တနင်္သာရီတွင်

June 18, 2017

တနင်္သာရီတွင် လူသတ် အလောင်းဖျောက်မှု ဖြစ်ပွား

မြိတ်ခရိုင် တနင်္သာရီမြို့နယ်၊ သိန်ခွန်းကျေးရွာအုပ်စု၊ သိန်ခွန်းကျေးရွာရှိ ဥယျာဉ်ခြံအနီးမှာ ပြီးခဲ့တဲ့ရက်ပိုင်းက အမျိုးသားတဦးအား သတ်ဖြတ်ပြီး အလောင်းဖျောက်မှုတခု ဖြစ်ပွားခဲ့တယ်လို့ မောတောင် ရဲစခန်းရုံးက ပြောပါတယ်။ သိန်ခွန်းကျေးရွာအနီးရှိ အရှေ့တောင်ဘက် ၆ မိုင်လောက်အကွာမှာ အခု ဇွန်လ ပထမအပတ်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး သေဆုံးသူမှာ အခိန်း အသက် ၄၅ နှစ် ဖြစ်ပါတယ်။ ဖြစ်စဉ်မှာ ပြီးခဲ့တဲ့ ဇွန်လ ၁၀ ရက်က ဥယျာဉ်ခြံလုပ်ကိုင်နေသူ တရွာတည်းနေ နာလီး (ခ) နိုင်ဦးနဲ့ အခိန်းတို့ လူမှုရေးကိစ္စကြောင့် စကားများ ခိုက်ရန်ဖြစ်ပွားရာမှာ နာလီးက အသင့်ပါလာတဲ့ ကိုင်းခုတ်ဓားနဲ့ အခိန်းရဲ့ လည်ပင်ကို ခုတ်ခဲ့တာလို့  မောတောင် ရဲစခန်းရုံးမှ တာဝန်ကျ ရဲတပ်ဖွဲ့ဝင်တဦးက ဖြစ်စဉ်နဲ့ ပတ်သက်ပြီး ပြောကြားပါတယ်။ ဒီနောက်မှာတော့ အခိန်း၏အလောင်းအား အခင်းဖြစ်နေရာနဲ့ ပေ ၉၀ လောက်ရှိ တောင်ခြေဝါးရုံတောအတွင်း မြှုပ်နှံထားခဲ့ကြောင်း နာလီးရဲ့ ထွက်ဆိုချက်အရ သိရတယ်လို့ ဆိုပါတယ်။ အခိန်းပျောက်ဆုံးနေကြောင်း တိုင်တန်းချက်အရ ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးခဲ့ပြီးနောက် နားလီကို ဖမ်းဆီးနိုင်ခဲ့တာလို့ ရဲတပ်ဖွဲ့ဝင်က ပြောပါတယ်။ ဒီနေ့မှာတော့ အလောင်းအား ပြန်လည်တူးဖော်ခဲ့ပြီးပြီလို ဆိုပါတယ်။ မောတောင်ရဲစခန်းက နာလီး (ခ) နိုင်ဦး (၃၁) နှစ်ကို ရာဇာသတ်ကြီးပုဒ်မ ၃၀၂/၂၀၁ အရ ဖမ်းဆီးအမှုဖွင့်ထားတယ်လို့ သိရပါတယ်။ ဇော်ဇော် (မြိတ်)
4 years Ago

