တက္ကသိုလ်ဝင်စာမေးပွဲ

June 8, 2019

မိတ္ထီလာခရိုင်တွင် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်သူ ၇၉၉၁ ဦးရှိ

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင်မှာ ဒီနေ့မှာ ထွက်ရှိတဲ့ တက္ကသိုလ်ဝင်တန်း အောင်စာရင်းအရ အောင်မြင်သူ ၇၉၉၁ ဦး ရှိပါတယ်။ ဒုပညာရေးမှူးဦးကျော်မြင့်က “တခရိုင်လုံးအနေနဲ့ စာမေးပွဲ ဖြေဆိုသူ ၁၉ဝဝဝ ကျော် ရှိတယ်။ အောင်မြင်သူက ၈ ထောင်နီးပါးပေါ့။ ရာခိုင်နှုန်းအားဖြင့်တော့ ၄၁ ရာခိုင်နှုန်းလောက် အောင်ကြတယ်” လို့ပြောပါတယ်။ တခရိုင်လုံးမှာ အောင်ချက်ရာခိုင်နှုန်း အကောင်းဆုံးက မလှိုင်မြို့နယ်ဖြစ်ပါတယ်။ ၄၉ ရာခိုင်နှုန်းကျော် ၂၄၈၀ ဦး အောင်မြင်ပါတယ်။ ဘာသာစုံဂုဏ်ထူးရှင် ၇၈ ဦးရှိပါတယ်။ မိတ္ထီလာက ၄၁ ရာခိုင်နှုန်း ၂၉၇၆ ဦး အောင်မြင်ပြီး ဘာသာစုံ ဂုဏ်ထူးရသူ ၃ ဦးရှိပါတယ်။ ဝမ်းတွင်းမြို့က ၁၅၃၁ ဦး အောင်မြင်ပြီး ၃၈ ဒသမ ၃၅ ရာနှုန်း အောင်မြင်ပါတယ်။ သာစည်က ၁၀၀၄ ယောက် အောင်မြင်ပြီး ၃၁ ဒသမ ၈၄ ရာနူန်း ရှိပါတယ်။ တခရိုင်လုံးအနေနဲ့ ၆ဘာသာ ဂုဏ်ထူးရသူပေါင်း ၈၁ ဦးရှိပါတယ်။ ၅ ဘာသာ ဂုဏ်ထူးရသူ ၂၁၇ ဦး၊ ၄ဘာသာ ၂၀၃ ဦး၊ ၃ ဘာသာ ဂုဏ်ထူး ၁၈၂ ဦး ၂ဘာသာ ၂၃၂ဦး နဲ့ ၁ဘာသာ ၇၁၆ ဦး တို့ ဂုဏ်ထူးရကြပါတယ်။ တက္ကသိုလ်ဝင်တန်း ကျောင်းတက်စာရင်း ၂၁ဝဝဝ လောက်ရှိခဲ့ပြီး ဖြေဆိုသူ ၁၉ဝဝဝ ကျော်ရှိခဲ့တာပါ။ စာမေးပွဲ မဖြေသူ ကျောင်းသား ၂ ထောင်ကျော် ရှိပါတယ်။ သတင်း-မောင်မောင်လင်း
2 years Ago

