တင်သားရွာ

August 28, 2021

ကလေးမြို့နယ် တင်သားရွာ နေအိမ်အချို့ကို စစ်ကောင်စီတပ်က မီးရှို့

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ် တင်သားရွာမှာ PDF နဲ့ တိုက်ပွဲဖြစ်ပြီးနောက် အကြမ်းဖက်စစ်တပ်က ရွာကိုဝင်စီးတာကြောင့် ရွာသားထောင်ချီ တိမ်းရှောင်ခဲ့ရပြီး ဒီနေ့မွန်းတည့်ပိုင်းကစတင်ကာ ကျေးရွာအတွင်းက နေအိမ်တချို့ကို မီးရှို့နေတယ်လို့ သိရပါတယ်။

တင်သားကျေးရွာသူတစ်ဦးက “တင်သားကျေးရွာကို စစ်‌ကောင်စီတပ်တွေက အရမ်းဖိနှိပ်သောင်းကျန်းနေပါတယ်ရှင်။ ကူညီကြပါဦး။ ကျမတို့ရွာသားတွေ အကုန်လုံးကတော့ ဩဂုတ် ၂၆ ရက်နေ့ကတည်းက ရွာလုံးကျွတ်လူတွေ ထွက်ပြေးနေကြတာ။ ဒီနေ့ ဩဂုတ် ၂၈ ရက်နေ့ မွန်းတည့် ၁၂ နာရီလောက်မှာ ကျောင်းဆရာကြီး ဦးကျော်မင်နိုင် ပိုင်တဲ့ နိုင်မြန်မာကုန်စုံဆိုင်ကို စစ်ကောင်စီတွေကစပြီး မီးရှို့တယ်။ အဲအိမ်ကနေ့ တရွာလုံး လောင်မယ် ထင်တယ်။ အခုတောင် ကျန်အိမ်တွေ ကူးနေပြီရှင့်။ ရွာထဲကနေ ထွက်မပြေးဘဲ ပုန်းနေတဲ့သူတွေက ပုန်းပြီး ဗွီဒီယိုရိုက်ပြီး ပို့ပေးလို့ အခုလိုသိရတာ” လို့ ပြောပါတယ်။

စစ်တပ်ဟာ တင်သားရွာနဲ့ ၃ မိုင်လောက်ဝေးတဲ့ ကြံသာရွာကို ၂၅ ရက်နေ့က ရောက်ခဲ့ပြီး နောက်နေ့မှာ တင်သားရွာကို လာခဲ့တာလို့ တင်သားရွာ ဒေသခံတယောက်က ပြောပါတယ်။

“စစ်ပြေးတယောက်ကို လိုက်ဖမ်းတယ်လို့ သိရတယ်။ ပြီးတော့ တင်သားရွာကို တောလမ်းကနေ ချီတက်လာတယ်။ PDF ခေါင်းဆောင်တွေကို လာရှာတာလို့လည်း သိရတယ်။ ရွာထဲမှာ တပ်စွဲမှာစိုးလို့ PDF က ခုခံသေးတယ်။ စစ်တပ်က ရွာရဲ့ အရှေ့ဘက်ကနေ ပစ်တာ။ လက်နက်ကြီးတွေနဲ့လည်း ပစ်တယ်။ ရွာနာမှာစိုးလို့ PDF က နောက်ဆုတ်ပေးခဲ့ပါတယ်။”

ညနေ ၆ နာရီလောက်ကနေ တညလုံးနီးပါး တိုက်ပွဲပြင်းပြင်းထန်ထန်ဖြစ်ခဲ့ပြီး ထိခိုက်သေဆုံးတဲ့ အခြေအနေကိုတော့ မသိရပါဘူး။ ဒီနောက်မှာတော့ စစ်တပ်ဟာ တင်သားရွာက ဆေးရုံမှာ တပ်စွဲခဲ့တာလည်း ဖြစ်ပါတယ်။

တင်သားရွာမှာ အိမ်ခြေ ၁,၀၀၀ ကျော်ရှိပြီး တိမ်းရှောင်နေရသူ ၂၀,၀၀၀ ဝန်းကျင်လောက် ရှိနိုင်တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

ဒီမနက်အစောပိုင်းကလည်း ဗုံးခွဲသံကြားရတယ်လို့ ဒေသခံတယောက်က ပြောပါတယ်။ ဩဂုတ် ၂၆ ရက်နေ့က စစ်သား အင်အား ၈၀ ဝန်းကျင်လောက် ရောက်လာခဲ့တာဖြစ်ပြီး နောက်ထပ် အင်အားဖြည့်လာတာလည်း ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

တင်သားရွာမှာ ဒီနေ့ညနေ ၃ နာရီခွဲအထိ မီးက လောင်ကျွမ်းနေဆဲ ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

3 months Ago
Up