တင်းနစ်မယ်

May 17, 2018

ဒိုင်ဆုံးဖြတ်ချက် မကျေနပ်၍ ဒိုင်၏ထိုင်ခုံကို တင်းနစ်ရိုက်တံဖြင့် ရိုက်သည့် တင်းနစ်မယ် (ရုပ်သံ)

ကမ္ဘာ့နံပါတ် ၁ တင်းနစ်ချန်ပီယံမယ်ဟောင်း ချက်တင်းနစ်စတား ကာရိုလီနာပလစ်စကိုဗာက ပွဲမှာ ဒိုင်လူကြီးရဲ့ ဆုံးဖြတ်ချက်အမှားကနေ သူမ ရှုံးနိမ့်သွားလို့ ပွဲအပြီး ဒိုင်လူကြီးထိုင်ခုံကို ဒေါသတကြီး တင်းနစ်ရိုက်တံနဲ့ ရိုက်ခဲ့ပါတယ်။ မေလ ၁၆ ရက်နေ့က ကျင်းပတဲ့ အီတာလျံအိုးပင်းပြိုင်ပွဲရဲ့ ဒုတိယအချီမှာ ပလစ်စကိုဗာက ဂရိစ်ပြိုင်ဘက် မာရီယာဆက်ကာရီကို ရှုံးနိမ့်ပြီးတဲ့နောက် ဒီလို ဒိုင်လူကြီးခုံအောက်ခြေကို ဒေါသတကြီး ရိုက်ခဲ့တာပါ။ ပွဲအပြီးမှာ ဦးဆုံး ကလစ်စ်ကိုဗာက သူနဲ့ အငြင်းပွားခဲ့တဲ့ ဒိုင်လူကြီး မာတာမရိုဇင်စကာကို လက်ဆွဲနှုတ်ဆက်ဖို့ လက်ထုတ်ပေးခဲ့ပါတယ်။ ဒါပေမယ့် ချက်ချင်းဆိုသလို သူမရဲ့လက်တွေကို အမြန်ပြန်ဆွဲလိုက်ပြီး ဒိုင်လူကြီးရဲ့ ထိုင်ခုံအောက်ခြေကို တင်းနစ်ရိုက်တံနဲ့ ဒေါသတကြီး ရိုက်ခဲ့တာ ရုပ်သံထဲမှာ မြင်ရသလို ပြိုင်ဘက်ဆက်ကာရီရဲ့ အံ့သြနေတဲ့ဟန်ကိုလည်း မြင်ရပါတယ်။ ပြိုင်ပွဲအတွင်း တတိယအကျော့ ရမှတ် ၅-၅ နဲ့ ရှိနေချိန်မှာ ဒိုင်လူကြီးက အငြင်းပွားဖွယ် ဆုံးဖြတ်ချက်တခု ချမှတ်ခဲ့ပြီးနောက် ဒိုင်နဲ့ သူမကြား စတင်ပြီး အငြင်းအခုံ ဖြစ်ခဲ့ပါတယ်။ အဲဒီနောက် ဒိုင်က သူမ ရှုံးတယ်လို့ သတ်မှတ်ပြီး ရမှတ်ကို ဆက်ကာရီကို ပေးသင့်တယ်လို့ ဆုံးဖြတ်ခဲ့တဲ့အတွက် ပြိုင်ဘက်က အနိုင်ရခဲ့ပါတယ်။ ပြိုင်ပွဲကို ပြန်လည်စစ်ဆေးကြည့်ချိန်မှာ ပလစ်စကိုဗာက မှန်နေပေမယ့် ကြီးကြပ်သူ ဒိုင်နဲ့ လိုင်းစောင့်ကြည့်သူတွေ အားလုံးကို သက်သေပြဖို့ နောက်ကျသွားလို့ အားလုံးအတွက် ရွေးချယ်စရာမရှိဘဲ ယခင်အနိုင်ရ ကြေညာချက်ကိုပဲ လက်ခံလိုက်ရပါတယ်။ ပလစ်စ်ကိုဗာရဲ့ အမြွှာညီမဖြစ်သူ ခရစ္စတီနာက သူမရဲ့ စိတ်ပျက်လက်ဖြစ်မှုကို “ကျမမြင်ဖူးသမျှထဲမှာ အဆိုးရွားဆုံးပဲ။ ဒီအမျိုးသမီး မာတာမရိုဇင်စကာ ကျမ ဒါမှမဟုတ် ကာရိုလီနာရဲ့ ဘယ်ပြိုင်ပွဲမှာမဆို ဒိုင်လူကြီး ဘယ်တော့မှ မဖြစ်ဖို့ ဆုတောင်းတယ်။ အမြဲတမ်းအတွက် နာမည်ဆိုးစာရင်းသွင်းတယ်၊ #blacklistforever” လို့ တွစ်တာပေါ်မှာ ရေးထားကြောင်း ဒေးလီးမေးလ်သတင်းတပုဒ်မှာ ဖော်ပြထားပါတယ်။
4 years Ago
Up