အကျဉ်းထောင်များမှ တက္ကသိုလ်ဝင်စာမေးပွဲ ဂုဏ်ထူးဖြင့်အောင်မြင့်သူ ၄၁ ဦးရှိ

တနိုင်ငံလုံးက အကျဉ်းထောင်တွေကနေ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုအောင်မြင်သူ ၉၄ ယောက် ရှိပြီး ဂုဏ်ထူးရသူ ၄၁ ယောက်ရှိပါတယ်။ မနှစ်ကထက် ဖြေဆိုသူများလာသလို အောင်မြင်သူနဲ့ ဂုဏ်ထူးရသူလည်း များလာခဲ့တာပါ။ အကျဉ်းဦးစီးဌာန ပြောခွင့်ရသူ ဦးမင်းထွန်းစိုးက ၃ ဘာသာ ဂုဏ်ထူး ၄ ယောက်၊ ၂ ဘာသာဂုဏ်ထူး ၁၆ ယောက်၊ တဘာသာဂုဏ်ထူး ၂၁ ယောက်၊ ရိုးရိုးအောင်သူ ၅၃ ယောက်ရှိတယ်လို့ ပြောပါတယ်။ ဒီနှစ်မှာတော့ အင်းစိန်၊ မန္တလေး၊ ဘားအံ၊ လွိုင်ကော်၊ မြိတ်၊ တောင်ငူ၊ ကသာ၊ သရက်၊ မုံရွာထောင်တို့ကနေ အကျဉ်းသား၊ အချုပ်သား ၁၇၁ ယောက် ဝင်ရောက် ဖြေဆိုခဲ့ကြတာပါ။ အင်းစိန်ထောင်က ဖြေဆိုသူ ၇၁ ယောက်မှာ  အယောက် ၅၀ အောင်မြင်ပြီး ၃ ဘာသာဂုဏ်ထူး ၄ ယောက်၊ ၂ ဘာသာဂုဏ်ထူး ၁၃ ယောက်နဲ့ တဘာသာဂုဏ်ထူး အယောက် ၂၀ ရှိပါတယ်။ မန္တလေး အိုးဘိုထောင်က ၇၁ ယောက်ဖြေတာမှာ ၄၂ ယောက်အောင်မြင်ပြီး ၂ ဘာသာဂုဏ်ထူး ၃ ယောက်၊  တဘာသာဂုဏ်ထူး ၁၁ ယောက်ရှိပါတယ်။ တောင်ငူထောင်က ၄ ယောက် ဖြေတာမှာ ၂ ယောက် အောင်မြင်ခဲ့တာပါ။ မနှစ်က ၁၀၄ ယောက် ဖြေပြီး ၄၇ ယောက် အောင်မြင်လို့ အောင်ချက် ၄၅ ဒသမ ၁၉ ရာခိုင်နှုန်း ရှိပြီး ဒီနှစ်မှာတော့ ၅၄ ဒသမ ၉၇ ရာခိုင်နှုန်း ရှိပါတယ်။ အကျဉ်းထောင်တွေမှာ  အခြေခံပညာအဆင့်နဲ့ အဝေးသင်တက္ကသိုလ်တက်နေတဲ့ အကျဉ်းသားပေါင်း ၃၀၀ လောက်ရှိတယ်လို့ ဦးမင်းထွန်းစိုးက ပြောပါတယ်။
2 years Ago

ကယားပြည်နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သူ ၂၀၆၆ ဦးရှိ

ဒီနေ့ထုတ်ပြန်လိုက်တဲ့ ကယားပြည်နယ် တက္ကသိုလ်ဝင်စာမေးပွဲအောင်ချက်မှာ အောင်မြင်သူ ၂၀၆၆ ဦးရှိပြီး ဂုဏ်ထူးထွက်သူ စုစုပေါင်း ၄၆၄ ဦး ရှိတယ်လို့ ပြည်နယ်ပညာရေးမှူးရုံးက ပြောပါတယ်။ ကယားပြည်နယ်အတွင်း ၂၀၁၈-၁၉ ခုနှစ်ပညာသင်နှစ်အတွက် တက္ကသိုလ်ဝင် စာမေးပွဲကို စာစစ်ဌာန ၁၉ ခုကနေ ကျောင်းသူ၊ ကျောင်းသားပေါင်း ၇၃၈၈ ဦး ၀င်ရောက်ဖြေဆိုခဲ့ရာ ၂၀၆၆ ဦး ဖြေဆိုအောင်မြင်ခဲ့တယ်လို့ ပြည်နယ်ပညာရေးမှူးရုံးက ပြောပါတယ်။ တပြည်နယ်လုံး အတိုင်းအတာနဲ့ ၅ ဘာသာဂုဏ်ထူး ၁ ဦးထွက်ရှိပြီး ၄ ဘာသာ ဂုဏ်ထူး ၃ ယောက်၊ ၃ ဘာသာ ဂုဏ်ထူး ၃၂ ဦး ထွက်ရှိကြောင်းလည်း စီမံကိန်းကြီးကြပ်အကဲဖြတ်ဌာန  ဒုကြီးကြပ်ရေးမှူး ဒေါ်အေးနန္တာဦးက ပြောပါတယ်။ “အောင်မြင်တာက ၂၀၆၆ ပါရှင်၊ ရာခိုင်နှုန်းအားဖြင့် ၂၇.၉၆ ပါရှင့်။ ကျမတို့အခုဆိုလို့ရှိရင် (5D) တယောက်ထွက်ပါတယ်။ (4D) က သုံးယောက်ပါ။ 3D က ၃၂ ယောက်ပါ။ 2D က ၆၃ ယောက်ပါ။ 1D က ၃၆၅ ယောက်ပါရှင့်။ ဂုဏ်ထူးထွက်စုစုပေါင်းက ၄၆၄ ယောက်ပါရှင်။” ၅ ဘာသာဂုဏ်ထူးရှင်က လွိုင်ကော် အထက ၂ က မငုဝါအောင်ဖြစ်တယ်လို့လည်း ပြောပါတယ်။ ၂၀၁၈-၁၉ တက္ကသိုလ်ဝင်တန်းစာမေးပွဲမှာ လွိုင်ကော်အကျဉ်းထောင်ကနေ စာမေးပွဲဖြေဆိုသူ ၄ ဦးရှိခဲ့ပေမယ့် အောင်မြင်ခြင်းမရှိခဲ့ပါဘူး။ ကယားပြည်နယ်က စာစစ်ဌာနတွေကတော့ လွိုင်ကော်မြို့နယ်မှာ ၁၀ ခု၊ ရှားတောမှာ ၁ ခု၊ ဒီမော့ဆိုမြို့နယ်မှာ ၄ ခု ဖရူဆိုမြို့နယ် ၁ ခု၊ ဘောလခဲမှာ ၁ ခု၊ ဖားဆောင်းမြို့နယ်မှာ ၁ ခု၊ မယ်စဲမြို့နယ်မျာ ၁ ခု အားလုံး ၁၉ ခုကနေ စာမေးပွဲဝင်ရောက်ဖြေဆိုဖို့ စာရင်းပေးထားသူပေါင်း  ၇၇၉၁ ဦးရှိခဲ့ပေမယ့် ၇၃၈၈ ဦးသာ ဖြေဆိုခဲ့ပါတယ်။ ကယားပြည်နယ်မှာ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်က တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုသူ အယောက် ၆၆၄၀ မှာ ၁၆၇၀ ယောက်အောင်မြင်ခဲ့လို့ အောင်ချက် ၂၅.၂၃ ရာခိုင်နှုန်းရှိခဲ့ပါတယ်။
2 years Ago