January 11, 2017

တနင်္သာရီတွင် ရေကြီးနေသဖြင့် ပြည်သူ ၃၀၀ ကျော်ကို ဘေးလွတ်ရာ ရွှေ့ပြောင်း

တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်ထဲမှာ အချိန်အခါမဟုတ်မိုးများပြီး ရေကြီးနေတဲ့ အတွက် အိမ်ခြေ ၅၀ ကျော် နစ်မြုပ်ပြီး ဒေသခံ လူဦးရေ ၃၀၀ ကျော်လောက်ကို ရေဘေးလွတ်ရာ ရွှေ့ပြောင်းပေးခဲ့ရတယ်လို့ တနင်္သာရီမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနက ပြောပါတယ်။ တနင်္သာရီမြို့နယ်၊ သိန်ခွန်းကျေးရွာအုပ်စု ချောင်းလမုကျေးရွာနဲ့ တာပလပ်ကျေးရွာတွေမှာ ဇန်န၀ါရီ ၁၀ ရက်နေ့က မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီး တောင်ကျချောင်းရေကြောင့် မြေနိမ့်ပိုင်းက အိမ်ခြေတွေ ရေကြီးနစ်မြုပ်ခဲ့တယ်လို့ တနင်္သာရီမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးမှ ဒုဦးစီးမှူး ဦးလွှမ်းမိုးအောင်က ပြောပါတယ်။ လူနေအိမ် ၅၇ လုံး ရေနစ်မြုပ်ခဲ့ပြီး အိမ်ထောင်စု ၅၇ စု၊ လူဦးရေ ကျား (၁၆၆) ဦးနဲ့ မ (၁၃၉) ဦး စုစုပေါင်း (၃၀၅) ဦးကို ဇန်န၀ါရီလ ၁၁ ရက်နေ့က နီးစပ်ရာ တောင်ကုန်းတွေနဲ့ ဘုန်းကြီးကျောင်းတွေမှာ ပြောင်းရွှေ့ ချထားရတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ဒီနေ့မှာလည်း သိန်ခွန်းကျေးရွာအုပ်စု၊ တာပလပ် ကျေးရွာမှာ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် လူနေအိမ် (၇) လုံး ရေဝင်ရောက်နေပေမယ့် ဘေးလွှတ်ရာကို ပြောင်းရွှေ့ခြင်း မရှိ သေးကြောင်း ဦးလွှမ်းမိုးအောင်က ပြောပါတယ်။ ရေနစ်မြုပ်ကျေးရွာတွေကို တနင်္သာရီမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ မြို့မရဲစခန်းနဲ့ တာဝန်ရှိသူတွေ သွားရောက် ကွင်းဆင်း ကြည့်ရှုနေပြီး အကူညီတွေ ပေးအပ်ဖို့ စီစဉ်နေတယ်လို့ ပြောပါတယ်။ ရေကြီးမှုကြောင့် လူတွေ ထိခိုက်ဆုံးရှုံးမှုရှိတယ်ဆိုတဲ့ သတင်းတွေကတော့ မရရှိပါဘူး။ ခုရက်ပိုင်းအတွင်း တနင်္သာရီကမ်းရိုးတန်းနဲ့ ယင်းနှင့်ဆက်စပ်နေတဲ့ ကပ္ပလီပင်လယ်ပြင်‌မြောက်ပိုင်းမှာ လေဖိအားနည်းရပ်ဝန်း ဆက်လက်တည်ရှိနေတယ်လို့ မိုးဇလက ထုတ်ပြန်ထားပါတယ်။ အဆိုပါ လေဖိအားနည်းရပ်ဝန်း အရှိန်ကြောင့်  မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်း တလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တွေမှာ တခါတရံ မိုးသက်လေပြင်းကျရောက်ပြီး လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်တဲ့အကြောင်းနဲ့ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေဟာ ၁ နာရီလျှင် (၃၅)မိုင်အထိ တိုက်ခတ်နိုင်တယ်လို့ ခန့်မှန်းထားပါတယ်။ မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီ ကမ်းရိုးတန်း တလျှောက်နဲ့ ကမ်းလွန် ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေးငါးဖမ်းရေယာဉ်များ၊‌ သင်္ဘောတွေအနေနဲ့လည်း  ကြိုတင်သတိပြုဖို့ မိုးဇလက အကြံပြုတိုက်တွန်းထားပါတယ်။ သတင်း-ဇော်ဇော် (မြိတ်) သတင်းပုံ- တနင်္သာရီမြို့နယ် ထွေအုပ်
4 years Ago
Up