တင်ပို့မှု

November 3, 2019

ဘင်္ဂလားဒေ့ရှ်ကို မြန်မာကြက်သွန်နီ တင်ပို့မှု ၅ ဆကျော် မြင့်တက်

ရခိုင်ပြည်နယ်၊ ‌မောင်တောမြို့ နယ်စပ်ကုန်သွယ်ရေးစခန်းကနေ တဖက် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ကြက်သွန်နီ တင်ပို့မှုဟာ အောက်တိုဘာလအတွင်း ၅ ဆကျော် မြင့်တက်ခဲ့တယ်လို့ မောင်တောကုန်သည်ကြီးများအသင်းက ပြောပါတယ်။ မောင်တောကုန်သည်ကြီးများအသင်း ဒုဥက္ကဋ္ဌ ဦးစံသိန်းက “ကြက်သွန် တင်ပို့မှု အခြေအနေက ပြီးခဲ့တဲ့ ၉ လပိုင်းက တန် ၂၀၀ နီးပါးလောက်သာ တင်ပို့နိုင်ခဲ့တယ်။ အခု ဆယ်လပိုင်းမှာကျတော့ သုံး လေး ငါးဆ မြင့်တက်သွားပြီး တန်ချိန် ၁၁၇၅ တန်ထိ တင်ပို့နိုင်ခဲ့တယ်။ ကိုးလပိုင်းမှာ အများဆုံးပို့ကုန်က ငါးမြစ်ချင်းဖြစ်ပြီး ဆယ်လပိုင်းမှာကျတော့ ကြက်သွန်နီက အများဆုံးပို့ကုန် ဖြစ်သွားပါတယ်” လို့ ပြောပါတယ်။ မောင်တောမြို့မှာ ကြက်သွန်စျေးက ပြီးခဲ့တဲ့ စက်တင်ဘာလက ၁၂၀၀ လောက်သာ ရှိပေမယ့် အခုလက်ရှိမှာ ၁ ပိဿာကို ၂၇၀၀ လောက်ထိ ဈေးမြင့်တက်သွားတယ်လို့ စျေးသည်တဦး ဖြစ်တဲ့ ကိုမောင်လှသိန်းက ပြောပါတယ်။ “နိုင်ငံခြားတင်ပို့မှုများသွားတော့ စျေးက တအားတက်သွားပါတယ်။ နောက်ထပ် ဈေးကျလာမလား၊ တက်လာမလား ဆိုတာ ပြောမရသေးပါ။ အိန္ဒိယက ကြက်သွန်တင်ပို့မှုအပေါ် မူတည်နိုင်ပါတယ်။ ဈေးမြင့်တာကြောင့် အမြတ်နည်းသွားပြီး ဝယ်လိုအားကျသွားတယ်။ အရင် ကြက်သွန် တအိတ်ဝယ်ယူသူက အခု ၅ ပိဿာလောက်သာ ဝယ်တော့တယ်။” ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာတော့ ကြက်သွန်နီ ၁ ကေဂျီ (1KG) ကို တာကာငွေ ၁၄၀ နဲ့ ၁၅၀ ကြား (ဘင်္ဂလားဒေ့ရှ် တာကာငွေ ၁၀၀ တာကာကို မြန်မာငွေ ၁၇၅၀ ကျပ်ဝန်းကျင်) ရှိတယ်လို့ သိရပါတယ်။ မောင်တော နယ်စပ်ကုန်သွယ်ရေးစခန်းကနေ အောက်တိုဘာလအတွင်း ကြက်သွန် ၁၁၇၅ တန်၊ အမေရိကန်ဒေါ်လာ ၆၉၆၆၀၀ ဖိုး တင်ပို့နိုင်ခဲ့တယ်လို့ သိရပါတယ်။ ကောင်းကောင်း
2 years Ago
Up