တင်နက်ဆီပြည်နယ်တွင် တောမီး ကျယ်ကျယ်ပြန့်ပြန့်လောင်ကျွမ်း၊ မြို့ခံများရွှေ့ပြောင်း

November 30, 2016

တင်နက်ဆီပြည်နယ်တွင် တောမီး ကျယ်ကျယ်ပြန့်ပြန့်လောင်ကျွမ်း၊ မြို့ခံများရွှေ့ပြောင်း (ရုပ်သံ)

အမေရိကန်ပြည်ထောင်စု၊ တင်နက်ဆီပြည်နယ်မှာ တောမီးလောင်ကျွမ်းမှု ကျယ်ပြန့်လာပြီး အပန်းဖြေမြို့ ၂ မြို့က လူနေအိမ်တွေ၊ စီးပွားရေးလုပ်ငန်းတွေကို ခြိမ်းခြောက်နေပါတယ်။ Great Smoky တောင်တန်းမြောက်ဘက်က ဂတ်လင်ဘတ် (Gatlinburg) မြို့နဲ့ ပီးဂျင်း ဖော့ (Pigeon Forge) မြို့တွေမှာ ရာသီဥတုခြောက်သွေ့ပြီး လေပြင်းတွေ တိုက်ခတ်နေလို့ မြို့ခံတွေကို မဖြစ်မနေ ရွှေ့ပြောင်းနေရတယ်လို့ ဂတ်လင်ဘတ်မီးသတ်တပ်ဖွဲ့က ပြောပါတယ်။ နိုဝင်ဘာ ၂၇ ရက်နေ့က သစ်တောဧက ၁၀ ဧကလောက် လောင်ကျွမ်းနေတာကနေ ၂၈ ရက်နေ့မှာ ဧက ၅၀၀ လောက်အထိ လောင်ကျွမ်းလာတယ်လို့ ပြောဆိုပါတယ်။ လေတိုက်နှုန်းကလည်း တနာရီ ၇၅ မိုင်တောင်ရှိတဲ့အတွက် ဂတ်လင်ဘတ်မြို့ တောင်ပိုင်းမှာပါ ကူးစက်လာတယ်လို့လည်း ပြောပါတယ်။ ဒါကြောင့် တမြို့လုံး မီးခိုးတွေပိတ်နေပြီး အဝေးပြေးလမ်းမတွေဟာလည်း မြို့ကနေ ထွက်ခွာနေတဲ့ ကားတွေနဲ့ ပြည့်နေပါတယ်။ ဂတ်လင်ဘတ်မြို့မြောက်ဘက် ၇ မိုင်အကွာက ပီးဂျင်း ဖော့ အပန်းဖြေမြို့မှာလည်း နေအိမ်အဆောက်အဦတွေကို တောမီးခြိမ်းခြောက်မှု မရှိပေမယ့် မြို့ခံတွေကို ရွှေ့ပြောင်းဖို့ တိုက်တွန်းထားတယ်လို့ မြို့အာဏာပိုင်တွေက ပြောပါတယ်။
5 years Ago
Up