တက္ကသိုလ်ဝင်စာမေးပွဲ

August 9, 2020

တက္ကသိုလ်ဝင်စာမေးပွဲ အကျဉ်းထောင်အသီးသီးက ၁၀၈ ဦးအောင်မြင်၊ ဂုဏ်ထူးရသူ ၇၈ ဦးရှိ

တနိုင်ငံလုံးက အကျဉ်းထောင်တွေကနေ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုသူတွေထဲမှာ ၄ ဘာသာနဲ့ ၃ ဘာသာ ဂုဏ်ထူးရှင် ၁၂  ယောက်အပါအဝင် ဂုဏ်ထူးရသူ ၇၈ ယောက်ရှိပြီး စုစုပေါင်းအောင်မြင်သူ ၁၀၈ ယောက်ရှိပါတယ်။ အခုနှစ်မှာ တနိုင်ငံလုံး အကျဉ်းထောင် ၁၁ ခုက အကျဉ်းသား ၁၆၂ ယောက်၊ အကျဉ်းသူ ၁၃ ယောက်၊ အချုပ်သား ၂ ယောက်၊ အချုပ်သူ ၁ ယောက်၊ စုစုပေါင်း ၁၇၈ ယောက် ဝင်ရောက် ဖြေဆိုခဲ့ကြတာပါ။ ပညာရေးဝန်ကြီးဌာန ထုတ်ပြန်ချက်မှာတော့ အကျဉ်းဦးစီး စာဖြေဌာနတွေကနေ ဝင်ရောက်ဖြေဆိုသူ ၁၉၂ ယောက်မှာ ၁၁၃ ယောက် အောင်မြင်တယ်လို့ ဆိုပါတယ်။ အကျဉ်းဦးစီးဌာန ပြောရေးဆိုခွင့်ရှိသူ ဒုညွှန်မှူး ဦးရဲရင့်နိုင်က “တချို့က ဖြေနေရင်း လွတ်သွားတာရှိတော့ ကျနော်တို့က မြေပြင်က စာရင်းကိုပဲယူတာပါ။ ပညာရေးကတော့ ကျနော်တို့ဆီက စာရင်းတင်ခဲ့တဲ့အတိုင်း ထုတ်ပြန်တာပေါ့” လို့ ပြောပါတယ်။ အောင်မြင်သူတွေထဲမှာ ၄ ဘာသာ ဂုဏ်ရှင် ၁ ယောက်၊ ၃ ဘာသာ ဂုဏ်ထူးရှင် ၁၁ ယောက်၊ ၂ ဘာသာ ဂုဏ်ထူးရှင် ၂၈ ယောက်နဲ့ ၁ ဘာသာ ဂုဏ်ထူးရှင် ၃၈ ယောက် ပါဝင်ပါတယ်။ ၄ ဘာသာ ဂုဏ်ထူးရှင်ဟာ အင်းစိန်ထောင်ကနေ ဖြေဆိုခဲ့တဲ့ အကျဉ်းသားဖြစ်ပြီး အကျဉ်းသူတွေထဲမှာ ၂ ဘာသာ ဂုဏ်ထူးရှင် ၃ ယောက်နဲ့ ၁ ဘာသာ ဂုဏ်ထူးရှင် ၄ ယောက်ပါတယ်လို့ ဦးရဲရင့်နိုင်က ပြောပါတယ်။ အကျဉ်းသူ အချုပ်သူ ၁၄ ယောက်ဖြေတာမှာ ၈ ယောက် အောင်မြင်ပြီး ၇ ယောက်က ဂုဏ်ထူးနဲ့ အောင်ကြတာပါ။ မနှစ်ကထက် ဖြေဆိုသူများလာခဲ့ပြီး အောင်မြင်တဲ့ ရာခိုင်နှုန်းကတော့ ၆၀ ဒသမ ၆၇ ရာခိုင်နှုန်းဖြစ်ပါတယ်။ ဒါဟာလည်း အရင်နှစ်တွေထက် အောင်ချက်ရာခိုင်နှုန်း တက်လာတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်ကတော့ ဖြေသူဆို ၁၇၁ ယောက်ရှိခဲ့ပြီး ၃ ဘာသာ ဂုဏ်ထူး ၄ ယောက်၊ ၂ ဘာသာဂုဏ်ထူး ၁၆ ယောက်၊ တဘာသာဂုဏ်ထူး ၂၁ ယောက်၊ ရိုးရိုးအောင်သူ ၅၃ ယောက်ရှိပါတယ်။ မနှစ်က အကျဉ်းထောင် ၉ ခုကနေ ဝင်ရောက်ဖြေဆိုခဲ့ကြပြီး ဒီနှစ်မှာတော့ ၁၁ ခုကနေ ဝင်ရောက်ဖြေဆိုကြပေမယ့် အင်းစိန်၊ မန္တလေး၊ တောင်ငူနဲ့ ကသာထောင်တို့ကပဲ အောင်မြင်ခဲ့ကြပါတယ်။ အင်းစိန်ထောင်က ဖြေဆိုသူ ၈၅ ယောက်မှာ ၅၈ ယောက် အောင်မြင်ပြီး ၄ ဘာသာ ဂုဏ်ထူး ၁ ယောက်၊ ၃ ဘာသာဂုဏ်ထူး ၃ ယောက်၊ ၂ ဘာသာဂုဏ်ထူး ၆ ယောက်နဲ့ ၁ ဘာသာဂုဏ်ထူး ၂၄ ယောက် ရှိပါတယ်။ မန္တလေး အိုးဘိုထောင်က ၆၉ ယောက်ဖြေတာမှာ ၄၈ ယောက်အောင်မြင်ပြီး ၃ ဘာသာဂုဏ်ထူး ၈ ယောက်၊ ၂ ဘာသာဂုဏ်ထူး ၂၂ ယောက်၊  တဘာသာဂုဏ်ထူး ၁၄ ယောက်ရှိပါတယ်။ တောင်ငူထောင်နဲ့ ကသာထောင်တို့ကတော့ ၁ ယောက်စီပဲ ရိုးရိုးအောင်ခဲ့ကြပါတယ်။
1 year Ago

