တင်မောင်သန်း

November 16, 2016

မီဒီယာနဲ့ ဝန်ကြီးချုပ်ရဲ့နာရီ

မိတ်ဆွေများသို့ အိတ်ဖွင့်ပေးစာ (၆) တင်မောင်သန်း ဒီဗွီဘီ ကိုတိုးဇော်လတ်သို့ ကိုတိုးရေ... ခုတလော Eleven မီဒီယာနဲ့ ရန်ကုန်တိုင်းဝန်ကြီးချုပ်တို့ ဖြစ်ကြတဲ့ အမှုအခင်းသတင်းကို ဖတ်ရတော့ သတိရမိတာလေးတချက်နဲ့ စိုးရိမ်မိတာလေး ပြောချင်လာတယ်ဗျ။ ဘာကြောင့်လဲဆိုတော့ ဒီကိစ္စရဲ့အထက်မှာ ပိုမိုကြီးမားကျယ်ပြန့်တဲ့ ဒီမိုကရေစီနဲ့ လွတ်လပ်စွာ ပြောဆိုခွင့်၊ ဆိုင်ရာနယ်ပယ်အသီးသီးမှာ ပညာရည် ပညာသွေးနဲ့ အလုပ်လုပ်ခြင်း (Professionalism) ဆိုတဲ့အကြောင်းတွေ ရှိနေလို့ပါ။ စိုးရိမ်မိတဲ့အကြောင်းနဲ့ စ၊ စိုးရိမ်မိတဲ့အကြောင်းနဲ့ ပိတ်မယ်ဗျာ။ ခုလို Eleven က စာရေးသူ၊ အယ်ဒီတာ ၂ ယောက်ကို ဖမ်းဆီးလိုက်တဲ့အခါ၊ ကျနော်စိုးရိမ်တာကတော့ ဝေဖန်ထောက်ပြမယ့်အသံတွေ နည်းနည်းသွားပြီး၊ ခေါင်းဆောင်မှုနဲ့ တကယ့် ပကတိအဖြစ်တွေကြား ကွာဟလာမှာကိုပါပဲ။  ခုထိတော့ အဲဒီလောက်ကြီး မကွာဟသေးပါဘူး။  ဒါပေမယ့် တဖြည်းဖြည်းနဲ့ ဝေးသွားမှာကို စိုးရိမ်ပါတယ်။ လူထုထောက်ခံမှု အပြတ်အသတ်နဲ့ အနိုင်ရရှိပြီး တက်လာတဲ့အခါ၊ လက်ရှိအစိုးရကို ဝေဖန်တာတွေက တော်တော် ထိန်းထိန်းသိမ်းသိမ်း ဖြစ်သွားကြတယ် မဟုတ်လားဗျ။ အစိုးရကလုပ်လို့မဟုတ်ဘဲ ကိုယ့်အသိစိတ်နဲ့ကိုယ် ထိန်းသိမ်းကြတာကိုး။ အဓိကကျတဲ့ အကြောင်းကတော့ အစိုးရအသစ်ကို အချိန်ပေးဖို့လိုတယ်လို့ မြင်ကြတာကြောင့်ပါပဲ။ စောင့်ကြည့်အနေအထားမှာ အများစုက ထိုင်ကြတယ် ဆိုပါတော့ဗျာ။ ဒါက တချက်ဗျ။ နောက်တချက်ကတော့ ၆၆(ဃ)ကို အသုံးပြုပြီး ဌာနတွေက ပြောတတ်သလို ပြောလာကြတဲ့သူတွေကို ဖမ်းဆီးလာမှာကိုလည်း ကျနော် စိုးရိမ်ပါတယ်။ လွတ်လပ်စွာ ပြောဆိုခွင့်ကို အသုံးချပြီး၊ ထင်တာတွေ စွတ်ပြီး ရိုင်းရိုင်းပျပျ ပြောနေတာကို ထိန်းဖို့လိုပါတယ်။ ဒါပေမယ့် ခုမှ အင်တာနက်ကို ထိတွေ့ခါစ၊ လွတ်လပ်ခွင့်နဲ့ ထိတွေ့ရတာ သုံးနှစ်တာလောက်ပဲရှိတဲ့ အခြေအနေမှာ ပွင့်လင်းလွတ်လပ်မှုနဲ့ ပြောရဲဆိုရဲ စိတ်ဓာတ်တရပ်ကို အညွန့်ချိုးပစ်လိုက်သလို ဖြစ်သွားမှာကိုတော့ အစိုးရိမ်ဆုံးပါပဲ။ ဒီအတွက် ဖမ်းဆီးထိန်းသိမ်းတယ် ဆိုတာထက် ဆရာဖေ (ပြန်ကြားရေးဝန်ကြီး ဦးဖေမြင့်) အနေနဲ့ ပညာပေး လေ့ကျင့်တဲ့ အစီအစဉ်တရပ်ကို စဉ်းစား၊ အကောင်အထည်ဖော်ရင် မကောင်းပေဘူးလားဗျာ။ ဖေ့စ်ဘွတ်ခ်မှာ သုံးနေတဲ့သူတွေသာ မဟုတ်ပါဘူး။ သတင်းစာဆရာတွေနဲ့လည်း တနည်းနည်းနဲ့ ဆွေးနွေးအမြင်ဖလှယ်ကြတဲ့ ပွဲလေးတွေ ပုံမှန်လုပ်နိုင်ရင် ကောင်းမယ်ထင်ပါတယ်။ ဥပမာ ခုလို ဖြစ်တဲ့ကိစ္စမျိုးကို ၀ိုင်းဝန်းဆွေးနွေး သင်ယူတာမျိုးပေါ့။ ဒီအခါ ဗွီအိုအေ မြန်မာပိုင်းအစီအစဉ်ရဲ့ အယ်ဒီတာ ဆရာဦးကျော်ဇံသာကို သတိရမိရောဗျ။  ဖြစ်ရပ်ကတော့ ယခု မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် ထောင်ကျနေတုန်းက အဖြစ်အပျက်ပါ။ ပါဝင်ပတ်သက်နေကြတဲ့ ပုဂ္ဂိုလ်တွေကို မထိခိုက်စေလိုတဲ့အတွက် အချိန်နဲ့ နေရာကိုတော့ မဖော်ပြတော့ပါဘူး။ အဲဒီတုန်းက ကျနော်က ဗွီအိုအေမှာ အချိန်ပိုင်း ဝင်လုပ်နေပါတယ်။ တနေ့ ထိုင်းနိုင်ငံနယ်စပ်မှာ အခြေစိုက်တဲ့ ကိုဘိုကြည်နဲ့ ကိုတိတ်တို့ရဲ့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့ (AAPP) က နိုင်ငံရေးအကျဉ်းသား ဒေါက်တာဇော်မြင့်မောင်ရဲ့ ကျန်းမာရေးအခြေအနေကို စိုးရိမ်မကင်းဖြစ်တဲ့အကြောင်း ကြေညာချက်တစောင် ထုတ်လိုက်ပါတယ်။ ဒီတော့ ဆရာဦးကျော်ဇံသာက အဲဒီသတင်းရေးဖို့ ကျနော့်ကို တာဝန်ပေးပါတယ်။ ဒီတော့ ကျနော်က ဒေါက်တာဇော်မြင့်မောင်ရဲ့ဇနီး ဒေါက်တာယုယုမေကို ဝါရှင်တန်ရုံးကနေ လှမ်းဖုန်းခေါ်ရတယ်ပေါ့ဗျာ။ ကျနော်မှတ်မိသလောက် ဆရာမက ခုလို ပြောပြတယ်ဗျ။ အစိုးရက ကုမပေးတာတော့ မဟုတ်ဘူး ကိုတင်မောင်သန်းရဲ့တဲ့။ ကိုဇော်ကို ဆေးရုံတင်တယ်။  အထူးကုဆရာဝန်ကြီးနဲ့ စမ်းသပ်ကြည့်ပေးပါတယ်။ ဗိုက်က နာနေတာ ကြာတော့ အစာအိမ်ထဲကို မှန်ပြောင်းထည့်ပြီးတော့လည်း ကြည့်ပါတယ်။ မှန်ပြောင်းလည်း ထည့်ပြီးရော အထူးကုဆရာဝန်က ပြောတယ်။ သူက အစာအိမ်မှန်ပြောင်းကြည့်တဲ့ Training (လေ့ကျင့်သင်ယူရမှု) က ၇ ရက်ပဲမို့၊ ကောင်းကောင်းမရခဲ့ကြောင်း၊ ဒါကြောင့် လူနာဖြစ်နေတဲ့ ဆရာဇော်မြင့်မောင်ကရော ကိုယ့်ရောဂါကို တီဗွီဖန်သားပြင်မှာ သူနဲ့အတူ ကြည့်စေလိုပါကြောင်း ပြောပြီး ဖန်သားပြင်ကို ဆရာဇော်ဘက် လှည့်ပေးသတဲ့လေ။ ကိုတိုး စိတ်ကူးကြည့်စမ်းပါဗျာ။  လူနာက ခုတင်ပေါ်မှာ တစောင်းလှဲရင်းပေါ့။ ပါးစပ်ကြီးဟ၊ အစာအိမ်မှန်ပြောင်းပိုက်ကြီးကို မျိုချထားရ။ အဲဒီခေတ် အစာအိမ်မှန်ပြောင်းပိုက် ဆိုတာကလည်း ခုခေတ်လို သေးသေးမဟုတ်ဘူးဗျ။ အဲဒီ မှန်ပြောင်းပိုက်တန်းလန်းနဲ့ လူနာကို အထူးကုဆရာဝန်က တီဗွီဖန်သားပြင် လှည့်ထိုးပြနေတဲ့ မြင်ကွင်း။ တကယ်တော့ ဆရာဇော်က မန္တလေးဆေးတက္ကသိုလ် ဇီဝကမ္မဗေဒဌာနမှာ ဇီဝဓာတုဗေဒ (Biochemistry) ဆရာဗျ။  အစာအိမ်ထဲ သူလည်း ဘယ်ကြည့်ဖူးပါ့မလဲဗျာ။ ၇ ရက်ပဲ သင်ယူခွင့်ရခဲ့ပြီး အဲဒီလေ့လာမှုနဲ့ မှန်ပြောင်းကြည့် အတွေ့အကြုံ ရခဲ့ပေမယ့် အသားစ မယူဘူးခဲ့တဲ့ အထူးကုဆရာဝန်ရယ်၊ တခါမှ မကြည့်ဖူးဘဲ ရောဂါသဘောနဲ့ မှန်းဆကြည့်ရတဲ့ လူနာဆရာဝန်ရယ်ပေါ့ဗျာ။ သူတို့ခမျာ ရောဂါရှာဖွေနေကြပေမယ့် ဖြစ်နိုင်ခြေနည်းနည်းကိုပဲ မဟုတ်ဘူးလို့ ပြောနိုင်ပြီး တချို့ကို မဟုတ်ဘူးလို့ သေသေချာချာ မပြောနိုင်တာကို ဆရာဇော့်ဇနီးက ဆရာဝန်ဆိုတော့ ဘယ်အားရပါ့မလဲ။ ဖြစ်ပုံ ပြောပါတယ်။ သတင်းသမားတယောက်အနေနဲ့ ဒီဖြစ်ရပ်မျိုးက တယ်ရေးလို့ကောင်းကိုး နော။ ရယ်လည်း ရယ်စရာကြီး။ သိပ်ကြိုက်တာပေါ့ ကိုတိုးရာ။ ဒီတော့ အဲဒီလို ဗိုက်နာနာနေတဲ့ ရောဂါက ဘာဖြစ်သွားနိုင်သလဲဆိုတဲ့ ဆရာဝန်အမြင်ကိုလည်း အမေရိကန်ရောက်နေတဲ့ ဆရာဇော့် သူငယ်ချင်း အရေးပေါ်ရောဂါဆိုင်ရာ သမားတော်ကြီး ဒေါက်တာဉာဏ်လင်းဆီက အသံယူတယ်ပေါ့ဗျာ။ ပြီးတော့ ကျနော်ရေး၊ အသံသွင်း၊ တည်းဖြတ်၊ ဆရာဦးကျော်ဇံသာ ကြည့်ဖို့ ပေးလိုက်တယ်ပေါ့။ ဆရာဦးကျော်ဇံသာ နားထောင်ပြီးတဲ့အခါကျတော့ ကျနော်တို့ အသံလွှင့်ရမယ့်အချိန်က တော်တော်နီးနေပြီဗျ။ ဆရာဦးကျော်ဇံသာက ပြောတယ်။ ဆရာရေ အဲဒီ ဒေါ်ယုယုမေပြောတဲ့ အပိုင်းတပိုင်းလုံး ဖြုတ်ပစ်လိုက်ပါတဲ့။ ကျနော် အံ့သြသွားတယ်ဗျ။ ဒီလောက်ကောင်းတဲ့ ဇာတ်ကိုဗျာ။ ဘာကြောင့်လဲဆိုတော့ ဆရာဦးကျော်ဇံသာက နောက်မှပြောမယ်ဗျာ။ ခုတော့ ဖြုတ်သာ ဖြုတ်လိုက်တော့တဲ့။ ကျနော် စိတ်ထဲတော့ ဘယ်ကြည်လင်ပါ့မလဲဗျာ။ “ဒီလို ဆရာရေ့...” ဆိုပြီး အသံလွှင့်ပြီးတော့ ဦးကျော်ဇံသာက သူ ဘာလို့ဖြုတ်ရတဲ့အကြောင်း ရှင်းပြတယ် ကိုတိုးရ။ ပထမအချက်ကတော့ ဒေါ်ယုယုမေပြောတဲ့ အထူးကုဆရာဝန်ဘက်ကပြောတဲ့ ဖြစ်ရပ်ကို ကျနော်တို့ မရနိုင်ဘူး။ အစိုးရဘက်က မီဒီယာကိုပြောဖို့ သိပ်ဝန်လေးတဲ့အချိန်မှာ ဒါကို ကျနော်တို့ နားလည်လို့ရပါတယ်။ ဒါပေမယ့် ကျနော် Training ကောင်းကောင်း မရခဲ့ဘူး၊  သိပ်မကြည့်တတ်ဘူးလို့ ဆရာဝန်ပြောတာက သူက ရိုးရိုးသားသား ဆရာဇော်ကို ပြောတာ။ ဆရာဇော်ကို ယုံကြည်လို့ ပြောတာ။ ဒါပေမယ့် အများပြည်သူကိုတော့ အဲဒီလို ဘယ်ပြောမှာလဲ။ ဒါ့အပြင် ဆေးရုံ အလုပ်သဘောအရ လူနာမှတ်တမ်းမှာ ဆရာဝန်က ကျနော် ကောင်းကောင်းမကြည့်တတ်ပါလို့ ရေးလို့မရဘူးဗျ။ ဘာတွေ့တယ်ဆိုတာတော့ ရေးရမယ်လေ။ တခုခုတော့ ရေးမှာပေါ့ဗျာ။ ဥပဒေထောင့်က ကြည့်မယ်ဆိုရင် ဘွဲ့ချီးမြှင့်ခံထားရပြီး အထူးကုဆရာဝန် ရာထူးအဆင့်အထိတောင် ရောက်ပြီးတဲ့ ဆရာဝန်တယောက်ကို တတ်ကျွမ်းသူအဖြစ်ပဲ နားလည်သတ်မှတ်တာ မဟုတ်လား။ ဒီအခြေအနေမှာ အယ်ဒီတာတယောက်အနေနဲ့က ဒေါ်ယုယုမေ ပြောတဲ့ဇာတ်ကို တင်မလား၊ မတင်ဘူးလား ဆုံးဖြတ်ရပါတယ်။ ဥပဒေအကျိုးဆက်ကိုလည်း ကြည့်ရပါတယ်။ ဒီဇာတ်က မှန်ပင် မှန်သော်ငြားလည်း ဥပဒေထောင့်က ကြည့်ရင် ကျနော်တို့ ဗွီအိုအေဘက်က အားနည်းလှတယ်တဲ့။ ပိုပြီး စိုးရိမ်စရာကောင်းတာက အသံလွှင့်ပြီးသွားတဲ့အခါ ဆရာမ ဒေါ်ယုယုမေအပေါ် စစ်အစိုးရက တုံ့ပြန်ဆောင်ရွက်လာမှာပါပဲ။ ဒီကိစ္စက ထောက်လှမ်းရေးတင်မကတော့ဘူး မဟုတ်လား။  ကျန်းမာရေးဝန်ကြီးဌာနအောက်က ဆေးပညာသင်ကြားလေ့ကျင့်ရေးနဲ့ ဆေးတက္ကသိုလ်တွေရဲ့ အရည်အသွေးဆိုင်ရာ ကိစ္စလည်း ဖြစ်လာတယ်။ အဲဒီဌာနရဲ့ တာဝန်ရှိသူတွေနဲ့ ပတ်သက်လာတယ်။ ဒါ့အပြင် အထူးကုဆရာဝန်ရဲ့ ဘဝကိစ္စလည်း ဖြစ်လာတယ်။ သူတို့တွေကလည်း သူတို့ကိုယ်သူတို့ ကာကွယ်ကြရတော့မှာကိုး။ ဒီတော့ ဒေါ်ယုယုမေမှာ ကျနော်တို့ အသံလွှင့်ချက်ကြောင့် အကျိုးဆက်တွေ အများကြီး ခံစားရစရာ အကြောင်းတွေ ရှိလာတာကိုလည်း ကျနော်တို့ စဉ်းစားရမှာပေါ့။ ဖိနှိပ်တာတွေကို ဘေးချိတ်ပြီး ဥပဒေအတိုင်း စဉ်းစားရင်ကို ဗွီအိုအေဘက်က အားနည်းလှတာကြောင့် ကျနော် ဖြုတ်လိုက်တာ ဆရာလို့ ဦးကျော်ဇံသာက ရှင်းပြပါတယ်။ သတင်းစာဆရာတယောက်ရဲ့ ပညာရည် ပညာသွေးနဲ့ ကြည့်မြင်လုပ်ဆောင်တတ်ပုံ (Professionalism) ဆိုတာ ဒါပါလားလို့ ကျနော် သင်ယူလိုက်ရပါတယ် ကိုတိုး။ မှန်ပေမယ့် မှန်တိုင်း ပြောလို့မရဘူးလေ ကိုတိုးရဲ့။ တိုင်းပြည်တပြည်မှာ တည်ဆောက်ထားပုံတွေနဲ့ ဆက်စပ်အခြေအနေတွေ ရှိတယ်။ ဒါကို နားလည်ရပါတယ်။ လက်တွေ့စဉ်းစား ဆုံးဖြတ်တဲ့အခါ ထည့်သွင်းစဉ်းစားနိုင်ရပါမယ်။ ဆရာဦးကျော်ဇံသာကတော့ သမ္ဘာနဲ့ ပညာ ရင့်လာတဲ့ ပညာသည်တယောက် ဖြစ်လေတော့ ဖြစ်ရပ်တခု ကြုံလိုက်တာနဲ့ ပြဿနာရဲ့ အကျယ်အဝန်း အနက်အရှိုင်းကို မြင်ပြီး ဒိုင်းခနဲ ဆုံးဖြတ် လုပ်ဆောင်လာနိုင်တာကိုး ကိုတိုးရ။ ဒါပေမယ့် ကိုတိုးရေ... ဦးကျော်ဇံသာနဲ့ ချိန်ထိုးပြီး မြန်မာစာနယ်ဇင်းသမားတွေကို ကြည့်မယ် ဆိုပြန်ရင်လည်း တရားမျှတရာကျမယ်လို့ ကျနော် မထင်ပါဘူး။  မြန်မာစာနယ်ဇင်းသမားတွေရဲ့ လွတ်လပ်စွာ ပြောဆိုရေးသားခွင့်ကာလက သုံးလေးနှစ်ပဲ ရှိသေးတာလေဗျာ။ သူတို့ဖြတ်ခဲ့ရတဲ့ ပညာရေးစနစ်ကလည်း ခင်ဗျားသိတဲ့အတိုင်း။ ဦးကျော်ဇံသာက အဲဒီလို မဟုတ်ဘူးလေ။ ဆရာက သမိုင်းဌာနမှာ သမိုင်းဆရာ လုပ်ခဲ့ဖူးတယ်။ ဗြိတိသျှသံရုံးမှာ လုပ်ခဲ့ဖူးတယ်။ ဘီဘီစီမှာ လုပ်ခဲ့ဖူးတယ်။ အဲဒီနောက်မှာမှ ဗွီအိုအေ ရောက်တာကိုး။ လန်ဒန် အရှေ့တိုင်းလေ့လာရေးကနေ မဟာဘွဲ့ရတယ်။  မြန်မာစာနယ်ဇင်းဆရာတွေရဲ့ ထိတွေ့ခွင့်သာမှုက ဘာမှ မရှိသေးဘူးလေဗျာ။ ဒါလည်း ချင့်ချိန်ရမှာပါ။ ဒါပေမယ့် တဘက်မှာလည်း မြန်မာသတင်းသမားတွေအနေနဲ့ အနိမ့်ဆုံးလုပ်ရမယ့် တဘက်လူရဲ့အသံကို နားထောင်ရေးဆိုတဲ့ အလုပ်လမ်းညွှန်ကျင့်ဝတ်ကို လိုက်နာရာမှာ အားများ နည်းနေလေသလားလို့ ကျနော် မေးချင်ပါတယ်။ သတင်းသမား ဘက်မလိုက်ရဘူးဆိုတာ အမှန်တရားဘက်ကို လိုက်ရမှာပဲလို့ နားလည်နေကြတာကိုး။ သတင်းတရပ်ကို လိုက်တဲ့အခါ စွပ်စွဲ ပြောဆိုတဲ့ဘက်၊ စွပ်စွဲပြောဆိုခံရတဲ့ဘက် ဘက် ၂ ဘက်လုံးကို နားထောင်ရတယ်ဆိုတဲ့ နားလည်မှု အားနည်းနေလေသလား။ တဘက်အသံ နားထောင်လိုက်ရင်ကို ပြဿနာက တော်တော်လေး ချိန်လို့ရသွားတတ်တာ မဟုတ်လား ကိုတိုးရ။ ဒါပေမယ့် ဖတ်ရသလောက် ပြောရရင် လောဂျစ်က ခုလို ဖြစ်နေပါတယ်။ ‘လူသိနည်းသော်လည်း တန်ဖိုးကြီးလှသော ပတစ်ဖိလစ် ဟူသည့် လက်ပတ်နာရီ ရှိ၏။ ထိုလက်ပတ်နာရီကို ဝန်ကြီးချုပ်တယောက် ပတ်၏။ ခရိုနီတယောက်လည်း ပတ်၏။ ဝန်ကြီးချုပ်၏ လစာမှာ ဒေါ်လာ ၂၅၀၀ ခန့်ရှိပြီး နာရီတန်ဖိုးမှာ ဒေါ်လာ ၁ သိန်းကျော်၏။ ခရိုနီများသည် ချမ်းသာ၏။ ယခင်ကလည်း တန်ဖိုးကြီးလက်ဆောင်များကို ခရိုနီများသည် အာဏာရှိသူများကို ပေးလေ့ရှိ၏။ ယခုအခါတွင်လည်း ထို့ကြောင့်…’ ဆိုတဲ့ လောဂျစ်များ ဖြစ်နေသလားလို့ပါ။ Eleven မှာ အထောက်အထားတွေ ရှိကောင်း ရှိမှာပါ။ ဒါပေမယ့် Eleven က ပြောတဲ့ နာရီအမျိုးအစားနဲ့ ဝန်ကြီးချုပ်ပြောတဲ့ နာရီအမျိုးအစားကလည်း လွဲနေပါရောလားဗျ။ အမျိုးကွဲသလို တန်ဖိုးကလည်း ကွာပါတယ်။ ဝန်ကြီးချုပ်ပတ်တဲ့နာရီ ဘာအမျိုးအစားလဲလို့ စုံစမ်းလို့ မရဘူးလားဗျာ။ ဒါမှမဟုတ် အဲဒီ ဒေါ်လာ ၁ သိန်းကျော်တန်နာရီကို ပတ်နေရာက ချက်ချင်း သိမ်းလိုက်ပြီး သတင်းစာရှင်းလင်းပွဲမှာ နောက်တလုံး ထုတ်ပတ်လာလေသလား။ အဲသလိုဆိုရင်လည်း Eleven က ဆက်ပြောဖို့ လိုပေတာပေါ့။ သတင်းသမားတွေအနေနဲ့ ဆက်စပ်အခြေအနေ၊ အချက်အလက်နဲ့ အထောက်အထားကို ကွဲဖို့များ လိုလေမလာ ကိုတိုး။ နာရီတန်ဖိုး၊ လစာ၊ ခရိုနီများနဲ့ အာဏာရှိသူများ၏ ယခင်က ဆက်ဆံရေး… ဒါတွေက