တင်တင်မြ

October 3, 2020

အဆိုတော်ကြီး တင်တင်မြ သီဆိုသည့် “တကျော့နှစ်ကျော့တေးကိုသီ”ရုပ်ရှင်ဇာတ်ဝင်တေး(ရုပ်သံ)

“မောင်လေးရေ… ထပါတော့ ရောင်နီလာလှပေါ့… ညီမလေးရေ… ထပါတော့ ရောင်နီလာလှပေါ့… တကျော့နှစ်ကျော့တေးကိုသီ… ငှက်ကျားနှုတ်ပလီ” ဒါကို ကြားလိုက်တာနဲ့ တချိန်က နာမည်ကြီးခဲ့တဲ့ ဝါရင့်အဆိုတော်ကြီး တင်တင်မြရဲ့ သီချင်းတပုဒ်မှန်း ပရိသတ်တွေက သိကြပြီး ဖြစ်မှာပါ။ ဒီသီချင်းကိုတော့ တေးရေး ဂီတလုလင်မောင်ကိုကိုက ရေးစပ်ပေးထားခဲ့တာဖြစ်ပြီး ခုတခါမှာတော့ ဒီသီချင်းကို မြန်မာရုပ်ရှင်ရာပြည့်ဖျော်ဖြေပွဲစင်မြင့်ထက်မှာ တင်တင်မြရဲ့ ကိုယ်တိုင်သီဆိုဟန်နဲ့ တကျော့ပြန်ရှုစားနားဆင်ခဲ့ကြရတာပါ။ “တကျော့နှစ်ကျော့တေးကိုသီ” ရုပ်ရှင်ကိုတော့ စန္ဒာရုပ်ရှင်ထုတ်လုပ်ရေးက ၁၉၇၁ ခုနှစ်မှာ ထုတ်လုပ်ခဲ့ပြီး ထွန်းညွန့်ဦး အမည်နဲ့ မင်းသားကြီး ဝင်းဦးက ဒါရိုက်တာအနေနဲ့ ရိုက်ကူးထားခဲ့တာ ဖြစ်ပါတယ်။  “တကျော့နှစ်ကျော့တေးကိုသီ” ရုပ်ရှင်ကားထဲမှာတော့ ဝင်းဦးနဲ့အတူ တင်တင်မြ၊ ချိုပြုံး၊ ခင်လေးဆွေ၊ ဒေါ်ခင်ရီ၊ ဒေါ်မေနွဲ့တို့က ပါဝင်သရုပ်ဆောင်ခဲ့ပြီး ချိုပြုံးရယ်လို့ ပရိသတ်တွေ အထူးနှစ်ခြိုက်လက်ခံအားပေးခဲ့ကြတဲ့ ရုပ်ရှင်ကားတကား ဖြစ်ခဲ့ပါတယ်။ ရုပ်ရှင်ထဲကားအနေနဲ့လည်း အောင်မြင်ခဲ့သလို ဒီကားထဲမှာ ဇာတ်ဝင်တေးတွေကလည်း အခုအချိန်ထိတိုင်အောင် ပရိသတ်တွေကြား ရေပန်းစားနေဆဲ သီချင်းတွေ ဖြစ်နေဆဲ ဖြစ်ပါတယ်။ အသက် ၈၅ နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ အဆိုတော်ကြီး တင်တင်မြဟာ ရေဒီယို၊ ဓာတ်ပြား၊ ရုပ်ရှင်ပဏာမတေး၊ ဇာတ်ဝင်တေး၊ တေးသရုပ်ဖော် ဇာတ်လမ်း သီချင်းတွေနဲ့ စီးရီးခွေ အများအပြား သီဆိုခဲ့ပြီး လက်ရှိအချိန်ထိတိုင်အောင် အနုပညာလှုပ်ရှားမှုတွေ လုပ်ဆောင်နေဆဲ ဖြစ်ပါတယ်။ တင်တင်မြရဲ့ ထင်ရှားတဲ့ မဟာဂီတ သီချင်းတွေထဲမှာတော့ ပန်းမြိုင်လယ် အပါအဝင် ထူးမခြားနား၊ ပန်းဟေဝန်၊ လျှပ်ပန်းခွေနွဲ့၊ မြမြမောင်းမောင်း စတဲ့ ဓာတ်ပြား သီချင်းတွေအထိ သီဆိုခဲ့ပြီး ကာလပေါ်သီချင်းတွေထဲမှာလည်း ပေဖူးလွှာ၊ စခန်းအောင်မြေ၊ မြပုဏ္ဏမာ၊ သည်းဖိုးရွှေလီမြစ်နဒီ၊ ယောဆရာ၊ မင်္ဂလာမောင်မယ်၊ ချစ်တာပဓာန၊ ပင်တိုင်စံ၊ တောင်တန်းပြာနဲ့ကျောပိုးအိတ်၊ တိမ်လွှာမို့မို့လွင်၊ ပုဂံမြို့ဟောင်းတစ်နေရာ၊ မဟာဗုဒ္ဓဝင် သီချင်းတွေကလည်း လူသိများ ထင်ရှားတဲ့ သီချင်းတွေ ဖြစ်ပါတယ်။ ခုတခါမှာလည်း သူ့ရဲ့ ထူးခြားတဲ့ သီဆိုဟန်နဲ့အတူ “တကျော့နှစ်ကျော့တေးကို သီ” ရုပ်ရှင်ဇာတ်ဝင်တေးသီဆိုဟန်ကို ပြန်လည်ခံစားနားဆင်ကြရမှာ ဖြစ်ပါတယ်။ “မောင်လေးရေ… ထပါတော့ ရောင်နီလာလှပေါ့… ညီမလေးရေ… ထပါတော့ ရောင်နီလာလှပေါ့… တကျော့နှစ်ကျော့တေးကိုသီ… ငှက်ကျားနှုတ်ပလီ… တီတာခွန်း သွဲ့ လဲ့လဲ့သံစဉ်ညီ… မုန်းလျှင်အပြစ် ချစ်လျှင်အကျိုး… မြတ်နိုးတော့သဒ္ဒါ … အိပ်မက်သံ သရာမှ နိုးထစေချင်သည်… ဖြိုးဖြရွှေရင် ဘဝင်စိမ့်စိမ့် သိမ့်သိမ့်ညီ… ကျမတို့ငယ်ငယ် မိရယ်ဖရယ် ဘဝရယ်စုံစုံညီ… ချစ်သဒ္ဒါလောင်း သြော် မေတ္တာအပေါင်း… ချစ်ကြောင်း ကုန်စင်သည်… ချစ်ကြောင်းကုန်စင်သည်… တစ်မိတစ်ဝမ်း ချမ်းမြလျှမ်းပ… ဘယ်သူ့မှ မမျှေ၀ ရလေလိုလေဖြစ်ခဲ့မိပါသည်” အခုနှစ်မှာ ကျရောက်တဲ့ မြန်မာ့ရုပ်ရှင်ရာပြည့်အထိမ်းအမှတ်အနေနဲ့ ရုပ်ရှင်တေး သီချင်းအပုဒ် ၁၀၀ ကို မြန်မာ့ရုပ်မြင်သံကြားကနေ အပတ်စဉ် ထုတ်လွှင့်ပြသပေးနေပြီး ဒီအစီအစဉ်ကိုတော့ အပတ်စဉ် သောကြာနေ့ ၈ နာရီသတင်းအစီအစဉ်အပြီးမှာ ထုတ်လွှင့်နေတာ ဖြစ်ပါတယ်။ ခုတပတ်ရဲ့ ဖျော်ဖြေပွဲအမှတ်စဉ် ၉ မှာတော့ ဝါရင့်အဆိုတော်ကြီးတွေဖြစ်ကြတဲ့ တင်တင်မြ၊ တက္ကသိုလ်လဲ့လဲ့တို့နဲ့အတူ သန်းမြတ်စိုး၊ ကေတုဝင်းထွဋ်၊ ရွှေရည်သိန်းတန်၊ ဖိုးသောကြာ၊ ရွှေယမင်းဦး၊ သဲနုဝါတို့နဲ့ တခြား မြန်မာသံ အဆိုတော်တွေက စန္ဒရားဇေယျာမင်း မြန်မာမှုတေးဂီတအဖွဲ့နဲ့ ဖျော်ဖြေသွားခဲ့ကြပါတယ်။
8 months Ago

September 30, 2020

ရုပ်ရှင်ရာပြည့်ဖျော်ဖြေပွဲတွင် တင်တင်မြ၊ တက္ကသိုလ်လဲ့လဲ့နှင့် မြန်မာသံအဆိုတော်များပါဝင်မည် 

