေးမျိုးစုံပေးကာ လက်သပ်မွေးထား မည်။ ၄င်းတို့ မနှစ်မြို့သော အဖွဲ့အစည်းနဲ့ ခေါင်းဆောင်များကိုမူ တည်ဆဲဥပဒေဟူသည်များကို အသုံးပြုကာ ပြသနာရှာလာနိုင်သည့် လမ်းကြောင်းကို ဖွင့်ပေးထားရာရောက်သည်။ ၄င်းတို့ ကိုယ်တိုင်ကမူ ပြစ်မှု လုံးဝကင်းစင်သူများပုံ ဖမ်းပြီး ဥပဒေ၏ အထက်တွင် ဆက်လက်နေသွားမည့် လက္ခဏာများ တွေ့နေရသည်။ အက်စ်အက်စ်ပီပီမှ ဗိုလ်ချုပ်ဆေထင်အား ဖမ်းဆီးပြီး ထောင်ဒဏ် ၁၀၆ နှစ် ချခဲ့သည့် အတွေ့အကြုံရှိခဲ့ပြီ။ "ဥပဒေစိုးမိုးရေး" ဟူသော ဝေါဟာရအား စာချုပ်တွင် ထည့်သွင်းလာခြင်းမှာ သင့်မြတ် ကောင်းမွန်ပါသည်။ စာချုပ်တခုလုံး၏ အနှစ်သာရလည်း ဖြစ်သင့်သည်။ သို့ရာတွင် ယင်းဝေါဟာရ အား ကိုးကားသုံးစွဲကာ မြန်မာစစ်အစိုးရက တကယ်တန်းအားဖြင့် "ဥပဒေစိုးမိုးရေး"ကို ဆန့်ကျင်မှုများ တောက်လျှောက် ကျူးလွန်ခဲ့၊ ကျူးလွန်ဆဲ ဖြစ်သည်။ သို့ဖြစ်၍ အနည်းဆုံးအားဖြင့် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့များ အနေဖြင့် (ဖက်ဒရယ်ပြည်ထောင်စုကို စစ်မှန်စွာ တည်ဆောက်နိုင်သည့်အချိန်အထိ) မိမိတို့ အုပ်ချုပ်ရေးချထား၊ ထိန်းချုပ်ထားသည့်နယ်မြေများ အပေါ် မြန်မာစစ်အစိုးရက စာချုပ်အရ "ဥပဒေစိုးမိုးရေး" ဟူသည်ကို ကြွေးကြော်ကာ ၀င်ရောက်စွက်ဖက်မှုများ မရှိအောင် ကန့်သတ်သည့် ဖော်ပြချက်များ စာချုပ်တွင် ပါဝင်အောင် ကြိုးပမ်းသင့်သည်။ ဤသည်မှာ ဘက်တဘက်မှနေ၍ ဖြစ်သည်။ အခြားဘက်တဘက်တွင်လည်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ ထိန်းချုပ်ထား သည့် နယ်မြေ၊ (အထူးသဖြင့် သီးခြားလွတ်လပ်စွာ တည်ထောင်ထားနိုင်သည့် ဒေသများ)အတွင်း ဒီမိုကရေစီအခြေခံတွင် ပြည်သူလူထုအား ကြိုတင် သတင်းအပြည့်အစုံပေး၊ လွတ်လပ်သည့် သဘောဆန္ဒကို ရယူသည့် နည်းလမ်းဖြင့် အုပ်ချုပ်ရေးနဲ့ ဖွံဖြိုးရေးလုပ်ငန်း ဆောင်ရွက်ရေး မူများအား စာချုပ်တွင် ထည့်သွင်းချုပ်ဆိုရန် လိုပါမည်။ သို့မဟုတ်လျှင် တပြည်လုံး စစ်အာဏာရှင်ကြီး၏ ခွင့်ပြုမှုအောက်တွင် ဒေသဆိုင်ရာစစ်အာဏာရှင်ကလေးများ ပေါ်လာမှုကို အားဖြစ်စေပါမည်။ သို့ဖြစ်ပါက