တင်သွင်း

A d v e r t i s e m e n t With Us

May 7, 2020

မြန်မာနိုင်ငံအနေဖြင့် ICJ ထံတင်သွင်းရမည့် အစီရင်ခံစာကို  မဖြစ်မနေ တင်သွင်းမည်

ရခိုင်ဒေသမှာ နယ်မြေမတည်ငြိမ်ပေမယ့်လည်း အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) ကို တင်သွင်းရမယ့် အစီရင်ခံစာကို မဖြစ်မနေ တင်သွင်းသွားမယ်လို့ မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာန တာဝန်ရှိသူက ပြောပါတယ်။ ရခိုင်ပြည်နယ်မှာ လူမျိုးတုံးသတ်ဖြတ်တာတွေရှိခဲ့တယ်ဆိုပြီး ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံကို ICJ မှာ တရားစွဲဆိုထားတာပါ။ ICJ က ဇန်နဝါရီ ၂၃ ရက်နေ့မှာ ဒီအမှုနဲ့ပတ်သက်ပြီး ကြားဖြတ်အစီအမံလေးခုကို မြန်မာနိုင်ငံအပေါ်ချမှတ်ခဲ့ပါတယ်။ အဲဒီအချက်လေးချက်ထဲမှာ ပုံမှန်အစီအရင်ခံစာတင်သွင်းဖို့ ဆုံးဖြတ်ချက် ပါဝင်ခဲ့ပါတယ်။  ပထမဆုံးအစီအရင်ခံစာကို အခုမေလထဲမှာ မြန်မာက ICJ ကိုတင်သွင်းရ မှာပါ။ အစီအရင်ခံစာတင်သွင်းရမယ်ဆိုပေမယ့် ရခိုင်ဒေသမှာတော့ ဒီနေ့အချိန်အထိ နယ်မြေမတည်ငြိမ် သေးပါဘူး။ ဒီလိုနယ်မြေမတည်ငြိမ်အောင် အေအေနဲ့ အာဆာအကြမ်းဖက်အဖွဲ့တွေက  ဆောင်ရွက်နေပေမယ့် အစီအရင်ခံစာကို မဖြစ်မနေတင်သွင်းသွားမယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာန အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများနှင့်စီးပွားရေးဦးစီးဌာန၊  ညွှန်ကြားရေးမှူးချုပ်  ဦးချမ်းအေးက ပြောပါတယ်။ လတ်တလောမှာ မြန်မာနိုင်ငံဟာ COVID-19 ကပ်ရောဂါပြဿနာကိုလည်း နိုင်ငံတကာနည်းတူ ရင်ဆိုင်နေရသလို ရခိုင်တပ်မတော် အေအေနဲ့လည်း အစိုးရတပ်တွေ တိုက်ပွဲ အပြင်းအထန် ဆက်လက် ဖြစ်ပွားနေပါတယ်။  ဒါ့အပြင် ဒီရက်ပိုင်းအတွင်းမှာ အာဆာအဖွဲ့ရဲ့ လှုပ်ရှားမှုတွေ နယ်စပ်တလျှောက်မှာ များလာတယ်လို့လည်း တပ်မတော်က ထုတ်ပြန်ထားပါတယ်။  ဒါပေမယ့် ICJ ပြဿနာဟာ နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ဆောင်ရွက်ရတာဖြစ်တဲ့အတွက် ယုံကြည်မှုတည်ဆောက်နိုင်ဖို့ မြန်မာအစိုးရက အစီအရင်ခံစာကို မဖြစ်မနေတင်သွင်းထားရမယ်လို့  တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ ဒုဥက္ကဋ္ဌ ဦးဟန်ရွှေက ပြောပါတယ်။ ရခိုင်မြောက်ပိုင်းမှာ ဖြစ်ပျက်တာတွေနဲ့ ပတ်သက်လို့  သက်သေအထောက်အထားတွေကို မပျက်စီးအောင် ထိန်းသိမ်းဖို့ကိုလည်း သမ္မတရုံးက ထုတ်ပြန်ထားပါတယ်။ အဲဒီနောက်ဧပြီလ ဒုတိယအပတ်ထဲမှာ လူမျိုးတုံးသတ်ဖြတ်မှုတားဆီးရေးနဲ့ ပြစ်ဒဏ်ပေးရေး နိုင်ငံတကာသဘောတူစာချုပ်ကို လိုက်နာဖို့၊  အမုန်းစကားနဲ့ အကြမ်းဖက်မှုတွေကို တားဆီးဖို့ကိုလည်း  ညွှန်ကြားထားပါတယ်။ မြန်မာနိုင်ငံအပေါ် ICJ တရားရုံးက ချမှတ်ထားတဲ့ ကြားဖြတ်အစီအမံတွေထဲမှာ မြန်မာနိုင်ငံအနေနဲ့ ဂျီနိုဆိုက်သဘောတူညီချက်ကို လိုက်နာရမယ့် တာဝန်တွေကို ဆောင်ရွက်ဖို့၊ မြန်မာအနေနဲ့ ရိုဟင်ဂျာတွေအပေါ် တပ်မတော်နဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေအနေနဲ့ လူမျိုးတုံးသတ်ဖြတ်မှုတွေ မကျူးလွန်အောင် ဆောင်ရွက်ပေးဖို့၊ မြန်မာအနေနဲ့ တရားရုံးက ဆုံးဖြတ်ချက်ချတဲ့နေ့စပြီး တရားရုံးကို အစီရင်ခံစာ ၄ လအတွင်း တင်သွင်းဖို့နဲ့ အမှုစစ်ဆေးဆဲ ကာလမှာ ၆ လတကြိမ် အစီရင်ခံစာ တင်သွင်းဖို့တွေ ပါဝင်ပါတယ်။
10 months Ago

