တနင်္သာရီ-မောတောင်

October 14, 2017

တနင်္သာရီ-မောတောင် ကားလမ်းတွင် လက်လုပ်သေနတ်ကိုင်ဆောင်သူ ၂ ဦး ဖမ်းမိ

တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်၊ သိန်ခွန်းကျေးရွာ၊ ASI ဆီအုန်းကုမ္ပဏီအနီး တနင်္သာရီ-မောတောင်ကားလမ်းမပေါ်မှာ အောက်တိုဘာ ၁၃ ရက်နေ့၊ နေ့လယ် ၁ နာရီလောက်က တရားမဝင် လက်လုပ်သေနတ်ကိုင်ဆောင်သူ ၂ ဦးကို ဖမ်းဆီးရမိခဲ့ပါတယ်။ မြိတ်ခရိုင် မှုခင်းအကူအဖွဲ့တာဝန်ခံ ရဲအုပ်ခင်မောင်အေးက “ချောင်းလမု ဘက်ကနေ မောတောင်မြို့ဘက်ကို လူ ၂ ဦး လက်နက်ကိုင်ဆောင်ပြီး မူးယစ်ဆေးရောင်းဝယ်ဖြန့်ဖြူးဖို့ လာမယ်ဆိုတာ သတင်းရလို့ ကျနော်တို့ မြိတ်ခရိုင်မှုခင်းအကူတပ်ဖွဲ့နဲ့ ပူပေါင်းအဖွဲ့တွေ တနင်္သာရီ-မောတောင် ကားလမ်းပေါ်မှာရှိတဲ့ ASI ဆီအုန်းကုမ္ပဏီအနီးမှာ စောင့်နေတယ်။ မျိုးသူ မောင်းနှင်ပြီး ရဲကို (ခ)နောင်ဖြူထိုင်လိုက်လာတဲ့ ဆိုင်ကယ်ကို ရပ်ခိုင်းပြီးစစ်ဆေးတော့ မျိုးသူ လွယ်ထားတဲ့ လယ်သာ ဘေးလွယ်အိတ်ထဲက အရှည် ၈ လက်မခွဲခန့် ရှိတဲ့ လုပ်သေနတ် နဲ့ ပွိုင့်-၃၈ စပါယ်ရှယ် ကျည် ၁ တောင့် တွေ့လို့ သက်သေ တွေရှေ့မှာ သိမ်းဆည်းပြီးမောတောင်နယ်မြေ ရဲစခန်းကို လွဲအပ်ပေးခဲ့တယ်” လို့ ပြောကြားခဲ့ပါတယ်။ တရားမဝင် လက်လုပ်သေနတ်(လက်နက်ပုန်း)အား ကိုင်ဆောင်တဲ့ မျိုးသူနဲ့ ရဲကို(ခ)နောင်ဖြူတို့ကို မောတောင်မြို့မရဲစခန်းက လက်နက်ပုဒ်မ-၁၉(စ) နဲ့ အရေးယူထားတယ်လို့ သိရပါတယ်။။ မြတ်ထွဋ် ( မြိတ် )
3 years Ago
Up