ဒေသခံ အောက်ခြေတိုင်းရင်းသားလူထုများသည် အမည်ခံ ဟန်ပြငြိမ်းချမ်းရေးအောက်တွင် အနည်းဆုံး ဓား ၂ လက်၊ သို့မဟုတ် ဓားပေါင်းများစွာအား ကြောက်ရွံ့ ရသည့်ဘ၀နဲ့သာ နိဂုံးချုပ်ဖွယ်ရှိသည်။ အစိုးရ၏ ခွင့်ပြုချက်ရယူပြီးမှ အိုင်ဒီပီများကို ကူညီရမည်ဆိုလျှင် အစိုးရက ခွင့်မပြုလျှင် မည်သို့ ဆောင်ရွက်မည်နည်း။ "နိုင်ငံရေးဆွေးနွေးပွဲမူဘောင်ကို ရေးဆွဲသဘောတူညီမှုရယူခြင်း" ဟူသည်များတွင် သဘောမတူညီပါက မည်သို့ ဆောင်ရွက်မည်နည်း။ နိုင်ငံရေးဆွေးနွေးပွဲ မူဘောင်ကို ရေးဆွဲ သဘောတူညီမှုရယူရေးနဲ့ စပ်လျှဉ်း၍ အပိုဒ် ၂၀ (ခ)တွင် ဘက်နှစ်ဘက်သာ ဆွေးနွေးကြရန် ပါရှိသော်လည်း အပိုဒ် ၂၁ (ခ) အရ "ပါဝင်သင့်ပါဝင်ထိုက်သူများနဲ့ အတူတကွ" ဟု ဆိုထားသဖြင့် ရှေ့နဲ့ နောက် ဆန့်ကျင်ကွဲလွဲလျှက်ရှိသည်။ မည်သည်ကို အတည်ယူမည်နည်း။ နောက်ပိုင်းတွင် ယင်းအပေါ် အငြင်းပွားလာပါက မည်သည့်အဖွဲ့အစည်းက ဆုံးဖြတ်မည်နည်း။ အတည်ပြုမူကြမ်း၏ အပုဒ် ၂၀ (စ) နှင့် အပိုဒ် (၂၆) တွင် ဖော်ပြထားသော "ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်း၍ အတည်ပြုချက်ရယူခြင်း။"ဟူသည်အား လုံးဝပင် မထည့်သွင်းသင့်။ ၂၀၀၈ ဖွဲ့စည်းပုံကို အတည်ပြု ပေးလိုက်ရာကျသောကြောင့်ပင်။ ဘက်နှစ်ဘက် ဆွေးနွေးပွဲသည် အပြီးသတ် ဖြစ်ရပါမည်။ ဘက်နှစ်ဘက် ဆွေးနွေးပွဲတွင် တဘက်၌ မြန်မာစစ်အစိုးရနဲ့ လွှတ်တော်ကိုယ်စားလှယ်များ၊ လက်ရှိ မြန်မာစစ်တပ်၏ စစ်ခေါင်းဆောင်များ ပါဝင်နေပြီးဖြစ်သည်။ လူနည်းသေးလျှင် ထပ်တိုးထည့်နိုင်သည်။ ဘက်နှစ်ဘက် ဆွေးနွေးပွဲမှ ပေါ်ထွက်လာသည့် သဘောတူညီချက်ကို ၂၀၀၈ ဖွဲ့စည်းပုံအရ ဖွဲ့စည်းထားသော ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်း အတည်ပြုချက်ရယူပါက ယင်းလွှတ်တော်တွင် မြန်မာစစ်ခေါင်းဆောင်များသာ ဆက်လက်ပါဝင်ခွင့်ရနေမည်။ တိုင်းရင်းသား တော်လှန်ရေး အဖွဲ့ခေါင်းဆောင်များ ဆက်လက်ပါဝင်ခွင့်ရမည် မဟုတ်တော့။ မြန်မာ စစ်ခေါင်းဆောင်များက နှစ်ထပ်ကွမ်းအခွင့်အရေးရနေသည်။ သို့ ဖြစ်၍ တရားမျှတမှု မရှိသည့် လုပ်ငန်းစဉ်ဟု