ထိုင်းနိုင်ငံ ဘန်ကောက်မှာ ကမ္ဘာလှည့်တဦးထံကနေ တက္ကစီခ အဆမတန် ပိုယူတဲ့ ယာဉ်မောင်း တဦးကို သက်ဆိုင်ရာက မတ်လ ၂၉ ရက်နေ့ မနက်မှာ ခေါ်ယူစစ်ဆေးပြီး ဒဏ်ငွေ ဘတ် ၃၀၀၀ တပ်တဲ့အပြင် ယာဉ်မောင်း လိုင်စင်ပါ သိမ်းဆည်းလိုက်ပါတယ်။
နိုင်းဖိဖတ်ဖုန်း အမည်ရှိ တက္ကစီဒရိုင်ဘာဟာ ဆွီဇာလန်နိုင်ငံသား တဦးဆီကနေ သုဝဏ္ဏ ဘုမ္မိ အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ဘန်ကောက်မြို့ ဆာထောင်းန်နယ်မြေ ဒဗလျူဟိုတယ်အထိ တက္ကစီခ ဘတ်ငွေ ၆ ထောင်ယူဆောင်ကြောင်း ထင်ရှားတဲ့အတွက် ငွေဒဏ် ၃ ထောင်နဲ့အတူ ယာဉ်မောင်းလိုင်စင်ပါ သိမ်းဆည်းလိုက်တယ်လို့ ဘန်ကောက်ခရိုင် ကုန်းလမ်းသယ်ယူ ပို့ဆောင်ရေးဦးစီးဌာန စစ်ဆေးမှုဆိုင်ရာညွှန်ကြားရေးမှူး နိုင်းဆုခ်လီ ကျာလွန်းဖွန်းက ဒေးလီး နယူးစ် သတင်းဌာနကို ပြောပါတယ်။
နိုင်းဖိဖတ်ဖုန်းကတော့ သူဟာ အဆိုပါနိုင်ငံခြားခရီးသည်ကို တက္ကစီခ ဘတ် ၆၀၀ ပဲ ဘောက်ချာရေးပြီး တောင်းခံခဲ့ကြောင်း၊ နိုင်ငံခြားသားမှ မှားယွင်းပြီး ဘတ် ၆ ထောင်ပေး ခဲ့တာဖြစ်ကြောင်း၊ အဲဒီကိစ္စ လေဆိပ်တက္ကစီဝန်ဆောင်ဌာန ဦးစီးမှူးက ခေါ်တွေ့တဲ့အတွက် ဘတ် ၅၄၀၀ ကို ပြန်ပေးခဲ့ပြီလို့ ကညနညွှန်မှူးကို ပြောပါတယ်။
ဒါပေမယ့် ကညနညွှန်မှူးကတော့ ပုံမှန်အားဖြင့် တက္ကစီခပိုယူရင် ယာဉ်မောင်းလိုင်စင် ၃ လပဲ ရပ်နားခံရမှာဖြစ်ပေမယ့် ဒါဟာ နိုင်ငံတော်ရဲ့ ခရီးသွားလုပ်ငန်းပုံရိပ်ကို ထိခိုက်စေတဲ့အတွက် ယာဉ်မောင်းလိုင်စင် သိမ်းဆည်းရတာလို့ ပြောပါတယ်။
ဆွီဇာလန်နိုင်ငံသားတဦးနဲ့ အဖော်ဖြစ်သူတို့ဟာ ထိုင်းနိုင်ငံကို ပထမဆုံး အကြိမ်ရောက်ရှိခဲ့ တာဖြစ်ပြီး သူတို့အနေနဲ့ တက္ကစီခဈေးကြီးတဲ့အပေါ် တိုင်ကြားခြင်းမရှိပေမယ့်လည်း ဒီဖြစ်ရပ်ကို သိတဲ့ ထိုင်းလူမျိုးတဦးက လူမှုကွန်ရက်ပေါ်တင်လိုက်တာကြောင့် သတင်းပျံ့နှံ့ပြီး သက်ဆိုင်ရာက ခေါ်ယူဖြေရှင်းခဲ့တာ ဖြစ်ပါတယ်။
5 years Ago