တခုခုလုပ်ရင် ဘယ်သူမှ မမြင်ဘူးတဲ့အဖြစ်မျိုး မြောက်ကိုရီးယားကြုံရမယ် - ဒေါ်နယ်ထရမ့်

August 11, 2017

တခုခုလုပ်ရင် ဘယ်သူမှ မမြင်ဘူးတဲ့အဖြစ်မျိုး မြောက်ကိုရီးယားကြုံရမယ် - ဒေါ်နယ်ထရမ့်

အမေရိကန်စစ်အခြေစိုက်စခန်းရှိတဲ့ ဂူအမ်ကျွန်းကို ဒုံးကျည်နဲ့ ပစ်ခတ်တိုက်ခိုက်ဖို့ ပြင်နေတဲ့ မြောက်ကိုရီးယားကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြင်းပြင်းထန်ထန် သတိပေးလိုက်ပါတယ်။ “ကျနော်တို့ မြောက်ကိုရီးယားကို အချိန်အများကြီးပေးပြီး ကြည့်နေပါတယ်။ မြောက်ကိုရီးယားနဲ့ ပတ်သက်ပြီး ဖြစ်လာနိုင်ခြေရှိတဲ့ ပုံစံမျိုးစုံအတွက်လည်း ကျနော်တို့ ပြင်ဆင်ထားပါတယ်။ သူဟာ ကျနော်တို့နိုင်ငံကို မလေးမစားလုပ်တာ တော်တော်များနေပါပြီ။ ကြောက်စရာကောင်းတဲ့ စကားတွေ ပြောပေါင်းလည်း မနည်းတော့ပါဘူး။ အခု ကျနော်နဲ့ကတော့ သူ ရှောင်ပြေးလို့ရမှာ မဟုတ်ဘူး။ အရင်တုန်းကတော့ သူရော၊ သူ့မိသားစု ဘိုးဘွားတွေရောက အချိန်အကြာကြီး ရှောင်ပြေးနေလို့ ရခဲ့ပါတယ်။ အခုတော့ ပြေးလို့ရမှာ မဟုတ်တော့ပါဘူး။ ဒီပွဲက အရင်နဲ့ လုံးဝမတူတဲ့ ကစားပွဲအသစ်ပါ” လို့ ဒေါ်နယ်ထရမ့်က ပြောကြားသွားတာပါ။ “ကျေနာ် ဖတ်လိုက်ရပါတယ်၊ သြဂုတ်လ ၁၅ ရက် မတိုင်ခင် လုပ်မယ့် ဂူအမ်ကျွန်းကိစ္စကို။ သူ ဂူအမ်ကျွန်းကို ဘာလုပ်မလဲ ကြည့်ကြတာပေါ့။ တခုခုလုပ်ရင်တော့ ဘယ်သူတဦးတယောက်မှ တခါမှ မမြင်ဘူးသေးတဲ့ အဖြစ်မျိုး မြောက်ကိုရီးယားမှာ တွေ့ကြုံရပါလိမ့်မယ်” လို့လည်း ဒေါ်နယ်ထရမ့်က ဆက်ပြောပါတယ်။ ဒါဟာ စိန်ခေါ်တာမဟုတ်ဘဲ အသိပေးကြေညာတာဖြစ်တယ်လို့ ဒေါ်နယ်ထရမ့်က ဆိုပါတယ်။ ဂူအမ်ကျွန်းကို ခြိမ်းခြောက်လို့ မရသလို အမေရိကန်၊ ဂျပန်၊ တောင်ကိုရီးယား ဘယ်သူ့ကိုမှ ခြိမ်းခြောက်လို့မရဘူးလို့လည်း သူက ပြောပါတယ်။ “ကျနော်က နျူကလီးယားကင်းတဲ့ကမ္ဘာကြီး ဖြစ်စေချင်တယ်။ သမ္မတ အိုဘားမားက ပြောဖူးပါတယ်၊ ကမ္ဘာကြီးပူနွေးလာမှုက အကြီးဆုံးခြိမ်းခြောက်မှုတဲ့။ ကျနော် သဘောမတူပါဘူး။ နျူကလီးယားကသာ တကမ္ဘာလုံးရဲ့ အကြီးဆုံးခြိမ်းခြောက်မှုပါ။ မေးနေစရာတောင် မလိုပါဘူး။ သူ့လောက်နီးနီး ပြင်းထန်တဲ့ တခြားခြိမ်းခြောက်မှုဆိုတာကို မရှိဘူး။ ဒါကြောင့် ကျနော်က နျူကလီးယားကင်းတဲ့ကမ္ဘာ ဖြစ်စေချင်တာ။ ရုရှား၊ အမေရိကန်၊ တရုတ်၊ ပါကစ္စတန် စတဲ့နိုင်ငံတွေက နျူကလီးယားလက်နက်တွေကို ကျနော် ဖယ်ရှားပစ်ချင်တာ။ ဒါပေမယ့်လို့ အဲဒီလိုအချိန်မျိုး မရောက်ခင်တော့ အမေရိကန်ဟာ ကမ္ဘာကြီးပေါ်မှာ အားအကြီးဆုံး နျူကလီးယားလက်နက်တွေ ပိုင်တဲ့နိုင်ငံ ဖြစ်နေမှာပါ’ လို့ ဒေါ်နယ်ထရမ့်က ပြောကြားသွားပါတယ်။
4 years Ago
Up