ဆိုနိုင်သည်။ လွှတ်တော်က အတည်မပြုပါက မည်သို့ ဆက်လက် ဆောင်ရွက်မည် ဟူသည်လည်း မပါရှိ။ အတည်ပြုမှာ အသေအချာ ဖြစ်သည်။ လုပ်ထုံးလုပ်နည်းသဘောအရ ခိုင်မာအောင် ဖော်ပြထားခြင်းသာ ဖြစ်သည် ဆိုလျှင်လည်း "ဤစာချုပ်အား ပြည်ထောင်စုလွှတ်တော်က အတည်ပြုပေးပြီးနောက် ယင်း၏ အနှစ်သာရများအား ဥပဒေအနေဖြင့် ပြဌာန်းကျင့်သုံးသွားနိုင်ရေးကို အစိုးရအနေဖြင့် တာဝန်ယူ ဆောင်ရွက်ပေးသွားရန် သဘောတူသည်။" ဟူသည်ကို ထည့်သွင်းချုပ်ဆိုရန် လိုပါမည်။ မြောက်အိုင်ယာလန် နိုင်ငံတွင်၂၀၁၀ ခုနှစ်မတ်လ ၉ ရက်နေ့မှာ ဟေးလ်ဘောရိုး(Hills Borough) သဘောတူညီချက်အား ပါလီမန်က အတည်ပြုပေးခဲ့သည့် သာဓကအား လေ့လာနိုင်သည်။ "အားလုံးပါဝင်သောနိုင်ငံရေး ဆွေးနွေးပွဲ" ဟူရာ၌ မည်သည့်နိုင်ငံရေး အင်အားစုများက မည်သည့် အရေအတွက်ဖြင့် ပါဝင်မည်နည်း။ ပါဝင်သင့်သည့် အရေအတွက်နဲ့ အချိုးအစားအပေါ် နောက်ပိုင်း၌ ညှိ၍ မရဘဲ အငြင်းပွားကြလျှင် မည်သူက ဆုံးဖြတ်မည်နည်း။ အတည်ပြုမူကြမ်းသည် မရေရာမှုပေါင်းစုံနဲ့ အတိပြီးလျှက် ရှိသည်။ အီးအိုင်တီအိုင်ရဲ့ လုပ်ထုံးလုပ်နည်းများအရ အစိုးရ၊ နိုင်ငံတကာကုမ္ပဏီများနဲ့ လူထုအသင်းအဖွဲ့များက အဓိက ဖြစ်သည်။ ဤတွင် အစိုးရဟူသည်မှာ လက်ရှိ မြန်မာစစ်အစိုးရတခုတည်းကိုသာ ဆိုလိုသလား။ တိုင်းရင်းသားတော်လှန်ရေး အဖွဲ့အစည်းများက ဖွဲ့စည်းထားသည့် ၄င်းတို့ရဲ့ ဒေသခံအစိုးရများအခန်းကဏ္ဍမှာ လုံးဝ ပျောက်ဆုံးသွားပြီလား။ အစရှိသည်တို့ စိုးစဉ်းမျှပင် တိကျရေရာမှု မရှိပါ။ အခွင့်အရေးနဲ့ တာဝန်များသည်လည်း ထိုနည်းလည်းကောင်းပင် ဖြစ်သည်။ တိကျရှင်းလင်းစွာ ဖော်ပြမထား။ အနည်းဆုံးအားဖြင့် တနိုင်ငံလုံး အပစ်ရပ်ထားသည့် ကာလအတွင်း တိုင်းရင်းသားတော်လှန်ရေး အဖွဲ့အစည်းများအနေဖြင့် မည်သည့်အရာများကို လုပ်ဆောင်ခွင့်ရှိသည်၊ မည်သည့်အရာများအား လုပ်ဆောင်ခွင့်မရှိ။ ဟူသည်များအား စာချုပ်တွင် ရှင်းလင်းစွာဖော်ပြထားရန်လိုသည်။ ဥပမာအားဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် နိုင်ငံတကာမှ အကူအညီများ ရှာဖွေလက်ခံခွင့်ရှိမည်လား၊ ဒေသခံလူထုများ၏ ပညာရေး အဆင့်မြင့်မားစေရေးအတွက် နိုင်ငံတကာမှ ပညာရှင်များအား မိမိတို့ ထိန်းချုပ်ထားရာ နယ်မြေများသို့ ဖိတ်ကြားခွင့်ရှိမည်လား၊ မိမိတို့ သက်ဆိုင်ရာပြည်နယ်ရဲ့ မြို့တော်များတွင် လူထုအစည်းအဝေးပွဲ များ ကျင်းပခွင့် ရှိမည်လား၊ ပြည်ထောင်စုနိုင်ငံ၏ မည်သည့်ဒေသတွင်မဆို အခြားတိုင်းရင်းသားနိုင်ငံရေးအင်အားစု၊ ဒီမိုကရေစီရေး အင်အားစုစသည်များနဲ့ တွေ့ဆုံဆွေးနွေးမှု များ လုပ်ခွင့်ရှိမည်လားအစရှိသည်တို့ ဖြစ်သည်။ "ညှိနှိုင်းဆောင်ရွက်ရန်" ဟူသော ဝေါဟာရမျှသည် အလုပ်မဖြစ်ပါ။ စာချုပ်ချုပ်ဆိုပြီးနောက် လက်တွေ့ဆောင်ရွက်ရာတွင် တိုင်းရင်းသားတော်လှန်ရေးခေါင်းဆောင်များက မြန်မာ စစ်အာဏာရှင်များအား မျက်နှာချိုသွေးပေါင်းမှသာ အခွင့်အရေးရမည့် အနေအထားမျိုး ဖြစ်နေသည်။ တနိုင်ငံလုံး အပစ်ရပ်ထားသည့် ကာလအတွင်း မိမိတို့ရသင့်သော အခွင့်အရေးများ အပြင် မိမိတို့ရဲ့ သက်ဆိုင်ရာ လူထုများ ရသင့်သော အခွင့်အရေးများကိုပါ တပါတည်း ထည့်သွင်းဆွေးနွေးသင့်သည်။ အဓိကအားဖြင့် မြေယာ၊ သဘာဝသယံဇာတ နဲ့ သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာများ ဖြစ်သည်။ ယင်းတို့ကို စာချုပ်တွင် ထည့်သွင်းချုပ်ဆိုခြင်းဖြင့် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ်သည် ငြိမ်းချမ်းရေးကို တကယ်တန်း ဦးတည်နိုင်ပါမည်။ ၄။ နိုင်ငံတကာဥပဒေက မြန်မာနိုင်ငံတွင် စာချုပ်ချုပ်ဆိုကြသည့်ဘက်နှစ်ဘက်အပေါ် သက်ရောက်မှုရှိစေခြင်း၊ ရွေးချယ်မှုကိုဆန့် ကျင်ခြင်း၊ စာချုပ်အချင်းချင်း ပိပက္ခနှင့် ဥပဒေစိုးမိုးရေးအခြေခံ။ မြန်မာနိုင်ငံက ပါဝင်လက်မှတ်ရေးထိုး၊ အတည်ပြုထားသည့် နိုင်ငံတကာဥပဒေတချို့ ရှိပါသည်။ ယင်းတို့ကို လိုက်နာကျင့်သုံးသွားမည် ဖြစ်ကြောင်း စာချုပ်တွင် ပါရှိရန် လိုသည်။ စစ်ဥပဒေဟု လူသိများသည့် ဂျီနီဗာ ကွန်ဗင်းရှင်းကဲ့သို့ နိုင်ငံတကာဥပဒေအား စာချုပ်ချုပ်ဆိုကြမည့် ဘက်နှစ်ဘက်လုံးက လေးစား လိုက်နာသွားမည်ဖြစ်ကြောင်း ထည့်သွင်းချုပ်ဆိုကြမည်ဆိုလျှင် စာချုပ်သည် ဂုဏ်သိက္ခာရှိပြီး