အချက်အလက်တွေအဖြစ် ရှိနေပါတယ်။ ဒါပေမယ့် ဒါတွေက ကောက်ချက်အတွက် အထောက်အထားတော့ မဟုတ်ပါဘူး။ ဆက်စပ်အခြေအနေတွေပဲ ဖြစ်ပါတယ်။ ဆက်စပ်အခြေအနေကို အခြေခံပြီးချတဲ့ ကောက်ချက်ချပုံ ယုတ္တိမျိုးကို လက်ဖက်ရည်ဆိုင် အသံတွေမှာ ကြားရတတ်ပါတယ်။ လူအများဟာ အဲဒီ လောဂျစ်တွေနဲ့ ပြောနေတတ်ကြပြီး အဲဒါကို အထောက်အထားအဖြစ် ယူဆနေတတ်တာကလည်း လွဲချော်မှု တရပ်ပါပဲ။ ပညာရည်၊ ပညာသွေးနဲ့ ကြည့်မြင်လုပ်ဆောင်ရတဲ့ အလုပ်တိုင်းမှာ ဒီယုတ္တိထက်ပိုတဲ့ စဉ်းစားပုံ မရှိသင့်ပေဘူးလားဗျာ။ ဒီမေးခွန်းက စာနယ်ဇင်းသမားဘဝကို အနှစ် ၂၀ လောက် ဖြတ်သန်းခဲ့တဲ့ ကျနော့်ဘဝတလျှောက်လုံး ကိုယ့်ကိုယ်ကိုယ် မေးခဲ့ရတဲ့ မေးခွန်းပါ။ ဘာကြောင့်လဲဆိုတော့ မကြာခဏဆိုသလို ကျနော်က အဲဒီလောဂျစ်ထဲ ကျတတ်ခဲ့လေ့ရှိလို့ပါ။ အထူးသဖြင့် ပဋိပက္ခ အခြေအနေမှာ ကိုယ်ကိုယ်တိုင်ကလည်း တဘက်ကို ရောက်နေတော့ ဒီလောဂျစ်က ကိုယ့်ခေါင်းထဲမှာ တော်တော် အမြစ်တွယ်ခဲ့တာကိုးဗျ။ ကိုယ့်ကိုယ်ကိုယ် ပြန်ဆွဲတင်တင်ခဲ့ရလို့ပါ။ အခု သတင်းစာဆရာတွေရဲ့ ကောင်စီလူကြီး၊ အရင် မြန်မာ့ဓနအယ်ဒီတာ ကိုသီဟစောက သူပေးတဲ့သင်တန်းမှာ မှတ်မိသွားအောင် ပြောတတ်တယ် ဆိုတဲ့ စကားလေးကို သွားသတိရလိုက်မိပါရဲ့။ ယောက်ျားတယောက်မှာ ဟိုဟာတချောင်းပါတာကို သတင်းရေးတော့မယ်ဆိုရင် ပုဆိုးလှန်ကြည့်ဖို့တော့ သတင်းသမားမှာ တာဝန်ရှိပါသတဲ့ ကိုတိုးရေ့။ ကိုတိုးရေ့.. နောက်ဆုံး ဘဝင်မကျလှတဲ့ အချက်ကတော့ အဲဒီ ပုဒ်မ ၆၆(ဃ) ပဲဗျ။  အသရေဖျက်မှုနဲ့ တရားစွဲဆိုနိုင်တဲ့ တခြားပုဒ်မတွေရှိရက်နဲ့ လွယ်လွယ်နဲ့ ဖမ်းလို့ရမယ့် ပုဒ်မကို လုပ်ထားလေသလား ဥပဒေပညာရှင်များ ဆွေးနွေးကြဖို့ ခင်ဗျားတို့ ဒီဗွီဘီက စီစဉ်စမ်းပါဦး။  အထူးသဖြင့် သတင်းသမားတယောက်ကို အသရေဖျက်မှုနဲ့ စွဲဆိုတဲ့အခါမှာ စွဲဆိုသူက သတင်းသမားမှာ စွဲဆိုသူကို နစ်နာစေလိုတဲ့ စေတနာနဲ့ တမင်လုပ်ကြောင်း တရားစွဲသူက ပြသရပါတယ်။ ဒါက တော်တော်ခက်ခဲပါတယ်။ ဗီယက်နမ်စစ်ပွဲသတင်းနဲ့ ပတ်သက်ပြီး ဗိုလ်ချုပ်ကြီး ဝက်စ်မိုးလင်းနဲ့ တိုင်းမဂ္ဂဇင်း (ထင်တယ်ဗျ) ဖြစ်ခဲ့တဲ့ အမှုမှာ တိုင်းမဂ္ဂဇင်းဘက်က အချက်အလက်မှားတွေ ရေးခဲ့တာ မှန်ပေမယ့် အဲဒီလို စေတနာနဲ့ တမင်ရေးတာဖြစ်ကြောင်း မပြသနိုင်လို့ ဗိုလ်ချုပ်ကြီး ဝက်စ်မိုးလင်း ရှုံးခဲ့ပါတယ်။ မြန်မာ့ဥပဒေပုဒ်မ ၅၀၀ မှာလည်း အဲဒီလို ပြသဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။ လုပ်ဗျာ။ ခင်ဗျားတို့ ဒီဘိတ်ကို နားထောင်ချင်လှသဗျ။ ၆၆ နဲ့ ၅၀၀ ပေါ့ဗျာ။ ၆၆ က ၅၀၀ ကို လွှမ်းမိုးသင့်၊ မသင့်။ အဲဒီ ၆၆(ဃ) ကို စစ်တပ်က ပုဂ္ဂိုလ်တွေက သူတို့ခေါင်းဆောင်အပေါ် စော်ကားလို့ဆိုပြီးသုံး၊ ဒေါ်အောင်ဆန်းစုကြည်ကို လေးစားသူတွေကလည်း ခေါင်းဆောင်အပေါ် စော်ကားလို့ဆိုပြီး သုံး၊ Eleven ကလည်း သူများတွေအပေါ် သုံး၊ ခု အစိုးရတာဝန်ရှိသူကလည်း Eleven အပေါ် သုံးနဲ့… ပတ်ချာလည် ရိုက်နေပါရောလား။ တဘက်မှာတော့ မိမိနဲ့ သဘောထားကွဲသူများနဲ့ ပတ်သက်လာတဲ့အခါ လွတ်လပ်စွာပြောဆိုခွင့်ကိစ္စတွေကို ဘယ်လိုကိုင်တွယ်ကြသလဲဆိုတဲ့ ဆွေးနွေးပညာပေး အစီအစဉ်က မရှိ။ ပွင့်လင်းလွတ်လပ်စွာ ပြောဆိုတာ၊ အဲဒီလို ပွင့်လင်းလွတ်လပ်မှုကို လေးစားရတာ စတဲ့ ဒီမိုကရေစီ အကူးအပြောင်းရဲ့ လိုအပ်ချက်တွေက အသစ်ပါ။  အသစ်ဖြစ်တဲ့အတိုင်း ဘယ်သူမှ အတွေ့အကြုံ မရှိနိုင်ဘူးပေါ့ဗျ။ မှားကြတာ သဘာဝဗျ။ အဲဒီအမှားကို ဘယ်လိုတုံ့ပြန်လုပ်ဆောင်လဲဆိုတာက သော့ချက်ဗျ။ နိုင်ငံတနိုင်ငံအနေနဲ့ နယ်ပယ်အသစ်ထဲကို ဝင်ရတဲ့အခါ မိမိကိုယ်ကိုယ် နှိမ့်ချ၊ လေ့လာသင်ယူ၊ နားလည် သည်းခံ ခွင့်လွှတ်၊ အပြန်အလှန်ထိန်းသိမ်းပေးဆိုတဲ့ စိတ်ဓာတ်တွေက အရေးကြီးလှပါတယ်။ စနစ်ဟောင်းကို စနစ်အသစ်နဲ့ အစားထိုးတဲ့အခါ၊ အဟောင်းနဲ့ မလွှဲမရှောင်သာ စရမှာဖြစ်ပေမယ့် အနှစ်နှစ်အလလက ခိုင်ခံ့ခဲ့တဲ့ အဲဒီစနစ်ဟောင်းကြီးထဲ အစိုးရအသစ်က ခေါင်း စ ဝင်မိသွားမှာကိုတော့ အစိုးရိမ်ကြီး စိုးရိမ်မိလေရဲ့ ကိုတိုးရေ။ တင်မောင်သန်း
5 years Ago
Up