အာဖဂန်နစ္စတန်နိုင်ငံက တာလီဘန် စစ်သွေးကြွတွေဟာ ဓားစာခံအဖြစ် ၃ နှစ်ကျော်ကြာ ဖမ်းထားတဲ့ အမေရိကန်နဲ့ သြစတြေးလျ တက္ကသိုလ် ပါမောက္ခတွေကို နိုဝင်ဘာ ၁၉ ရက်က ပြန်လွှတ်ပေးလိုက်တယ်လို့ အာဖဂန် အစိုးရ အရာရှိတွေက ပြောပါတယ်။
ဒါကြောင့် နှောင့်နှေးနေတဲ့ အကျဉ်းသား ဖလှယ်ရေး အစီအစဉ် အဆုံးသတ်သွားပြီး ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ ပြန်စဖို့ မျှော်လင့်ချက် မြင့်တက်ခဲ့ပါတယ်။
အမေရိကန် နိုင်ငံသား ကီဗင်ကင်းနဲ့ သြစတြေးလျနိုင်ငံသား တင်မိုသီဝိခ်စ်တို့ဟာ သူတို့ ပါမောက္ခအဖြစ် အလုပ်လုပ်ရာ ကဘူးမြို့တော်က အမေရိကန်တက္ကသိုလ် အပြင်ဘက်မှာ ၂၀၁၆ သြဂုတ်လက ပြန်ပေးဆွဲခံခဲ့ရပါတယ်။
အဲဒီနောက် ကာလကြာရှည် နှောင့်နှေးနေတဲ့ အကျဉ်းသား ဖလှယ်ရေး အစီအစဉ်အတွင်း တာလီဘန် စစ်ဦးစီးမှူး သုံးယောက်ကို ပြန်လွှတ်ပေးဖို့ အပြန်အလှန်အနေနဲ့ သူတို့ နှစ်ယောက်ကို ပြန်လွှတ်ပေးခဲ့တာလို့ အာဖဂန် အရာရှိတွေက ပြောပါတယ်။
ပါမောက္ခ နှစ်ယောက် ဘေးကင်းကင်း လွတ်လာပြီး ခုတော့ စောင့်ရှောက်မှု ခံယူနေတယ်လို့ အမည်မဖော်လိုသူ အာဖဂန် အကြီးတန်း အရာရှိတယောက်က ပြောကြားလိုက်ပြီး အသေးစိတ် အချက်အလက်တွေကိုတော့ မပြောပါဘူး။
အစ္စလာမစ် စစ်သွေးကြွ တာလီဘန်တွေနဲ့ တိုက်ရိုက် ဆွေးနွေးနိုင်ရေး သေချာစေဖို့ သော့ချက်အဖြစ် အကျဉ်းသား ဖလှယ်ရေး အစီအစဉ်ကို ဆောင်ရွက်ဖို့ အာဖဂန် အစိုးရက ဆုံးဖြတ်ခဲ့ပါတယ်။
တာလီဘန်တွေကတော့ အာဖဂန် အစိုးရကို အမေရိကန်ရဲ့ ရုပ်သေးအစိုးရလို့ ခေါ်ပြီး တိုက်ရိုက် စေ့စပ်ညှိနှိုင်းဖို့ အခုထိ ငြင်းနေဆဲပါ။ ၁၈ နှစ်ကြာ အာဖဂန် ပြည်တွင်းစစ်ကို အဆုံးသတ်ရေး ရည်မှန်းထားတဲ့ အမေရိကန်နဲ့ တာလီဘန်တွေကြား ဆွေးနွေးပွဲဟာ စက်တင်ဘာလက ပျက်သွားခဲ့ပါတယ်။
3 years Ago