မြန်မာ့ရုပ်ရှင်ရာပြည့်အထိမ်းအမှတ် သီတင်းပတ် ၉ ပတ်မြောက်ပွဲစဉ်မှာတော့ တင်တင်မြ၊ တက္ကသိုလ်လဲ့လဲ့တို့နဲ့အတူ တခြားမြန်မာသံအဆိုတော်တွေ ပါဝင်ဖျော်ဖြေ သွားဖို့ ရှိနေပါတယ်။ အခုနှစ်မှာ ကျရောက်တဲ့ မြန်မာ့ရုပ်ရှင်ရာပြည့်အထိမ်းအမှတ်အနေနဲ့ ရုပ်ရှင်တေးသီချင်း အပုဒ် ၁၀၀ ကို မြန်မာ့ရုပ်မြင်သံကြားကနေ အပတ်စဉ် ထုတ်လွှင့်ပြသပေးနေပြီး ဒီအစီအစဉ်ကိုတော့ အပတ်စဉ် သောကြာနေ့ ၈ နာရီ သတင်းအစီအစဉ်အပြီးမှာ ထုတ်လွှင့်နေတာ ဖြစ်ပါတယ်။ ဩဂုတ် ၇ ရက်နေ့က စတင်ခဲ့တဲ့ ပွဲစဉ် ၁ မှာတော့ မောင်သိန်းဝင်း ၊ R ဇာနည်၊ နေမင်းအိမ်၊ ဟေမာနေဝင်း၊ စိုးပြည့်သဇင်၊ ချစ်စနိုးဦး၊ ခင်ပိုးပန်းချီ၊ မေ့ချစ်သက်နဲ့ မေလသံစဉ်တို့က ဖျော်ဖြေ တင်ဆက်ခဲ့ကြပါတယ်။ ဩဂုတ်လ ၁၄ ရက်နေ့ ဖျော်ဖြေပွဲအမှတ်စဉ် ၂ မှာတော့ ဂီတမှူးစန္ဒရား ကိုခင်လှ၊ စန္ဒရား တင်ကိုကိုတို့ရဲ့ မြန်မာမှုတေးဂီတအဖွဲ့နဲ့အတူ ထား၊ ချိုပြုံး၊ ရီရီသန့်၊ ခင်ညွန့်ရည်၊ တက္ကသိုလ်လဲ့လဲ့၊ နှင်းရည်သန့်၊ ခင်ပိုးပန်းချီတို့နဲ့ တခြားအဆိုတော်တွေက ဖျော်ဖြေတင်ဆက်ခဲ့ကြတာပါ။ ဩဂုတ်လ ၂၁ ရက်နေ့ ဖျော်ဖြေပွဲအမှတ်စဉ် ၃ အနေနဲ့ အင်ပါယာတေးဂီတအဖွဲ့ နဲ့အတူ နာမည်ကျော် အဆိုတော်တွေဖြစ်ကြတဲ့ ဇော်ဝင်းထွဋ်၊ ရင်ဂို၊ ဝိုင်းစုခိုင်သိန်း တို့အပြင် တခြားအဆိုတော်တွေဖြစ်ကြတဲ့ စည်သူလွင်၊ အောင်လ၊ ဝေလ၊ မေသက်ထားဆွေ၊ ဂျူဝယ်လ်၊ အေးမြဖြူတို့က တင်ဆက်ပေးခဲ့ကြတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဩဂုတ်လ ၂၈ ရက်နေ့ ဖျော်ဖြေပွဲအမှတ်စဉ် ၄ မှာတော့ မြန်မာသံ အဆိုတော်ကြီး တွေ ဖြစ်ကြတဲ့ ထား၊ ရီရီသန့်၊ တင်ဦးလေးတို့နဲ့အတူ ခင်စိုးဝင်း၊ စိမ်းလဲ့လဲ့၊ ဝိုင်းလမင်းအောင်၊ မေသက်ထားဆွေ စတဲ့ အဆိုတော်ပေါင်းများစွာက သီဆိုဖျော်ဖြေခဲ့ကြတာပါ။ စက်တင်ဘာလ ၄ ရက်နေ့ ဖျော်ဖြေပွဲအမှတ်စဉ် ၅ မှာတော့ မေဆွိ၊ ချောစုခင်၊ နီနီ ခင်ဇော်တို့နဲ့အတူ တခြားအဆိုတော်တွေ ဖြစ်ကြတဲ့ ချမ်းမြေ့မောင်ချို၊ ဇော်ပိုင်၊ ဖိုးကာ၊ ဝေလ၊ အောင်ထက် တို့က အင်ပါယာတေးဂီတအဖွဲ့နဲ့အတူ ဖျော်ဖြေသွားခဲ့ကြတာ ဖြစ်ပါတယ်။ စက်တင်ဘာလ ၁၁ ရက်နေ့ ဖျော်ဖြေပွဲအမှတ်စဉ် ၆ မှာတော့ ကြိုတင် ကြေညာထားခဲ့သူတွေထဲက ဟဲလေး၊ ဖြူဖြူကျော်သိန်းနဲ့ အိုင်ရင်းဇင်မာမြင့်တို့က မလာရောက်နိုင်ခဲ့တဲ့အတွက် ကျန်တဲ့အဆိုတော်တွေဖြစ်ကြတဲ့ တူးတူး၊ တိုနီသစ်လွင်၊ ဝေကြီး၊ ဂျူနီယာချစ်ကောင်း၊ ကေကေမိုး၊ နန်းဆုဦး၊ ရေချယ် စတဲ့ တေးသံရှင်တွေက Luck Hand တေးဂီတအဖွဲ့နဲ့အတူ ဖျော်ဖြေသွားခဲ့ကြတာ ဖြစ်ပါတယ်။ စက်တင်ဘာလ ၁၈ ရက်နေ့ည ဖျော်ဖြေပွဲအမှတ်စဉ် ၇ မှာတော့ အလင်းရောင်၊ ပိုင်တံခွန်၊ စိုးပြည့်သဇင်၊ အေးမြဖြူတို့နဲ့အတူ ဝါရင့်သရုပ်ဆောင် အနုပညာရှင်တွေေဖြစ် ကြတဲ့ ထွန်းထွန်းဝင်း၊ ရန်အောင်၊ စိုးသူ၊ မင်းဦး၊ ဆုပန်ထွာစတဲ့ အနုပညာရှင်တွေက Oasis တေးဂီတအဖွဲ့နဲ့ ပါဝင်ဖျော်ဖြေသွားခဲ့ကြတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၅ ရက်နေ့ည ဖျော်ဖြေပွဲအမှတ်စဉ် ၈ မှာတော့ ကြိုတင် ကြေညာထားခဲ့သူတွေထဲက ဂျေမောင်မောင်က မလာရောက်နိုင်ခဲ့တဲ့အတွက် ကျန်တဲ့ အဆိုတော်တွေ ဖြစ်တဲ့ မြန်မာပြည်သိန်းတန်၊ ဟေမာနေဝင်း၊ တူးတူး၊ အက်စ်ကဲနက်၊ ယုဇန၊ ရတနာမိုင်၊ ချယ်ရီသင်းတို့က Aurora တေးဂီတအဖွဲ့နဲ့အတူ ဖျော်ဖြေသွားခဲ့ကြတာ ဖြစ်ပါတယ်။ အခုလာမယ့် အောက်တိုဘာလ ၂ ရက်နေ့ ဖျော်ဖြေပွဲအမှတ်စဉ် ၉ မှာတော့ ဝါရင့် အဆိုတော်ကြီးတွေဖြစ်ကြတဲ့ တင်တင်မြ၊ တက္ကသိုလ်လဲ့လဲ့ တို့နဲ့အတူ သန်းမြတ်စိုး၊ ကေတုဝင်းထွဋ်၊ ရွှေရည်သိန်းတန်၊ အိအိချွန်၊ ဖိုးသောကြာ၊ ရွှေယမင်းဦး၊ သဲနုဝါတို့နဲ့ တခြား မြန်မာသံ အဆိုတော်တွေက စန္ဒရားဇေယျာမင်း မြန်မာမှုတေးဂီတအဖွဲ့နဲ့ ဖျော်ဖြေသွားကြမှာ ဖြစ်ပါတယ်။ မြန်မာ့ရုပ်ရှင်ဟာ အာရှဒေသတွင်း သက်တမ်းအရှည်ကြာဆုံးသော ရုပ်ရှင်လောကတွေထဲက တခုဖြစ်ပြီး လာမယ့်အောက်တိုဘာလ ၁၃ ရက်နေ့မှာတော့ သက်တမ်းနှစ် ၁၀၀ ပြည့်မြောက်ခဲ့ပြီ ဖြစ်ပါတယ်။ မြန်မာ့ ပထမဦးဆုံးသော ရုပ်ရှင်ကားကတော့ ၁၉၂၀ ပြည့်နှစ်က ဦးထွန်းရှိန် (ဝိုင်အမ်ဘီအေ ခေါင်းဆောင်နဲ့ အမျိုးသားရေးရှေ့နေ)ရဲ့ နာရေးအခမ်းအနားကို သက်ဝင်ပေါ် လွင်အောင် ရိုက်ကူးထားတဲ့ မှတ်တမ်းရုပ်ရှင် ဖြစ်ပြီး နောက်ပိုင်းနှစ်တွေမှာတော့ ရုပ်ရှင်ဟာ မြန်မာ့အမျိုးသားရေး နိုးကြားတက်ကြွလာစေဖို့ အဓိကအခန်းကဏ္ဍက ပါဝင်လာခဲ့တာ ဖြစ်ပါတယ်။ အခုနှစ်မှာ ကျရောက်တဲ့ မြန်မာ့ရုပ်ရှင် ရာပြည့်အခမ်းအနားကတော့ လတ်တလော ကမ္ဘာ့နိုင်ငံတွေအနှံ့ ဖြစ်ပွားနေဆဲ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ကျင်းပမယ့်ရက်ကို တိတိကျကျ မသိနိုင်သေးဘဲ ရပ်ဆိုင်းထားခဲ့ရတာ ဖြစ်ပါတယ်။
8 months Ago
Up