နိုင်ငံတကာအဆင့်နဲ့ ယှဉ်နိုင်ကာ၊ ဥပဒေစိုးမိုးရေး အတွက် များစွာအထောက်အပံ့ဖြစ်ပါမည်။ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ်ဟု ခေါင်းစဉ်တပ်ထားသော်လည်း လက်တွှေတွင် အားလုံးကို မလွှမ်းခြုံဘဲ တဖွဲ့ သို့မဟုတ် အုပ်စုတစု၊ နေရာဒေသတခု သို့မဟုတ် အချို့တွင်သာ ဖော်ဆောင်မည်ဆိုပါက ရွေးချယ်မှုကို ကျင့်သုံးခြင်း ဖြစ်သဖြင့် ဥပဒေစိုးမိုးရေး အခြေခံကို မတည်ဆောက်နိုင်ပါ။ စာချုပ်၏ နိဒါန်းအပြင် အခန်း (၂) အပုဒ် ၂ (ဂ) တွင် ပါရှိသည့် “အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များအကြား ချုပ်ဆိုထားသော သဘောတူညီချက်များနဲ့ ကတိက၀တ်များကို ထပ်လောင်းအတည်ပြုရန်” ဟူသော ဖော်ပြချက်သည် ဥပဒေအရ ပြသနာရှိသည်။ ယခုချုပ်ဆိုမည့် စာချုပ်သည် အဓိကလား။ ယခင်က ထားရှိခဲ့သော သဘောတူညီချက်နဲ့ ကတိက၀တ်များသည် အဓိကလား ရွေးချယ်ရပါမည်။ ယခု ချုပ်ဆိုမည့် စာချုပ်က အဓိကဖြစ်ပါမူ “ယခင်က ထားရှိခဲ့သော သဘောတူညီချက်များနဲ့ ကတိက၀တ်များအနက် ဤစာချုပ်နဲ့ ဆန့်ကျင်သော အပိုင်းမှန်သမျှများသည် ပျက်ပြယ်စေရမည်။”ဟု ဖော်ပြရပါမည်။ သို့မှသာ ဥပဒေစိုးမိုးရေးအခြေခံနဲ့ ကိုက်ညီပါမည်။ ၅။ ဒေသခံတိုင်းရင်းသားများ၏ အခွင့်အရေး နှင့် လူ့ အခွင့်အရေးအခြေခံများ၊ လတ်တလော နှင့်အရင်းခံပြသနာများအား ဖြေရှင်းနိုင်မည့် သဘောတူညီချက်များ။ ဒေသခံတိုင်းရင်းသားများရဲ့ အခွင့်အရေးနဲ့ လူ့အခွင့်အရေးအခြေခံများအား ဝေါဟာရအနေဖြင့်ပင် စာချုပ်တွင် မပါရှိသေးသဖြင့် နိုင်ငံတကာဥပဒေနဲ့ ဆက်စပ်နိုင်မည့် အနေအထား အားနည်းလျက် ရှိသည်။ ကိုယ်ပိုင်ပြဌာန်းခွင့်အား တိုင်းရင်းသားတော်လှန်ရေး အဖွဲ့အစည်းများက တောင်းဆိုလျှက်ရှိကြသော်လည်း ဘုံတူညီစွာ တိကျသည့် အဓိပ္ပာယ်ဖွင့်ဆိုမှု မပြုနိုင်သေးပါ။ ဒေသခံတိုင်းရင်းသားများ၏ အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ ကြေငြာစာတမ်း The UN Declaration on the Rights of Indigenous Peoples တွင် ပါရှိပြီးဖြစ်သော ကိုယ်ပိုင်ပြဌာန်းခွင့်ဆိုင်ရာမူများအပေါ် နှစ်ဘက်သဘောတူညီကြောင်း