တက်ပလက်

August 14, 2015

အမြတ်စံချိန်တင် ထိုးကျခဲ့မှုကြောင့် လီနိုဗို လုပ်သားအင်အား လျှော့ချမည်

ကမ္ဘာ့အကြီးဆုံး တကိုယ်ရေသုံး ကွန်ပျူတာထုတ်လုပ်သူ လီနိုဗို (Lenovo) ဟာ လက်ရှိ ဘဏ္ဍာရေး ၃ လပတ် အမြတ်စံချိန်တင် ထိုးကျခဲ့ပြီး ကမ္ဘာတ၀န်း လုပ်သားအင်အား လျှော့ချမယ်လို့ သြဂုတ် ၁၃ ရက်နေ့က ထုတ်ပြန်ပါတယ်။ လက်ရှိ ဘဏ္ဍာရေး ၃ လပတ်ဟာ အရင်နှစ် ၃ လပတ်နဲ့စာရင် အမြတ် ၅၁ ရာခိုင်နှုန်း ကျဆင်းသွားပြီး အမေရိကန်ဒေါ်လာ ၁၀၅ သန်း ဆုံးရှုံးခဲ့ပါတယ်။ ကမ္ဘာတ၀န်း လီနိုဗိုကုမ္ပဏီစက်ရုံတွေက ထုတ်လုပ်တဲ့ ကွန်ပျူတာနဲ့ တက်ပလက်အရောင်း ကျဆင်းခဲ့တာဖြစ်ပြီး နိုင်ငံတကာ စမတ်ဖုန်း  (Smart Phone) ဈေးကွက်ပြိုင်ဆိုင်မှု ပြင်းထန်လာတာကို ပြသနေတယ်လို့ ဆိုပါတယ်။ ဒါကြောင့် လာမယ့် ၂၀၁၅ လက်ကျန်လတွေမှာ အမေရိကန်ဒေါ်လာ သန်း ၆၅၀ အရှုံးကို ကာကွယ်နိုင်ဖို့ လုပ်သားအင်အား ၁၀ ရာခိုင်နှုန်းဖြစ်တဲ့ ကမ္ဘာတ၀န်းက ထုတ်လုပ်ရေးဝန်ထမ်း ၃၂၀၀ လောက် လျှော့ချသွားဖို့ စီစဉ်နေတယ်လို့ ပြောဆိုပါတယ်။ အခုနှစ်တွေအတွင်း စမတ်ဖုန်းဈေးကွက် ပြိုင်ဆိုင်မှု ပြင်းထန်လာတဲ့အတွက် ဒီ စမတ်ဖုန်း ထုတ်လုပ်မှုကိုလည်း ပြန်ပြီး တည်ဆောက်ရမယ်လို့ စီအီးအိုက ပြောဆိုပါတယ်။ ပြီးခဲ့တဲ့နှစ်ကလည်း ဒီ စမတ်ဖုန်းဈေးကွက်မှာ နေရာရရှိဖို့ ဂူဂယ်လ်ကနေ မော်တော်ရိုလာကို အမေရိကန်ဒေါ်လာ ၂ ဒသမ ၉ ဘီလီယံနဲ့ ၀ယ်ယူခဲ့ပါသေးတယ်။
6 years Ago

July 31, 2015

စမတ်ဖုန်းများအတွက် ဖယောင်းတိုင်မီးဖြင့် အားသွင်းနိုင်သည့်စက် (ရုပ်သံ)

အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်က အီလက်ထရောနစ် ကုမ္ပဏီတခုက ဖယောင်းတိုင်မီးကနေ စမတ်ဖုန်းနဲ့ တက်ပလက်တွေအတွက် အားသွင်းစက် ချာချာတခုကို ထုတ်လုပ်လိုက်ပါတယ်။ ၁၈၀၀ ပြည့်နှစ်တွေကတည်းက ရှိလာခဲ့တဲ့ အပူပေး လျှပ်စစ်ထုတ်နည်းပညာကို အခြေခံ ထုတ်လုပ်တယ်လို့ ဘက်ထရီအားသွင်းစက်လေးကို ထုတ်လုပ်ခဲ့တဲ့ Stower ကုမ္ပဏီကို တွဲဖက်ထူထောင်သူ အန်ဒရူး ဘန်းစ် (Andrew Burns) က ပြောပါတယ်။ "အပူနဲ့အအေး တိုက်ဆိုင်မှုကနေ ထွက်လာတဲ့ လျှပ်စစ်စွမ်းအင်ပါပဲ။ ဖယောင်းတိုင်ကို မီးထွန်းလိုက်မယ်။ ဒီချာချာထဲကို ရေထည့်လိုက်မယ်။ ဒါဆိုရင် အားသွင်းစက်လေး ဖြစ်သွားပါပြီ။" ထွက်လာတဲ့ လျှပ်စစ်ဓါတ်အားဟာ ၂ ၀ပ်၊ ၃ ၀ပ်လောက်ရှိတဲ့အတွက် USB က ထွက်တဲ့အားနဲ့ တူညီပြီး စမတ်ဖုန်းတွေနဲ့ တက်ပလက်တွေကို အဆင်ပြေတဲ့ ဓာတ်အား ဖြစ်ပါတယ်။ စမတ်ဖုန်းတွေဟာ အသုံးဝင်သလောက် သူတို့အတွက် လိုအပ်တဲ့ လျှပ်စစ်ဓာတ်အားဟာ နည်းတဲ့အတွက် အခုလို အဆင်ပြေတာပဲဖြစ်တယ်လို့ ဘန်းစ်က ပြောပါတယ်။ တောတွင်း ညအိပ်အပျော်ခရီး ထွက်သူတွေအတွက်လည်း ပိုအဆင်ပြေအောင် ထင်းမီးပုံကနေ အားသွင်းနိုင်မယ့် ချာချာတခုကိုလည်း ကုမ္ပဏီက စမ်းသပ်ထုတ်လုပ်ထားတယ်လို့လည်း ပြောပါတယ်။ လောလောဆယ် ဂွာတီမာလာနိုင်ငံလို ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ ထင်းမီးဖိုကနေ လျှပ်စစ်ဓာတ်အားထုတ်နိုင်တဲ့ ပစ္စည်းတခုကိုလည်း ထုတ်လုပ်နေတဲ့အတွက် လျှစ်စစ်ဓာတ်အားမရှိတဲ့ နေရာတွေမှာ မီးဖိုသေးသေးလေးရှိရုံနဲ့ ထူးထူးခြားခြား အကျိုးရှိစေမှာ ဖြစ်တယ်လို့ ဘန်းစ်က ပြောပါတယ်။
7 years Ago
Up