တည်းခိုခန်းများကို ၀င်ရောက် စစ်ဆေး

October 27, 2016

မန္တလေးတွင် အလုံပိတ်အခန်းများနှင့် တည်းခိုခန်းများကို ၀င်ရောက် စစ်ဆေး

မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ်အတွင်းက အလုံပိတ်အခန်းတွေနဲ့ တည်းခိုခန်းတွေကို အောက်တိုဘာ ၂၅ ရက်နေ့မှာ သက်ဆိုင်ရာက ရှောင်တခင် ဝင်ရောက် စစ်ဆေးမှုများ ပြုလုပ်ခဲ့ပါတယ်။ မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ ကန်တော်ကြီးဘေး သံတောင်ရပ်ကွက်က အလုံပိတ်ခန်းတွေနဲ့ တည်းခိုခန်းတွေကို ဝင်ရောက်စစ်ဆေးရာ တော်ဝင်သူ တည်းခိုခန်းမှာ သတ်မှတ်လိုင်စင်ချထားပေးတဲ့ အခန်းအရေအတွက်ထက် ပိုမိုဆောက်လုပ်ထားတာကို တွေ့ခဲ့ရပါတယ်။ ရဲအုပ်သဲဦးလှိုင်က “သန့်ရှင်းရေးဌာနက ဆက်ပြီးအရေးယူတာ သူတို့ လုပ်လိမ့်မယ်။ လိုင်စင်ထုတ်ပေးတဲ့ဌာနကို သူတို့က လက်ရှိထုတ်ပေးထားတဲ့ ၁၀ ခန်း၊ ပိုနေတဲ့ ၁၄ ခန်းအပေါ်မှာ သက်ဆိုင်ရာဌာနကပဲ စီမံခန့်ခွဲမှုအရ အရေးယူလိမ့်မယ်။ လိုအပ်ရင် လိုင်စင်ပိတ်သိမ်းတာတို့၊ အခန်းဖျက်ခိုင်းတာတို့ သူတို့ လုပ်ရမှာပေါ့” လို့ ပြောပါတယ်။ မန္တလေးမြို့တော် စည်ပင်သာယာရေးဌာနကနေပြီး တော်ဝင်သူ တည်းခိုခန်းပိုင်ရှင် ဒေါ်သန်းသန်းဆင့်ကို၂၀၁၆ ခုနှစ်၊ ဧပြီလ ၄ ရက်နေ့ကနေပြီး ၂၀၁၇ ခုနှစ် မတ်လ ၃၀ ရက်နေ့အထိ တယောက်အိပ်ခန်း ၆ ခန်း၊ နှစ်ယောက်အိပ်ခန်း ၄ ခန်းကိုသာ တည်းခိုခန်းလုပ်ငန်းလိုင်စင် ချထားပေးခဲ့ပေမယ့် အခန်းပေါင်း ၂၄ ခန်း ဆောက်လုပ်ထားတာကို တွေ့ရှိခဲ့ပါတယ်။ စည်ပင်သာယာရေးကော်မတီ တွဲဖက်အတွင်းရေးမှူး ဦးသက်နိုင်ထွန်းက “တည်းခိုခန်း လိုင်စင် ဆိုတာကတော့ ကျနော်တို့က တည်းခိုခန်းလိုင်စင် ပေးပါတယ်။ တည်းခိုခန်းလိုင်စင် ပေးပြီးတော့မှ ဟိုတယ်ကနေ ခွင့်ပြုတော့မှ ဟိုတယ်ဆိုတာကို သတ်သတ်စည်းကြပ်တာ ပေါ့နော်။ တည်းခိုခန်းလိုင်စင် သတ်မှတ်ထားတဲ့ ၁၀ ခန်း၊ ၁၀ ခန်းထက်ပိုပြီး ၂၄ ခန်း လုပ်ထားတယ်ဆိုတော့ ဒီအပေါ်မှာ ကျနော်တို့ကတော့ ကော်မတီကို ပြန်တင်ရမှာပေါ့နော်။ ကော်မတီကို ပြန်တင်ပြပါမယ်။ ကျနော်တို့ရဲ့ စည်ပင်သာယာက သတ်မှတ်ထားသောမူထက် ကျော်နေရင်တော့ ကျနော်တို့က လိုင်စင်ပိတ်သိမ်းမယ်။ အရေးယူမယ်။ ဥပဒေအရ ဆက်လက်ဆောင်ရွက်ဖို့ ရှိပါတယ်” လို့ ပြောပါတယ်။ မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ ကန်တော်ကြီးဘေး သံတောင်ရပ်ကွက်အတွင်းက အလုံပိတ်ခန်းတွေ ရာနဲ့ချီပြီး ရှိနေခဲ့ပေမယ့် သွားရောက်ဖမ်းဆီးတဲ့နေ့မှာတော့ အားလုံး ပိတ်ထားတဲ့အတွက် အလုံပိတ်ခန်းတွေကို ဖမ်းဆီးရမိခဲ့ခြင်း မရှိခဲ့ပါဘူး။
6 years Ago
Up