ဖော်ပြနိုင်လျှင်ပင် အခြေခံအားဖြင့် ပြည့်စုံပြီး နိုင်ငံတကာဥပဒေနဲ့လည်း ဆက်စပ်နိုင်ပါမည်။ တကမ္ဘာလုံးက လက်ခံထားသော လူ့အခွင့်အရေးကို ဝေါဟာရအနေဖြင့်ပင် မပါရှိခြင်းမှာ ဤစာချုပ်အား ရုပ်ဆိုးစေပါသည်။ အစိုးရအနေဖြင့် လူ့အခွင့်အရေးချိုးဖောက်မှုများ မပြုရုံသာမက ကြိုတင် ကာကွယ် စောင့်ရှောက်ရန်ပင် တာဝန်ရှိပါသည်။ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များသည်လည်း မိမိတို့ သက်ဆိုင်ရာ နယ်မြေများတွင် အစိုးရများအနေဖြင့် တာဝန်ယူ အုပ်ချုပ်နေကြပါက အလားတူတာဝန်ရှိပါသည်။ ဤသည်ကို နှစ်ဘက်လုံးက လှစ်လှူရှု ထိန်ချန်ထားခဲ့ခြင်းဖြင့် စာချုပ်၏ အနှစ်သာရကို ထိခိုက်သည်။ ပြည်သူလူထု ကောင်းကျိုးစီးပွားသည် ဤစာချုပ်၏ ဗဟိုချက်မဖြစ်သင့်သည်။ ဤအတွက် တိုင်းတာရမည့် စံထားချက်မှာ လူ့အခွင့်အရေး ဖြစ်သည်။ စာချုပ်က ဤသည်ကို မျက်ကွယ်ပြု ထားခြင်း မဖြစ်သင့်။ လူ့အခွင့်အရေး ချိုးဖောက်မှုများရှိ၊ မရှိ စောင့်ကြည့်ဖော်ထုတ်သည့် ပြည်တွင်းလူထု အသင်းအဖွဲ့များနဲ့ နိုင်ငံတကာအဖွဲ့အစည်းများ လှုပ်ရှား ဆောင်ရွက်မှုပြုခွင့်အား စာချုပ်တွင် မလွဲမသွေ ဖော်ပြသင့်သည်။ စာချုပ်လက်မှတ်ထိုးချုပ်ဆိုပြီးသည့်နေ့မှစ၍ မြေယာ၊ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ဆိုင်ရာများ စီမံခန့်ခွဲမှုနဲ့ စပ်လျှဉ်း၍ လတ်တလောနဲ့ ရေရှည်အတွက်ပါ ပြဿနာများဖြေရှင်း ပြေလည်မှုကို အထောက်အပံ့ ဖြစ်စေရေးအတွက် ဒေသခံတိုင်းရင်းသားများတွင် မည်သည့် အခွင့်အရေး ရှိကြောင်းလည်း စိုးစဉ်းမျှမပါရှိပါ။ ဆွေးနွေးရန် ခေါင်းစဉ် Agenda များကို အများဆုံးတွေ့နေရပြီး နှစ်ဘက်ညှိနှိုင်း ဆောင်ရွက်ရန်ဟူသော ဝေါဟာရကိုသာ ထပ်ခါတလဲလဲ သုံးထားသည်။ သို့ဖြစ်၍ ယခုစာချုပ်ကို ချုပ်ဆိုလိုက်ခြင်းမှာ ချုပ်ဆိုပြီးသည့်နေ့မှစ၍ ဒေသခံတိုင်းရင်းသားများ ၏ မြေယာ၊ သဘာဝသယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်များအား မြန်မာ စစ်အစိုးရ၏ လက်ဝယ်သို့ တရားဝင် အပ်နှင်းလိုက်ရာ ရောက်သည်။ နှစ်ပေါင်း မည်မျှကြာဦးမည် မသိသော တနိုင်ငံလုံး အပစ်ရပ် ကာလဟူသည်များအတွင်း မြေယာ၊ သဘာဝသယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်တို့နဲ့ စပ်လျှဉ်း၍ ဤအတည်ပြု မူကြမ်းကို ကိုးကားကာ ဒေသခံတိုင်းရင်းသားလူထုများက ၄င်းတို့ရဲ့ အခွင့်အရေးအတွက် ၄င်းတို့ ကိုယ်တိုင်လှုပ်ရှား တောင်းဆိုနိုင်မည့် သဘောတူညီချက်တခုမျှ မပါရှိ။ အရပ်သားအသွင်ယူ မြန်မာစစ်အစိုးရ အနေဖြင့် ၄င်းတို့ ပြဌာန်းထားသည့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဥပဒေ၊ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေ၊ အထူးစီးပွားရေးဇုန်ဥပဒေစသည်များကို အသုံးပြုကာ ထင်သလို စီမံခန့်ခွဲကြပါတော့မည်။ ထို့အပြင် ၄င်းတို့ လက်သပ်မွေးထားသော အဖွဲ့အချို့နဲ့ ခေါင်းဆောင်များအား လက်သိပ်ထိုးလုပ်ပိုင်ခွင့် အနည်းအကျဉ်းကလေးများ ချပေးကာ အတူခွဲဝေစားသောက်နိုင်ရေး ဆောင်ရွက်ကြပါတော့မည်။ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့များသည် လက်နက်များ စွဲကိုင်ထားကာ ငုတ်တုတ်ထိုင်ကြည့် နေကြရုံမှတပါး အခြားတတ်နိုင်တော့မည် မဟုတ်ပါ။ (၆)(ရ) နှင့် (၈)  သဘောတူညီချက်အား အကောင်အထည်ဖေါ်မည့်အဖွဲ့ အစည်း၊ အရေးယူမည့် ယန္တရားနှင့် တတိယအင်အားစု သဘောတူညီချက်အား အကောင်အထည်ဖော်မည့်အဖွဲ့အစည်းမှာ ဘက်နှစ်ဘက်ပူးတွဲ မျှသာ ဖြစ်နေသည်။ ပူးတွဲသက်သက်သည် အလုပ်မဖြစ်ခဲ့ကြောင်း အနီးခေတ်သမိုင်းက သက်သေပြခဲ့ပြီ။ မြန်မာစစ်အစိုးရသည် ၄င်းတို့ မလိုလားသည့်အချိန်တွင် ချိုးဖောက်ပါမည်။ ညှိနှိုင်းခြင်း၊ ဆွေးနွေးညှိနှိုင်းခြင်း ဟူသည့်ဝေါဟာရများကိုသာ စာချုပ်မူကြမ်းတွင် ထပ်ခါတလဲလဲ သုံးထားသည်။ ညှိနိုင်း၍ မပြေလည်လျှင် မည်သို့ဆောင်ရွက်သွားမည်ဟူသည်အား လုံးဝ ဖော်ပြမထား။ ညှိနှိုင်းမှု မှန်သမျှတွင် မြန်မာစစ်အစိုးရအနေဖြင့် တိုင်းရင်းသားခေါင်းဆောင်များအား ပုဂ္ဂိုလ်အရ ငွေကြေး၊ အခွင့်အရေးများပေးပြီး စည်းရုံး၍ ရလျှင်ရ၊ မရလျှင်လည်း ဂရုမစိုက်ဘဲ ၄င်းတို့ အလိုရှိသမျှကို ဆက်လုပ်သွားကြမည်သာ ဖြစ်သည်။ အရေးယူမည့် ယန္တရားနဲ့ တတိယအင်အားစု လုံးဝပင် မပါရှိသောကြောင့် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့ခေါင်းဆောင်များသည် မကျေနပ် သော်လည်း ပြန်တိုက် နိုင်သော အင်အားမရှိပါက ခေါင်းငုံ့ခံနေကြရုံသာ ရှိပါမည်။ (၉) စာချုပ်ချုပ်ဆိုရာတွင် နိုင်ငံတကာအနေဖြင့် အသိသက်သေသက်သက်မျှပါဝင်ရုံဖြင့် မလုံလောက်ပါ။ စာချုပ် အကောင်အထည်ဖော်ရာ၌ ၀င်ရောက်ကူညီ ပံ့ပိုးပေးမည့်အနေအထားဖြင့် လက်မှတ်ထိုးမှသာ နိုင်ငံတကာက အလေးထားသည့် စာချုပ်ဖြစ်လာနိုင်ပါမည်။ (၁၀) နောက်တက်လာမည့် အစိုးရအဆက်ဆက်က စာချုပ်အပေါ်တာဝန်ခံမှုကိုအာမခံသည့် ဥပဒေဘောင် ၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပုဒ်မ ၂၂၅ အရ ပဋိဥာဉ်များ၊ တာဝန်များနဲ့ စပ်လျှဉ်း၍ အစိုးရအား တရားစွဲဆိုနိုင်သော အခွင့်အရေးကို ပြဌာန်းထားသည်။ ယင်းမှာ အစိုးရတရပ်၏ လုပ်ဆောင်မှုကို နောက်အစိုးရက ဆက်လက် တာဝန်ခံသည့်သဘောကို ဆောင်သည်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် အလားတူ ပြဌာန်းချက်မျိုး မပါရှိ။ ပုဒ်မ ၄၄၅ အရ န၀တ၊ နအဖ အစိုးရများ၏ တာဝန်နဲ့ ရပိုင်ခွင့်ကို ဆက်ခံကြောင်းသာ ပါရှိသည်။ သို့ဖြစ်၍ ယခု အတည်ပြုမူကြမ်းကို လက်မှတ်ရေးထိုးချုပ်ဆိုလိုက်စေဦး၊ နောင်တက်လာမည့် အစိုးရ အဆက်ဆက်ရဲ့ တာဝန်ခံမှု သည် အဘယ်နည်း။ လုပ်ဖော်ကိုင်ဘက် အချင်းချင်းဖြစ်သူ ဦးရွှေမန်းကိုပင် မိမိတို့ အာဏာတည်မြဲရေးအတွက် လုံခြုံရေးအင်အားသုံးပြီး ကြက်ငှက်ကလေးလို မထောက်မညှာ ဖယ်ရှားပစ်ခဲ့သော သမ္မတ ဦးသိန်းစိန်နဲ့ ကာချုပ်မင်းအောင်လှိုင်တို့ထံမှ စာချုပ်အပေါ်၊ စာချုပ်လက်မှတ်ရေးထိုးချုပ်ဆိုမည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအပေါ် တာဝန်ခံမှုကို မျှော်လင့်နိုင်ရေးမှာ အထက်ဖော်ပြပါ အခြေခံ ၁၀ ချက်နဲ့ ပြည့်စုံသည့် တရားဝင်သဘောတူညီချက်မျိုးမှသာ ဖြစ်နိုင်ပါမည်။ ဦးအောင်ထူး (လူ့အခွင့်အရေးရှေ့နေ) ဥပဒေအထောက်အကူပြုကွန်ရက် တည်ထောင်သူ                           နေ့စွဲ။ သြဂုတ်လ (၂၀)ရက် ၂၀၁၅ ခုနှစ်
5 years Ago
Up