“တခုခုဖြစ်ခဲ့ရင်

July 23, 2017

“တခုခုဖြစ်ခဲ့ရင် ရှင့်ကို ကျမချစ်ပါတယ်” လေယာဉ်ခေါင်းစိုက်ဆင်းလာစဉ် မက်ဆေ့ခ်ျပို့သူ (ရုပ်သံ)

စပိန်ရဲ့ကျွန်းတကျွန်းဖြစ်တဲ့ အီဘီဇာကနေ ပြည်လည်ထွက်ခွာပြီး အင်္ဂလန်မြောက်ပိုင်း လိ့ဒ်စ်မြို့ကို ပျံသန်းလာတဲ့ ဂျက် ၂ လေယာဉ်ဟာ မိနစ် ၃၀ ကြာခရီးကို ပျံသန်းစဉ် ပင်လယ်ထဲ ရုတ်တရက် ထိုးဆင်းပျံသန်းမှု ဖြစ်ခဲ့ပါတယ်။ ခရီးသည် ၁၈၀ ဦးလောက် တင်လာတဲ့ ဂျက် ၂ လေယာဉ်ကြီး ပင်လယ်ထဲ ရုတ်တရက် ထိုးဆင်း ပျံသန်းစဉ် နှလုံးရပ်မတတ်အခိုက်အတန့်မှာ အရေးပေါ်အချက်ပေးခေါင်းလောင်းသံတွေ မြည်ကာ ခရီးသည်ထိုင်ခုံအပေါ်ဘက် မျက်နှာကြက်မှာ ရှိတဲ့ အောက်ဆီဂျင်အုပ်ဆောင်းတွေ ပြုတ်ကျလာပြီး လေယာဉ်မှူးကလည်း ထိတ်လန့်ကြောက်ရွှံ့နေတဲ့ ခရီးသည်တွေကို “အရေးပေါ်အခြေအနေအတွက် ကြိုတင်ပြင်ဆင်” ဖို့လို့ ပြောခဲ့ပါတယ်။ ဒီလိုလေယာဉ်အတွင်းမှာ အောက်ဆီဂျင်အုပ်ဆောင်းတွေ ပြုတ်ကျလာတဲ့ ထိတ်လန့်စရာ အခိုက်အတန့်ကို ခရီးသည်တွေထဲက အသက် ၃၉ နှစ်အရွယ် မိခင်တဦးဖြစ်တဲ့ နစ်ကိုလာတိုင်က ရုပ်သံရိုက်ကူးနိုင်ခဲ့သလို ဒီအခြေအနေက နောက်ဆုံးအခြေအနေလို့ ယူဆပြီး သူမရဲ့ခင်ပွန်းဖြစ်သူထံ “ရှင့်ကိုကျမ ချစ်ပါတယ်” ဆိုတဲ့ မက်ဆေ့ခ်ျတခုလည်း ပို့ခဲ့တာပါ။ “ကျမခင်ပွန်းကို ရေးခဲ့တာက လေယာဉ်ကြီးက အောက်ကို စိုက်ဆင်းနေပြီး အောက်ဆီဂျင်အုပ်ဆောင်းတွေလည်း ပြုတ်ကျလာတယ်၊ တခုခုဖြစ်ခဲ့ရင် ရှင့်ကို ကျမချစ်ပါတယ်” “ကျမကလေး ၂ ယောက်နဲ့ အမျိုးသားက ကျမနဲ့အတူမရှိဘူး၊ ကျမထင်တာက ကျမ သူတို့ကို နောက်ထပ် မတွေ့နိုင်တော့ဘူး။ လေယာဉ်ထဲမှာ ခရီးသည်တွေ စငိုနေကြပြီ၊ လေယာဉ်အရှေ့ပိုင်းက အမျိုးသမီးတယောက်ဆို နှစ်သိမ့်ပေးလို့တောင် မရတော့ဘူး” လို့ ခရီးသည်တွေအားလုံးနဲ့အတူ ကံကောင်းထောက်မစွာ အသက်ရှင်ခဲ့တဲ့ နစ်ကိုလာက သူမရဲ့အတွေ့အကြုံကို ပြောခဲ့ပါတယ်။ နောက်ထပ် အသက် ၃၃ နှစ်အရွယ် ခရီးသည် ဂျွန်ဟက်ဖီးလ်ဒ်က လေယာဉ် ပင်လယ်ထဲ ထိုးဆင်းစဉ် သူ့အောက်ဆီဂျင်အုပ်ဆောင်း ပြုတ်မကျလာဘူးလို့ ပြစ်တင်ပြောကြားလိုက်ပါတယ်။ “ကျနော်တို့ အတန်းက တခုကလွဲရင် လူတိုင်းရဲ့အောက်ဆီဂျင်အုပ်ဆောင်း ပြုတ်ကျတယ်၊ ကျနော့်ကောင်မလေးလည်း ငိုနေပြီ၊ လေယာဉ်မယ်တွေကို ခေါ်တယ်၊ ဒါပေမယ့် သူတို့လည်း အောက်ဆီဂျင်အုပ်ဆောင်းတွေ တပ်ထားပြီး ထိုင်နေရတယ်။” “နောက်ဆုံးမှာ ကျနော်တို့ အောက်ဆီဂျင်အုပ်ဆောင်း ထွက်ကျလာအောင် လုပ်နိုင်ခဲ့ပေမယ့် အဲ့ဒီအချိန်လေးကတော့ တကယ့်ကို စိတ်ပျက်ထိတ်လန့်စရာ အချိန်ပဲ။ ကံကောင်းတာက အဲ့နေရာမှာ ကျနော်ဖြစ်နေလို့လေ၊ ဒီအောက်ဆီဂျင်အုပ်ဆောင်းကို မမီတဲ့ ကလေးတွေ၊ အားမရှိတဲ့ လူကြီးတွေဆို ဘယ်လိုလုပ်မလဲ” လို့ ဂျွန်က ပြောပါတယ်။ အဲ့ဒီနောက် လေယာဉ်က လုံခြုံစိတ်ချရတဲ့ အမြင့်အနေအထားကို ပြန်လည်ပျံသန်းနိုင်ပြီး ဘာဆီလိုနာ လေဆိပ်ကို လမ်းကြောင်းလွှဲပျံသန်းခဲ့ရတာလို့ ဆိုပါတယ်။ ခရီးသည်တော်တော်များများက ထိတ်လန့်နေကြပြီး ၄ နာရီကြာအပြီးမှာတော့ လိ့ဒ်စ်မြို့ကို ပြန်လည် ပျံသန်းနိုင်ခဲ့ပါတယ်။ ဇူလိုင် ၁၆ ရက်နေ့က အဖြစ်အပျက်အတွက် “အသေးစားစက်ချို့ယွင်းမှု ပြဿနာ” လို့ လေယာဉ်တာဝန်ရှိသူတွေက တုံ့ပြန်ပြောဆိုခဲ့ကြောင်း သည်ဆန်းသတင်းမှာ ဇူလိုင်လ ၂၂ ရက်နေ့က ဖော်ပြထားပါတယ်။ ရုပ်သံ - FLASH REPORTERS
5 years Ago
Up