တက္ကသိုလ် ဆရာများနှင့်ကျောင်းသား

June 28, 2020

တကျော့ပြန် ကိုရိုနာကြောင့် ပေကျင်းတက္ကသိုလ် ဆရာများနှင့်ကျောင်းသားများကို ဆေးစစ်

တရုတ်နိုင်ငံမြို့တော်ပေကျင်းမှာ ကိုရိုနာဗိုင်းရပ်စ် တကျော့ပြန် ကူးစက်နေလို့ ဇွန်လ ၂၇ ရက်က  တက္ကသိုလ်ဆရာတွေနဲ့ ကျောင်းသားတွေ အများအပြားကို ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရမှု ရှိ ၊ မရှိ စစ်ဆေးနေပါတယ်။  စစ်ဆေးမှုတွေမှာ ဆေးတက္ကသိုလ် ၂၀ လောက်က လူတွေက ပါဝင်ကူညီခဲ့ကြပါတယ်။ ပေကျင်းတက္ကသိုလ်တွေ၊ ကောလိပ်တွေနဲ့ကျောင်းတွေမှာ ကျောင်းသားအားလုံးနဲ့ ဝန်ထမ်း တွေ အားလုံးကို စစ်ဆေးသွားမှာပါ။ လက်ရှိ စစ်ဆေးပေးရမယ့် အရေအတွက်က လူ ၁ သိန်းလောက်ရှိပါတယ်။  ဒီထဲက ၇၀ ရာခိုင်နှုန်းက ဆရာတွေ ဖြစ်ပြီး ကျောင်းသားအများစုကတော့ ကျောင်းပြန်တက်မယ့်သူတွေ ဖြစ်ပါတယ်။  ပေကျင်းမြို့တော်မှာ ရှင်ဖာဒီလက်ကားဈေးကြီးထဲ ဇွန်လ ၁၁ ရက်က ကိုဗစ်-၁၉ အတည်ပြုလူနာတွေ တအုပ်စုတည်း စတွေ့ရပြီးနောက်  မြို့တော်နေ ပြည်သူအားလုံးကို ဆေးစစ်ဖို့ ပြင်ဆင်ခဲ့တယ်လို့ ရိုက်တာသတင်းက ဖော်ပြပါတယ်။ တရုတ်နိုင်ငံမှာ ဒီနေ့မနက်ပိုင်းအထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၈၃၅၀၀ ဦးနဲ့သေဆုံးသူ ၄၆၃၄ ဦးရှိတယ် worldometers ဝက်ဆိုက်မှာ ဖော်ပြထားပါတယ်။
11 months Ago
Up