တက္ကသိုလ်ဝင်တန်း

February 9, 2018

ကရင်ပြည်နယ်တွင် တက္ကသိုလ်ဝင်တန်း စာမေးပွဲအတွက် စာစစ်ဌာန ၅ ခု တိုးချဲ့ဖွင့်လှစ်

၂၀၁၇-၂၀၁၈ ပညာသင်နှစ်အတွက် ကရင်ပြည်နယ်အတွင်း တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဖြေဆိုရာမှာ ဝေးလံပြီး၊ လမ်းပန်းဆက်သွယ်ရေး ခက်ခဲတဲ့ဒေသက ကျောင်းသား ကျောင်းသူတွေ အခက်အခဲမရှိ ဖြေဆိုနိုင်ဖို့ စာစစ်ဌာန ၅ ခုကို တိုးချဲ့ဖွင့်လှစ်ပေးထားတယ်​လို့ အခြေခံပညာဦးစီးဌာနက  ဖေဖော်ဝါရီ ၈ ရက်မှာ  ပြောပါတယ်။ အခြေခံပညာဦးစီးဌာန၊ ပြည်နယ်ညွှန်ကြားရေးမှူး ဦးစိုးမြင့်က “ကလေးတွေ လာဖြေရတာ ဝေးတော့ ကလေးတွေရဲ့ အခက်အခဲတွေ မရှိရအောင် ကားစီးလာရတဲ့အခါကျတော့ အန္တရာယ်တွေ ဖြစ်မှာစိုးတော့ အခု စာစစ်ဌာနကလည်း ခွင့်ပြုပေးပါတယ်။ ပင်မကနေ သွားရတာ တအားဝေးတယ်ဆိုတော့ စာစစ်ဌာနတွေပေးတယ်” လို့ ပြောပါတယ်။ ပြည်နယ်ညွှန်ကြားရေးမှူးက ဆက်လက်ပြောကြားရာမှာ အကျဉ်းကျ ကျောင်းသား ၈ ဦးနဲ့ ကိုယ်အင်္ဂါ မသန်စွမ်းကျောင်းသား ၃ ဦး သက်ဆိုင်ရာ စာစစ်ဌာနတွေကနေ ဝင်ရောက်ဖြေဆိုကြမှာလို့ ပြောပါတယ်။ “အကျဉ်းဦးစီးဌာနမှာ အကျဉ်းကျနေတဲ့ ကျောင်းသား ၈ ဦး ရယ်၊ ကိုယ်အင်္ဂါမသန်စွမ်းသူ ၃ ဦး ဝင်ရောက်ဖြေဆိုမှာ ဖြစ်တယ်။ (အကျဉ်းကျကျောင်းသား) အကျဉ်းဦးစီးဌာနကတော့ ရိုးရိုးကျောင်းသားတွေနဲ့အတူတူ အ.ထ.က (၃) ဘားအံစာစစ်ဌာနမှာ လာပေါင်းဖြေမှာပါ။ မြဝတီက ကိုယ်အင်္ဂါမသန်စွမ်း ၃ ဦး ရှိတာပေါ့။ မြ၀တီ စာစစ်ဌာနမှာ ဖြေမယ်။ ကိုယ်အင်္ဂါ မသန်စွမ်းတွေကျတော့ အချိန်ပို မိနစ် ၃၀ ကို စာစစ်ဌာနက သတ်မှတ်ပေးထားတဲ့ စည်းမျဉ်းစည်းကမ်းအတိုင်း ပေးဖြေမှာ” လို့ ပြောပါတယ်။ စာစစ်ဌာန ဖွင့်လှစ်ခွင့်ရရှိတဲ့အတွက် ကလေးတွေ ကားစီးရတဲ့ အန္တရာယ်အပြင် သွားလာရတဲ့ အချိန်တွေအစား စာကျက်ချိန်​ ပိုမိုရရှိတဲ့အတွက် အောင်ချက်ရာခိုင်နှုန်း ကောင်းလာနိုင်မယ်လို့ ဘားအံမြို့နယ်၊ ဝဲကရင်ကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်း၊ ကျောင်းအုပ်ကြီး ဒေါ်နန်းဝင်းရွှေက ပြောပါတယ်​။ “ဒီစာစစ်ဌာန ရရှိတဲ့အတွက်ကြောင့် ကျမတို့က အများကြီး ဝမ်းသာပါတယ်။ မိဘတွေလည်း ထည့်ဝင်ရတာတွေ သက်သာသွားတယ်။ အောင်ချက်​ရာခိုင်နှုန်းကတော့ ဒီနှစ်ကတော့ မနှစ်ကထက်စာရင် တိုးလာမယ်လို့ ထင်ပါတယ်။ ကိုယ့်ကျောင်းနဲ့ကိုယ် စာစစ်ဌာနနဲ့ ဖြေမှာဖြစ်တဲ့အတွက်​ကြောင့် အထိတ်တလန့်နဲ့ ဖြစ်စရာမလိုတော့ဘူး။ ကားမူးတဲ့ လူတွေလည်း အန္တရာယ်ကင်းသွားမယ်။ တခြားခရီးဝေးလည်း သွားရတာ မဟုတ်တဲ့အတွက်ကြောင့် သူတို့အတွက် စာကျက်ချိန် ပိုရသွားမယ်။ ပိုပြီးတော့ အောင်ချက်ကောင်းမယ် ထင်တယ်” လို့ ပြောပါတယ်။ တိုးချဲ့စာစစ်​ဌာန​တွေက ဘားအံမြို့နယ်​မှာ ဝဲကရင်​ အ.ထ.က၊ လှိုင်းဘွဲမြို့နယ်​မှာ ပိုင်​ကျုံ အ.ထ.က၊ ​ကော့ကရိတ်​မြို့နယ်​မှာ ​တောင်​ကြားအင်​ အ.ထ.က၊ မြဝတီမြို့မြို့နယ်​မှာ အ.လ.က (၁) အ.ထ.ကခွဲ၊ သံ​တောင်​ကြီးမြို့နယ်​မှာ သ​ပြေညွန့်​ အ.ထ.က ​ကျောင်း​တွေမှာ ခွင့်ပြု​ပေးခဲ့တာပါ။ တက္ကသိုလ်ဝင်တန်း စာမေးပွဲကို တနိုင်ငံလုံး အတိုင်းအတာနဲ့ မတ် ၇ ရက်နေ့မှာ စတင်ဖြေဆိုမှာဖြစ်ပြီး ၂၀၁၆-၂၀၁၇ ပညာသင်နှစ်မှာ ကရင်ပြည်နယ်အနေနဲ့ ခရိုင် ၇ ခုမှာ စာစစ်​ ဌာနပေါင်း ၃၇ ခုရှိသာရှိခဲ့ပြီး ၂၀၁၇-၂၀၁၈ ပညာသင်နှစ်မှ စတင်ပြီး စာစစ်ဌာန ၅ ခု တိုးချဲ့ဖွင့်လှစ်ခွင့်ရတဲ့အတွက် စာစစ်ဌာနပေါင်း ၄၂ ခုမှာ ကျောင်းသား ကျောင်းသူ ၁၉၀၄၂ ဦး ဝင်ရောက်ဖြေဆိုမှာပါ။ မြန်မာ-ထိုင်းနယ်စပ်မှာရှိတဲ့ ရွှေ့ပြောင်း (မဲဆောက်) ကျောင်းသား ​ကျောင်းသူတွေပါ တက္ကသိုလ်ဝင်တန်း စာမေးပွဲကို ပြည်​နယ်အစိုးရ စီစဉ်ပေးမှုနဲ့ မြဝတီစာစစ်ဌာနအသီးသီးမှာ ဝင်ရောက်ဖြေဆိုသွားမှာပါ။ ကရင်ပြည်နယ်အနေနဲ့ ၂၀၁၆-၂၀၁၇ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ဝင်ရောက်ဖြေဆိုသူ ဦးရေ ၁၆၀၃၁ ဦး၊ အောင်မြင်​သူ ၄၇၂၅ ဦး၊ ၆ ဘာသာ ၁ ဦး၊ ၅ ဘာသာ ၄ ဦး၊ ၄ ဘာသာ ၂၂ ဦး၊ ၃ ဘာသာ ၄၉ ဦး၊ ၂ ဘာသာ ၁၄၁ ဦး၊ ၁ ဘာသာ ၈၁၄ ဦး၊ ဂုဏ်ထူးရ ကျောင်းသား ကျောင်းသူ ၁၀၃၁ ဦး ရရှိခဲ့ပါတယ်​။ အောင်ချက်အနေနဲ့ ၂၉ ဒသမ ၄၇ ရာခိုင်နှုန်းရရှိပြီး၊ တိုင်းနဲ့ပြည်နယ်အလိုက် ၁၉ ခုမှာ အဆင့် ၁၄ ရရှိခဲ့ပါတယ်။ မြို့နယ်အလိုက် အောင်မြင်မှုအနေနဲ့ ကြာအင်းဆိပ်ကြီးက ပထမ၊ ဘားအံက ဒုတိယ၊ လှိုင်းဘွဲ့က တတိယ ရရှိခဲ့ပါတယ်။ သတင်း - ရဲမင်းခေါင်
3 years Ago
Up