တက္ကသိုလ်ဝင်ခွင့်လိမ်လည်မှု

March 13, 2019

အမေရိကန်တွင် တက္ကသိုလ်ဝင်ခွင့် လိမ်လည်မှုဖြင့် လူအယောက် ၅၀ ကို တရားစွဲ

အမေရိကန်ပြည်ထောင်စု အစိုးရရှေ့နေတွေက အမေရိကန်တက္ကသိုလ်ဝင်ခွင့် လိမ်လည်မှုနဲ့ ပတ်သက်ပြီး လူအယောက် ၅၀ ကို တရားစွဲလိုက်ပါတယ်။ နာမည်ကျော် အမေရိကန်မင်းသမီးနှစ်ဦး အပါအဝင် အမှုဆောင်အရာရှိချုပ်တွေနဲ့ တခြား ချမ်းသာကြွယ်ဝသူတွေရဲ့ သားသမီးတွေကို ယေးလ် (Yale)၊ စတန်းဖို့ဒ် (Stanford) နဲ့ ဂျော့ခ်ျတောင်း (Georgetown) စတဲ့ အဆင့်မြင့်တက္ကသိုလ်တွေမှာ ဝင်ခွင့်ရဖို့ လိမ်လည်ခဲ့တဲ့  အရှုပ်တော်ပုံ ဖြစ်ပါတယ်။ ဘော့စတွန်မြို့ ပြည်ထောင်စုအစိုးရရှေ့နေတွေက Edge College & Career Network ကုမ္ပဏီရဲ့ စီအီးအို အသက် ၅၈ နှစ်အရွယ် ဝီလျံရစ်ခ်ဆင်ဂါကို တက္ကသိုလ်ဝင်ခွင့် လိမ်လည်ပေးတဲ့ ပြစ်မှုနဲ့ တရားစွဲလိုက်တာပါ။ အဲဒီဖြစ်ရပ်ဟာ အမေရိကန်နိုင်ငံမှာ အကြီးမားဆုံး ပညာရေးဆိုင်ရာ လိမ်လည်မှု အရှုပ်တော်ပုံ တခုလို့လည်း အစိုးရရှေ့နေတွေက ပြောပါတယ်။ ရစ်ခ်ဆင်ဂါဟာ အလုပ်လာအပ်သူတွေရဲ့ သားသမီးတွေကို တက္ကသိုလ်ဝင်ခွင့်အတွက်  ဗန်းပြ စာမေးပွဲစစ်တာတွေ စီစဉ်ပေးခဲ့တဲ့အပြင် အဲဒီကျောင်းသားတွေကို ဝင်ခွင့်ရစာရင်းထဲ ထည့်ပေးဖို့ နည်းပြတွေကိုလည်း လာဘ်ထိုးခဲ့ပါတယ်။ အဲဒီလို တရားမဝင် ဝန်ဆောင်မှုအတွက် မိဘတွေက ကျောင်းသားတယောက်ဆီတိုင်း အတွက် အနည်းဆုံး အမေရိကန်ဒေါ်လာတသိန်းကနေ အများဆုံး အမေရိကန်ဒေါ်လာ နှစ်သန်းခွဲအထိ ပေးရပါတယ်။ ပြည်ထောင်စုအစိုးရရှေ့နေတွေက ရစ်ခ်ဆင်ဂါကို တရားမဝင် အသက်မွေးဝမ်းကြောင်းမှု၊ ငွေကြေးခဝါချမှု၊ တရားမျှတမှုကို တားဆီးပိတ်ပင်မှု စတဲ့ပြစ်မှုတွေနဲ့ တရားစွဲခဲ့ပါတယ်။ အဲဒီအရှုပ်တော်ပုံနဲ့ ဆက်နွှယ်သူတွေအပြင် ကျောင်းသားမိဘတွေနဲ့ နည်းပြဆရာတွေကိုလည်း တရားစွဲခဲ့ပါတယ်။
2 years Ago
Up