တနင်္သာရီတိုင်းဝန်ကြီးချုပ်

November 16, 2018

ငါးဖမ်းလှေအများစု တည်ဆဲဥပဒေနှင့်မညီဟု တနင်္သာရီတိုင်းဝန်ကြီးချုပ်ပြော

ပင်လယ်ပြင်မှာ ငါးဖမ်းဆီးနေတဲ့ ငါးဖမ်းလှေအများစုဟာ တည်ဆဲ ဥပဒေနဲ့ ကိုက်ညီမှုမရှိဘူးလို့ တနင်္သာရီတိုင်းဒေသကြီး ၀န်ကြီးချုပ်က ပြောကြားလိုက်ပါတယ်။ နိုဝင်ဘာ ၁၅ ရက်နေ့က တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင်အတွင်းရှိ ကျွန်းစုမြို့နယ်ရှိဒေသခံတွေ၊ ဌာနဆိုင်ရာတွေနဲ့ တွေ့ဆုံစဉ်မှာ အခုလို ပြောကြားခဲ့တာပါ။ "ကျမအနေနဲ့ အတွင်းဝန်၊ ၀န်ကြီးနဲ့ ငါးလုပ်ငန်းကညွန်ချုပ်နဲ့တွေ့ပြီး ငါးဖမ်းလှေကိစ္စ တွေကို ဆွေးနွေးခဲ့တယ်။ ကျမတို့ဆီမှာရှိနေတဲ့ ငါးဖမ်းလှေတွေက တည်ဆဲဥပဒေနှင့် ကိုက်ညီမှုမရှိပါဘူး။ ဥပဒေနှင့်ညီအောင်လုပ်ကြပါ။ သက်ဆိုင်တဲ့ ငါးလုပ်ငန်းဦးစီးဌာနကလည်း ပြည်သူတွေကို တည်ဆဲဥပဒေနှင့်အညီလုပ်ဆောင်ဖို့ အသိပညာပေးရမယ်။ ဒီလိုအသိပညာပေးရာမှာ ကိုယ်တိုင်လုပ်ကိုင်နေတဲ့သူတွေကို အသိပညာပေးရမယ်၊ အဘွားအိုတွေ၊ ကလေးကိုထိုင်ခိုင်းပြီး အသိပညာပေးပြီး ပြီးဆိုပြီး ကျမတို့ဆီကို ဓာတ်ပုံလာပြတာ မလိုချင်ဘူး။ တကယ့်ရေလုပ်သားတွေကို ဥပဒေဘောင်အတွင်းရှိနေအောင် အသိပညာပေးပါ" လို့ တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်က ပြောပါတယ်။ ကမ်းနီးရေပြင်အတွင်း ကမ်းဝေးလှေကြီးတွေ ငါးဖမ်းတာ၊ ပါးကျေးကျံပိုက်တွေ အသုံးပြု ငါးဖမ်းနေတာတွေကို သတိပေးခဲ့ပြီး ပင်လယ်ပြင်စိုးမိုးရေး ဆောင်ရွက်နေသူတွေ ဥပဒေအတိုင်းအရေးယူပေးဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။ ကင်းမွန်လုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူ ဦးဌေးလှိုင်က “ရေလုပ်သားတွေက ထောင်နှုတ်ခမ်းမှာနေပြီး လုပ်ကိုင်စားသောက်နေကြရတယ်။ လိုင်စင်မရှိတဲ့ ငါးဖမ်းလှေ ၅၀၀ ခန့်ရှိနေတယ်။ သူတို့လိုင်စင်မလုပ်ချင်တာ မဟုတ်ဘူး၊ လိုင်စင်မလုပ်ပေးလို့ ဒီလိုအဖြစ်မျိုး ကြုံနေရတာပါ။ ကျနော်တို့ ဥပေဒဘောင်အတွင်းမှာ လုပ်ကိုင်ချင်ပါတယ်။ ဥပဒေဘောင်အတွင်းကနေ အကာအကွယ်ယူပြီး လုပ်ငန်းလုပ်ကိုင်ချင်ပါတယ်။ မြေပြင်အခြေအနေမှာ ဖြစ်ပျက်နေတာတွေကို လွတ်တော်ကိုယ်စား လှယ်များသိအောင်လုပ်ပြီး ပြည်ထောင်စုအဆင့်ကို တင်ပြပေးစေချင်ပါတယ်” လို့ ပြောပါတယ်။ ၀န်ထမ်းတွေအနေနဲ့ ပြည်သူကို ဗဟိုပြုလုပ်ကိုင်ဖို့လိုအပ်ကြောင်း၊ ဒေခသံတွေအသံကို အရေးပေးလုပ်ဆောင်ဖို့ လိုအပ်ကြောင်းလည်း ၀န်ကြီးချုပ်က ကျွန်းစုဒေသခံတွေနဲ့ တွေ့ဆုံပွဲမှာ ပြောကြားခဲ့ပါတယ်။ တနင်္သာရီတိုင်းတွင်းမှာ တရားဝင် ကမ်းဝေးငါးဖမ်းလှေ ၁၁၄၅ စီးရှိပြီး မြိတ်ခရိုင်အတွင်းမှာ ကမ်းနီးငါးဖမ်းလှေ ၅၂၁၆ စီး ရှိကြောင်း မြိတ်ခရိုင်ငါးလုပ်ငန်းဦးဌာနမှ သိရပါတယ်။ မြတ်ထွဋ် (မြိတ်)
2 years Ago