December 17, 2019

ဦးစိုးထွန်းရှိန်၏ ရှေ့နေ သက်သေခံ စာရွက်စာတမ်းများ တရားရုံးတော်သို့တင်သွင်း

နိုင်ငံတော်ကို ရွှေကြွေးကျန်ပေးသွင်းဖို့ ပျက်ကွက်ခဲ့တဲ့အတွက် သတ္တုတွင်းဥပဒေနဲ့  တရားစွဲဖမ်းဆီးခံနေရတဲ့ ဦးစိုးထွန်းရှိန်ရဲ့အမှု ၆ ကြိမ်မြောက်ရုံးထုတ်မှာ သူ့ရဲ့ရှေ့နေက သက်သေခံ စာရွက်စာတမ်းတွေ တင်သွင်းခဲ့ပါတယ်။ ဒီဇင်ဘာ ၁၆ ရက်က ဦးစိုးထွန်းရှိန်နဲ့အတူ အမှုဖွင့်ခံထားရသူ ၄ ဦးကို ရုံးထုတ်ခဲ့ပြီး ဦးစိုးထွန်းရှိန်ရဲ့ ရှေ့နေကတော့ သက်သေခံ စာရွက်စာတမ်းတွေကို တင်သွင်းခဲ့ပါတယ်။ ရမည်းသင်းမြို့နယ်တရားသူကြီး ဦးဇော်လင်းအောင်က "သက်သေခံ စာရွက်စာတမ်းတွေ တင်သွင်းတာဟုတ်ပါတယ်။ တရားလိုကို စစ်ဆေးလို့ မပြီးသေးတဲ့ အတွက် ဘယ်နှစ်လောက်တင်သွင်းတယ်ဆိုတာကတော့ ပြောလို့ မရသေးပါဘူး"လို့ ပြောပါတယ်။ မနေ့က တရားခွင်မှာ မနက် ၁၁ နာရီလောက်ကနေ ညနေ ၄ နာရီကျော်အထိ တရားလိုကို စစ်ဆေးခဲ့တာဖြစ်ပြီး လာမယ့် ရုံးချိန်းကို ဒီဇင်ဘာလ ၂၄ ရက်နေ့ကို ပြန်လည်ချိန်းဆိုထားပါတယ်။ "တရားလို ဦးအေးဇော်ကို စစ်ဆေးတာဖြစ်ပြီး သူ့ကို ဆက်လက်စစ်ဆေးဖို့နဲ့ တရားလိုပြသက်သေ ဦးတင်မောင်ဆွေအား စစ်ဆေးဖို့ ပြန်ချိန်းထားပါတယ်။ စွပ်စွဲခံရတွေဘက်က ပြန်လည်စစ်မေးနေဆဲပဲ ရှိပါသေးတယ်" လို့ တရားသူကြီး ဦးဇော်လင်းအောင်က ပြောပါတယ်။ အမျိုးသားကြီးပွားတိုးတက်ရေးကုမ္ပဏီဟာ ရွှေတူးဖော်ခွင့် ပါမစ် ရပ်ဆိုင်းခံထားရပေမယ့် ထပ်မံတူးဖော်ခဲ့တာကြောင့် ကုမ္ပဏီ ဥက္ကဋ္ဌ  ဦးစိုးထွန်းရှိန်ကို သတ္တုတွင်း ဥပဒေ ပုဒ်မ ၃၀ (က) နဲ့ တရားစွဲထားတာဖြစ်ပါတယ်။ ကုမ္ပဏီ အနေနဲ့ ရမည်းသင်းမြို့နယ် အပိုင်ထဲမှာရှိတဲ့  ၆၁၀၅ ဧကရှိတဲ့ မိုးထိမိုးမိ ရွှေလုပ်ကွက် A ကို ငါးနှစ်အတွင်းမှာ ပုဒ်ဖြတ်ရွှေစင် ၅ ဒသမ ၅၇၇ မတ်ထရစ်တန် (ပိသာချိန် ၃၄၁၅ ဒသမ ၃၂၇ ပိဿာ) နဲ့ အဆိုပြုငွေ ကျပ် သန်း ၁၀၀ ပေးသွင်းမယ်ဆိုပြီး ၂၀၁၁ ခုနှစ်က တင်ဒါအောင်မြင်ခဲ့တာပါ။ အမျိုးသားကြီးပွားတိုးတက်ရေး ကုမ္ပဏီအနေနဲ့ နိုင်ငံတော်ကို ပေးသွင်းဖို့ ရွှေအကြွေးတွေ ကျန်ရှိနေပြီးတော့ ရွှေတူးဖော်ခွင့်ကို ၂၀၁၈ ခုနှစ် နှစ်ဆန်းပိုင်းလောက်က ရုပ်သိမ်းခံရတာ ဖြစ်ပါတယ်။
1 year Ago
Up