တက္ကဆက်

June 6, 2019

တက္ကဆက်တွင် ရဲလက်မှထွက်ပြေးသည့်ကား မြောင်းထဲထိုးကျ၊ ရွှေ့ပြောင်း ၆ ဦးသေဆုံး

အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ်မှာ ဇွန်လ ၅ ရက်နေ့က ရဲကားလက်က လွတ်အောင် ထွက်ပြေးရင်း ကားတစီး လမ်းဘေးမြောင်းထဲ ထိုးကျပြီး အထောက်အထားမဲ့ ရွှေ့ပြောင်းသူ ၆ ယောက် သေဆုံးခဲ့ပါတယ်။ အဲဒီ ထွက်ပြေးလာတဲ့ SUV ကားပေါ်မှာ ဂွါတီမာလာ၊ ဟွန်ဒူးရပ်စ်၊ အယ်လ်ဆာဗေဒိုနဲ့ မက္ကဆီကိုနိုင်ငံတွေက အထောက်အထားမဲ့ ရွှေ့ပြောင်းလာသူ ဒါဇင်နဲ့ချီပါလာပြီး ၅ ယောက် ပြင်းပြင်းထန်ထန် ဒဏ်ရာရတယ်လို့ ရဲက ဆိုပါတယ်။ အဲဒီကားဟာ ဇွန်လ ၄ ရက်နေ့ ညက ကောပတ်စ် ခရစ္စတီမြို့အနောက်ဘက် မိုင် ၂၀ အကွာ မီးပွိုင့်ကို ဖြတ်မောင်းတဲ့ကားနဲ့ တစီးတည်းလို့ ယုံကြည်ရတယ်ဆိုပြီး ရဲတပ်ဖွဲ့က ပြောပါတယ်။ အဲဒီ SUV ကားဟာ ကားလမ်းမပေါ်ကနေ ဝါခင်းထဲ မောင်းပြေးပြီးနောက် ရဲက လိုက်ဖမ်းတာကို ရပ်ခဲ့ပါတယ်။ အဲဒီနောက်မှာတော့ အနီးဝန်းကျင် ဖြတ်သွားဖြတ်လာတွေက ဒဏ်ရာရသူတွေ လမ်းပေါ်လျှောက်သွားနေတယ်ဆိုပြီး ရဲကို အကြောင်းကြားမှ မြောင်းထဲ ကားထိုးကျပြီး ပျက်စီးသွားခဲ့တာကို ရဲက သိခဲ့ပါတယ်။ ကားမောင်သူ ထွက်ပြေးသွားတယ်လို့ ရဲက ယုံကြည်ပြီး သေဆုံးသူအားလုံးဟာ အယ်လ်ဆာဗေဒိုနိုင်ငံသားတွေ ဖြစ်တယ်လို့ ဒေသမီဒီယာက ဖော်ပြပါတယ်။
3 years Ago

May 22, 2019

တက္ကဆက်နှင့် မစ္စစ္စပီတောင်ကြားရှိ ပြည်သူများ ဆိုးရွားသည့်ရာသီဥတုနှင့် ရင်ဆိုင်နေရ

အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ် အလယ်ပိုင်းကနေ မစ္စစ္စပီတောင်ကြားအထိ ပြည်သူတွေဟာ  မေလ ၁၉ ရက်နေ့က ဆိုးရွားတဲ့ ရာသီဥတု အခြေအနေနဲ့ ဆက်လက်ကြုံတွေ့နေရပါတယ်။ အဲဒါကတော့ မုန်တိုင်းဝင်တဲ့ မေလ ၁၈ ရက်နဲ့ ၁၉ ရက်နေ့က လေပြင်းတိုက်တာ၊ မိုးသီးကြီးတွေ ကြွေတာနဲ့ လေဆင်နှာမောင်း တိုက်တာတွေ ကြုံတွေ့ရတာပါ။ မေလ ၁၈ ရက် ညကနေ ၁၉ ရက်နေ့အထိ အိုကလားဟိုးမားနဲ့ တက္ကဆက်ပြည်နယ်တွေမှာ လေဆင်နှာ်မောင်း ၁၁ ခုထက်မနည်း တိုက်ခဲ့တယ်လို့ မိုးလေဝသဌာနက ထုတ်ပြန်ပါတယ်။ တက္ကဆက်ပြည်နယ် ဘာလင်ဂျာမြို့က လေဆင်နှာ်မောင်းကြောင့် လူတယောက် ထိခိုက်ဒဏ်ရာရတယ်လို့ မိုးလေဝသဌာနက ဆိုပါတယ်။ လူဝီစီယားနားပြည်နယ် အီဗန်ဂလင်းနယ်မှာတော့ ပြင်းထန်တဲ့ မိုးကြိုးမုန်တိုင်းတွေကြောင့် နေအိမ်နဲ့ လုပ်ငန်း သုံးပုံတပုံခန့် လျှပ်စစ်မီးပြတ်တောက်ပြီး အဆောက်အဦတွေ ပျက်စီးခဲ့ပါတယ်။ တချိန်တည်းဆိုသလို တောင်ဒါကိုတာ၊ ဝီလ်ကွန်ဆင်နဲ့ မစ်ဇူရီပြည်နယ်တွေ အပါအဝင်  အမေရိကန် အနောက်အလယ်ပိုင်း လွင်ပြင်တွေမှာ မေလ ၂၁ ရက်နေ့အထိ မိုးဆက်ရွာမယ်လို့ မျှော်လင့်ရပါတယ်။
3 years Ago
More News
Up