June 4, 2018

စသုံးလုံးက ခေါ်စစ်သည့်သတင်း မဟုတ်မှန်ကြောင်း တနင်္သာရီတိုင်းဝန်ကြီးချုပ် ရှင်းလင်း (ရုပ်သံ)

အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာန (စစစ) က ခေါ်ယူစစ်ဆေးမှုတွေ ပြုလုပ်ခဲ့တယ်ဆိုတဲ့သတင်း မဟုတ်မှန်ကြောင်း တနင်္သာရီတိုင်းဝန်ကြီးချုပ် ဒေါ်လဲ့လဲ့မော်က ပြောကြားလိုက်ပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက တနင်္သာရီတိုင်းဝန်ကြီးချုပ် ဒေါ်လဲ့လဲ့မော်ကို အဂတိလိုက်စားမှုနဲ့ပတ်သက်လို့ နေပြည်တော် စစစ အဖွဲ့က ခေါ်ယူစစ်ဆေးမှုတွေ ပြုလုပ်နေတယ်ဆိုတဲ့သတင်း လူမှုကွန်ကွန်ပေါ် ပျံ့နှံ့ခဲ့တာနဲ့ပတ်သက်ပြီး ဝန်ကြီးချုပ် ဒေါ်လဲ့လဲ့မော်က မြိတ်မြို့ ပုလဲရတနာခန်းမမှာ ပြုလုပ်တဲ့ လူထုတွေ့ဆုံပွဲမှာ အခုလိုပြောကြားလိုက်တာပါ။ “ကျမကို စ သုံးလုံးက ဖမ်းသွားပြီ၊ အဂတိလိုက်စားမှုကော်မရှင်က ဖမ်းသွားပြီဆိုတဲ့ သတင်းထုတ်ပြန်ပါတယ်။ သတင်းထုတ်ပြန်တဲ့လူက ဘယ်သူဖြစ်မလဲတော့ မသိပါဘူး။ ဒါပေမယ့် ကျမကတော့ ပြန်ပြီးရှင်းလိုက်ပါတယ်။ ကောလာဟလသတင်းကို နားထောင်တဲ့ လူရော၊ လိုက်ပါ ဆောင်ရွက်တဲ့လူရော ကောလာဟလပြောတဲ့လူရဲ့ ခြေဖဝါးအောက်က လူတွေပဲလို့ ကျမက ပြန်ပြောလိုက်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ လူတွေက အထူးသဖြင့် ဝန်ကြီးချုပ်တွေ။ အခု ပွင့်လင်းမြင်သာတဲ့ခေတ်မှာ ဝန်ကြီးချုပ်တွေ လှုပ်ရှားနေတာ အားလုံးသိပါတယ်။ ဘယ်သူတွေ ဘယ်လို လုပ်နေတယ်၊ ဘယ်တိုင်းက ဝန်ကြီးချုပ်က ဘယ်လို ကြိုးစားနေတယ်၊ အားလုံး သိတယ်။ မသိတဲ့လူ ဘယ်သူမှ မရှိဘူး။ ဒီဖေ့စ်ဘွတ်ခ်လောကမှာ အားရင် ဒီဖုန်းပဲ ပွတ်နေတာ။ မသိဘဲ နေပါ့မလား။ သိသိကြီးနဲ့ ကောလာဟလပြောတဲ့လူရဲ့ စကားကို ယုံတဲ့လူဟာ ကောလာဟလပြောတဲ့သူရဲ့ ဘက်တော်သားလို့ ကျမက ပြောခြင်းဖြစ်ပါတယ်။ ခြေဖဝါးအောက်ကလူပဲ ဖြစ်ပါတယ်ဆိုတာ။” တနင်္သာရီတိုင်းဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်နဲ့ အစိုးရအဖွဲ့ဝင်တွေဟာ တနင်္သာရီတိုင်း မြိတ်မြို့ကို ဇွန်လ ၄ ရက်နေ့ မနက်ပိုင်းက ရောက်ရှိလာတာဖြစ်ပြီး အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း စက်ချုပ်သင်တန်းနဲ့ သဟာယ ကြက်တောင်အသင်း အဆောက်အုံသစ်ဖွင့်ပွဲကို တက်ရောက်ခဲ့ကြပါတယ်။
3 years Ago
Up