တနင်္သာရီတိုင်းတွင် H5N1 ကြက်ငှက်တုပ်ကွေးရောဂါ ထိန်းချုပ်နိုင်

August 8, 2017

တနင်္သာရီတိုင်းတွင် H5N1 ကြက်ငှက်တုပ်ကွေးရောဂါ ထိန်းချုပ်နိုင်

  တနင်္သာရီတိုင်းဒေသကြီးမှာ H5N1 ကြက်ငှက်တုပ်ကွေးရောဂါကို ထိန်းချုပ်နိုင်ပြီလို့ တိုင်းဒေသကြီးအစိုးရအဖွဲ့က သြဂုတ် ၇ ရက်နေ့က ထုတ်ပြန်လိုက်ပါတယ်။ သြဂုတ် ၄ ရက်နေ့ကစတင်ပြီး ကြက်ခြံတွေမှာ ရောဂါဖြစ်ပွားမှုမရှိတာ လူတွေကို ကူးစက်မှုမရှိတာကြောင့် ထိန်းချုပ်နိုင်ပြီလို့ပြောဆိုတာလို့ ထားဝယ်မြို့နယ် တိမွေးကုဌာန ဦးစီးမှူး ဒေါက်တာသိန်းဇော်မင်းကပြောပါတယ်။ “ ရောဂါနောက်ဆုံး ၃ ရက်နေ့အထိပေါ့နော့် အဲဒီနေ့က နောက်ဆုံးဖြစ်သွားပြီးတော့ နောက်ထပ် အဲဒီရက်ကနေစပြီး ဒီနေ့အထိ ဆက်မဖြစ်တော့ဘူး ပေါ့နော်။  ဆက်မဖြစ်တော့တဲ့အတွက် ထိန်းချုပ်နိုင်ပြီပေါ့။ ဆရာတို့ကတော့ ဒီမွေးမြူရေးသမား တွေလည်းခေါ်ပြီးတော့ တောက်လျှောက်သတိပေးနေတာပေါ့နော်။ ဇီဝလုံခြုံမှုကို ဘယ်လိုဆောင်ရွက်ရမလဲ ဒါတွေကိုဆရာတို့က မွေးမြူရေးသမားတွေကို ဆွေးနွေးပေးတယ်။ ဒီနေ့ နေ့ခင်း ၁ နာရီမှလည်း ကြက်ဥ၊ ကြသားရောင်းတဲ့ ဒိုင်တွေဆရာတို့ ရုံးမှာ ဆက်ခေါ်ထားတယ်။ ခေါ်ပြီးတော့ ဇီဝလုံခြုံမှုနဲ့ပတ်သက်ပြီးဆက်ပြီးဆွေးနွေးဖို့ပေါ့နော်။ အဓိက ရောဂါမဖြစ်ဖို့ဆိုတာ ဇီဝလုံခြုံမှု မြှင့်တင်ဖို့လိုတာကို။ ဇီဝလုံခြုံမှုဆိုတာကတော့ အပြင်ကိုသွားမယ် ပြန်လာမယ် ခြံကိုရောက်တာနဲ့ ပိုးသတ်ဆေးတွေဖြန့်ပြီးတော့ ကားတွေ၊ ဆိုင်ကယ်တွေ၊ လူတွေကို ပိုးသတ်ဆေးဖြန့်ပြီးမှ ခြံထဲဝင်တဲ့ဟာပေါ့နော်။ အပြင်က ရောဂါပိုးတွေကို ခြံထဲရောက်မလာအောင်လုပ်တဲ့ နည်းစနစ်ပေါ့။  ဒါလေးတွေကို ဆရာတို့က အထွေထွေ ဆွေးနွေးမှာပေါ့။” H5N1 ရောဂါ စတင်ဖြစ်ပွားခဲ့တဲ့ ဇူလိုင်လ လယ်ပိုင်းကနေ သြဂုတ်လ ၃ ရက်နေ့အထိ ထားဝယ်မြိုကနယ်မှာရှိတဲ့ ကြက်ခြံ ၁၄ ခြံကြက်ကောင်ရေ ၂၅၀၀၀ ကျော် ရှင်းလင်းခဲ့တယ်လို့လည်း ဒေါက်တာသိန်းဇော်မင်းကပြောပါတယ်။ လတ်တလော ရောဂါကိုထိန်းချုပ်နိုင်တဲ့အနေအထားဖြစ်ပေမယ့် ရောဂါဖြစ်ပြီး ရှင်းလင်းခဲ့တဲ့ ကြက်ခြံတွေမှာ ကြက်တွေပြန်လည်မွေးမြူမယ်ဆိုရင်တော့ ရောဂါ ထိန်းချုပ်နိုင်ရေး က နောက်ထပ်  ၃ လစောင့်ပြီးမှ ပြန်လည်မွေးမြူနိုင်မှာဖြစ်တယ်လို့လည်း ပြောပါတယ်။ ဒါ့အပြင် ရာသီတုပ်ကွေးရောဂါ H1N1 ကလည်း ဂျပန်နိုင်ငံမှာ ဓာတ်ခွဲစမ်းသပ် စစ်ဆေးချက်တွေအရ မျိုးစိတ်အသစ်မဟုတ်ပဲ ကမ္ဘာတဝန်းလုံးဖြစ်ပွားခဲ့တဲ့ တုပ်ကွေးအမျိုးအစား တမျိုးဖြစ်တယ်လို့ ဆိုပါတယ်။ ထားဝယ်နဲ့ မြိတ်မြို့တွေမှာ ကြက်ငှက်တုပ်ကွေးရောဂါဖြစ်ပွားနေတာကြောင့် ကြိုတင် ကာကွယ်တဲ့အနေနဲ့ အခြေခံပညာမူလတန်းကျောင်းတွေကို ပိတ်ထားရာက သြဂုတ်လ ၈ ရက်နေ့မှာ ပြန်လည်ဖွင့် လှစ်မယ်လို့လည်း တိုင်းအစိုးရက ထုတ်ပြန်ထားပါတယ်။ ကြက်ခြံတွေ ပြန်လည်မွေးမြူခွင့်ကိုတော့ တိုင်းဒေသကြီးကြက်ငှက်တုပ်ကွေးရောဂါ ကာကွယ်ထိန်းချုပ်တားဆီးရေးကော်မတီက သတ်မှတ်ထားတဲ့ စည်းကမ်းတွေနဲ့ညီညွတ်မှသာ ကြက်မွေးမြူခွင့်ကို ခွင့်ပြုသွားမှာဖြစ်ပါတယ်။
4 years Ago
Up