တက္ကသိုလ်ဝင်စာမေးပွဲ မန္တလေးအိုးဘိုအကျဉ်းထောင်မှ ၃၇ ဦး အောင်မြင်

၂၀၁၈ - ၂၀၁၉ ပညာသင်နှစ်မှာ မန္တလေးဗဟို အကျဉ်းထောင် (အိုးဘို) ကနေ တက္ကသိုလ်ဝင်တန်းစာမေးပွဲ အကျဉ်းသား အကျဉ်းသူ ၇၁ ဦး  ဖြေဆိုရာမှာ ၃၇ ဦး အောင်မြင်ပြီး ဂုဏ်ထူးရှင် ၁၄ ဦး ရှိတယ်လို့ သိရပါတယ်။ နှစ်ဘာသာ ဂုဏ်ထူးရှင် ၃ ဦး၊ တစ်ဘာသာ ဂုဏ်ထူးရှင် ၁၁ ဦးရှိပြီး ယခင်နှစ်ကထက် အောက်ချက်ပိုမိုကောင်းမွန်တယ်လို့ သိရပါတယ်။ မန္တလေးအိုးဘို အကျဉ်းထောင်ကနေ ၂၀၁၆ - ၂၀၁၇ ပညာသင်နှစ်မှာ တက္ကသိုလ်ဝင်တန်း ဝင်ရောက်ဖြေဆိုသူ ၁၁ ဦး ရှိခဲ့ပြီး သုံးဘာသာ ဂုဏ်ထူးထွက်ရှင်တဦးအပါအဝင် ၇ ဦး အောင်မြင်ခဲ့တယ်လို့ သိရပါတယ်။ ၂၀၁၇ - ၂၀၁၈ ပညာသင်နှစ်မှာလည်း တက္ကသိုလ်ဝင်တန်းဝင်ရောက်ဖြေဆိုသူ ၅၅ ဦးရှိခဲ့ရာ သုံးဘာသာဂုဏ်ထူးရှင် ၄ ဦး၊ နှစ်ဘာသာဂုဏ်ထူးရှင် ၄ ဦး၊ ၁ ဘာသာဂုဏ်ထူးရှင် ၁၃ ဦးနဲ့ ရိုးရိုးအောင်မြင်သူ ၆ ဦး ရှိခဲ့တယ်လို့လည်း သိရပါတယ်။ မန္တလေးဗဟို အကျဉ်းထောင် (အိုးဘို) မှာ ၂၀၁၆ - ၂၀၁၇ ပညာသင်နှစ် က စတင်ပြီး စာစစ်ဌာနဖွင့်လှစ် ဖြေဆိုခွင့်ရခဲ့တယ်လို့ သိရပါတယ်။ ယခင်ကတော့ အင်းစိန်အကျဉ်းထောင် စာစစ်ဌာနမှာ သွားရောက်ဖြေဆိုခဲ့ကြရတာလည်း ဖြစ်ပါတယ်။ မြန်မာနိုင်ငံက အကျဉ်းထောင်တွေထဲမှာ တက္ကသိုလ်ဝင်တန်းဖြေဆိုခွင့်ပြုထားတဲ့ အကျဉ်းထောင်တွေကတော့ အင်းစိန်အကျဉ်းထောင်၊ မန္တလေးအိုးဘို အကျဉ်းထောင်၊ သာယာဝတီနဲ့ ဘားအံအကျဉ်းထောင်တွေ ဖြစ်ပါတယ်။ အခုနှစ် ပညာသင်နှစ်မှာ မန္တလေးတိုင်း ဒေသကြီးအတွင်း အောင်ချက်ရာခိုင်နှုန်း ၃၆.၁၃ ရာခိုင်နှုန်းရှိခဲ့ပြီး တနိုင်ငံလုံးအတိုင်းအတာနဲ့ အောင်ချက်ရာခိုင်နှုန်းအဆင့် သုံးနေရာမှာရှိတယ်လို့ ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ ထိန်ထိန်လင်း
2 years Ago

တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင် မွန်ပြည်နယ်က အောင်ချက် ပထမရရှိ

၂၀၁၉ ခုနှစ်ရဲ့ တက္ကသိုလ်ဝင်တန်း စာမေးပွဲမှာ မွန်ပြည်နယ်ဟာ တနိုင်ငံတလုံးမှာ အောင်ချက် ပထမ ရရှိသွားပါတယ်။ မွန်ပြည်နယ်ဟာ အခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲမှာ ဖြေဆိုသူ ၂၈၀၀၀ ကျော်မှာ ၁၀၀၀၀ ကျော် အောင်မြင်ခဲ့ပြီး ရာခိုင်နှုန်းအနေနဲ့ ၃၇ ဒသမ ၅၄ ရာခိုင်နှုန်းနဲ့ အောင်ချက် ပထမ ရရှိသွားတာပါ။ ဒီနှစ်တက္ကသိုလ်ဝင်တန်း စာမေးပွဲမှာ မေးခွန်းပုံစံ အပြောင်းအလဲထားပေမယ့် အောင်ချက်ဟာ အရင်ထက် ပိုတက်လာတယ်လို့ မော်လမြိုင် အထက (၉) ကျောင်းအုပ်ကြီး ဒေါ်မိမိခိုင်က ပြောပါတယ်။ ဒီနှစ်ရဲ့ တိုင်းနဲ့ ပြည်နယ်အလိုက် အောင်ချက် အများဆုံးရရှိမှုမှာတော့ မွန်ပြည်နယ်က ၃၇ ဒသမ ၅၄ ရာခိုင်နှုန်းနဲ့ ပထမ၊ မန္တလေးတိုင်းက ၃၆ ဒသမ ၁၃ ရာခိုင်နှုန်းနဲ့ ဒုတိယ၊ စစ်ကိုင်းတိုင်း ၃၄ ဒသမ ၁၅ ရာခိုင်နှုန်းနဲ့ တတိယ အသီးသီးရရှိခဲ့ပြီး ချင်းပြည်နယ်ကတော့ မြန်မာတနိုင်ငံလုံးမှာ ၁၉ ဒသမ ၅၉ ရာခိုင်နှုန်းသာ အောင်မြင်ခဲ့တာ ဖြစ်လို့ အောင်ချက် အနည်းဆုံး ဖြစ်သွားခဲ့တာပါ။ ဒီနှစ်ရဲ့ တက္ကသိုလ်ဝင်တန်း စာမေးပွဲမှာတော့ မြန်မာနိုင်ငံတစ်ခုလုံး အတိုင်းအတာ အနေနဲ့ ဖြေဆိုသူ ၈ သိန်းကျော်မှာ ၂၆၀၀၀၀ ကျော် အောင်မြင်ခဲ့ပြီး၊ ရာခိုင်နှုန်းအားဖြင့် ၃၁ ဒသမ ၄၄ ရာခိုင်နှုန်း အောင်မြင်ခဲ့တာပါ။ ၂၀၁၈-၂၀၁၉ ခုနှစ် မတ်လအတွင်းမှာ ကျင်းပစစ်ဆေးခဲ့တဲ့ တက္ကသိုလ်ဝင် စာမေးပွဲအောင်စာရင်းတွေကို ဒီနေ့ ထုတ်ပြန်ကြေညာခဲ့ပါတယ်။
2 years Ago
More News
Up