တည်ငြိမ်

May 11, 2020

ရွှေ့ပြောင်းလုပ်သားများကြား ကိုရိုနာကူးစက်မှုအခြေအနေ တည်ငြိမ်နေပြီဟု စင်ကာပူပြော

စင်ကာပူနိုင်ငံအတွင်း ဝန်ထမ်းအိမ်ရာတွေမှာနေတဲ့ ရွှေ့ပြောင်းလုပ်သားတွေကြား ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု မြင့်နေပေမယ့် အခြေအနေ တည်ငြိမ်နေပြီမို့ အစိုးရကတော့ အသွားအလာ လော့ဒေါင်း ကန့်သတ်ချက်တွေကို ပြန်ဖြေလျှော့ပေးဖို့ ပြင်ဆင်နေတယ်လို့ စင်ကာပူ လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဂျိုးဆက်ဖင်း တီယိုက မေလ ၁၀ ရက်မှာ ပြောပါတယ်။  ရွှေ့ပြောင်းလုပ်သားတွေကို ဂရုစိုက်ဖို့ ဆေးဘက်ပံ့ပိုးမှု အင်္ဂါရပ်တွေကို သွားရောက် စစ်ဆေးနေချိန်မှာ သတင်းမီဒီယာတွေကို သူက ခုလို ပြောလိုက်တာပါ။ လုပ်သားတွေ အပြည့်အဝ နေပြန်ကောင်းလာဖို့နဲ့ လုပ်ငန်းခွင် ပြန်ဝင်နိုင်ဖို့ နောက်တဆင့် အတွက် အာဏာပိုင်တွေက ပြင်ဆင်ရမယ်လို့ သူက ပြောပါတယ်။ စင်ကာပူနိုင်ငံမှာ မေ ၁၀ ရက်အထိ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံအသစ် ၈၇၆ ယောက်ရှိပြီး စုစုပေါင်း ကူးစက်ခံရသူ ဦးရေ ၂၃၃၃၆ ယောက် ရှိသွားပါပြီ။ အသစ် ကူးစက်ခံရသူအများစုက ဝန်ထမ်းအဆောင်တွေမှာ နေတဲ့ ရွှေ့ပြောင်းလုပ်သားတွေ ဖြစ်တယ်။ အမြဲတမ်း နေထိုင်ခွင့်ရသူ ၃ ယောက်ပဲ ပါတယ်လို့ ကျန်းမာရေး ဝန်ကြီးဌာနက ကြေညာချက် ထုတ်ပြန်ပြောဆိုပါတယ်။ စင်ကာပူနိုင်ငံမှာ မေ ၁၂ ရက်ကစပြီး ပင်းမင်းလုပ်ငန်း၊ ဆံပင်ညှပ်ဆိုင်တို့လိုမျိုး အိမ်တွင်းမှု လုပ်ငန်းတွေကို ပြန်ဖွင့်ဖို့ ခွင့်ပြုတော့မှာပါ။  နောက်သီတင်းပတ်မှာတော့ ကျောင်းသားတချို့ အုပ်စုငယ်အလိုက် ကျောင်းပြန်တက်ဖို့ ခွင့်ပြုမယ်လို့ ရိုက်တာသတင်းဌာနက ဖော်ပြထားပါတယ်။
11 months Ago
Up