တက္ကသိုလ်ဝင်စာမေးပွဲတွင် ကျောင်းသားထက် ကျောင်းသူ အောင်ချက် ပိုကောင်း

ဒီနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်ကြသူတွေမှာ အပြင်ဖြေသူတွေက ပိုအောင်ကြပြီး ကျောင်းသူတွေကလည်း ကျောင်းသားတွေထက် အောင်ချက် ပိုကောင်းကြပါတယ်။ ကျောင်းတွင်းဖြေဆိုသူတွေထဲက ၂၈ ရာခိုင်နှုန်းကျော်ပဲ အောင်မြင်ကြပြီး အပြင်ဖြေသူတွေထဲက ၃၉ ရာခိုင်နှုန်းလောက် အောင်မြင်ကြတာပါ။ ဒီနှစ်မှာ ကျောင်းတက်ပြီး ဖြေဆိုသူ ၅ သိန်း ၇ သောင်းကျော်ရှိပြီး ပြင်ပကနေ ဖြေဆိုသူ ၃ သိန်း ၄ သောင်းလောက် ရှိပါတယ်။ စစ်ကိုင်းတိုင်းမှာ ပြင်ပဖြေဆိုသူ ၅၀၈၈၅ ယောက်နဲ့ အများဆုံးဖြစ်ပြီး မန္တလေးတိုင်းမှာ ၅၀၈၄၀ နဲ့ ဒုတိယအများဆုံးဖြစ်ပါတယ်။ ကျောင်းတက်ဖြေဆိုသူတွေရော ပြင်ပကနေ ဖြေဆိုသူတွေပါ ဝိပ္ပံဘာသာတွဲကို အများဆုံးယူကြပေမယ့် သိပ္ပံဘာသာတွဲယူသူတွေက ဖြေဆိုသူရဲ့ ထက်ဝက်အောင်ကြတာကြောင့် အများဆုံးအောင်မြင်ခဲ့ကြပါတယ်။ စုစု‌ပေါင်းအနေနဲ့ သိပ္ပံဘာသာတွဲအောင်မြင်သူ ၅၂ ရာခိုင်နှုန်းကျော်၊ ဝိပ္ပံဘာသာတွဲအောင်မြင်သူ ၂၆ ရာခိုင်နှုန်းကျော်နဲ့ ဝိဇ္ဇာဘာသာတွဲအောင်မြင်သူ ၂၅ ရာခိုင်နှုန်းကျော်ရှိပါတယ်။ အောင်ချက်မှာကတော့ ပြင်ပဖြေဆိုသူတွေထဲမှာ မွန်ပြည်နယ်က ၄၂ ရာခိုင်နှုန်းကျော် အောင်မြင်ခဲ့လို့ အများဆုံးဖြစ်ပြီး ကျောင်းတွင်းဖြေဆိုသူတွေထဲမှာတော့ မန္တလေးတိုင်းက ၃၅ ရာခိုင်နှုန်းလောက်နဲ့ အများဆုံးဖြစ်ပါတယ်။ ဒီနှစ်ဖြေဆိုသူ စုစုပေါင်း ၉ သိန်း ၁ သောင်းကျော်မှာ ကျောင်းသူ ၅ သိန်း ၁ သောင်းကျော်ပါပြီး အောင်မြင်သူက ၁၇ သိန်းခွဲကျော်ရှိပါတယ်။ ကျောင်းသားကတော့ ၄ သိန်းလောက် ဖြေဆိုကြပြီး ၁ သိန်း ၁ သောင်းကျော် အောင်မြင်ကြပါတယ်။ ရာခိုင်နှုန်းကတော့ ကျောင်းသူ ၃၄ ရာခိုင်နှုန်းလောက်၊ ကျောင်းသားက ၃၀ ရာခိုင်နှုန်းလောက် အောင်မြင်ခဲ့တာပါ။
1 year Ago

တက္ကသိုလ်ဝင်စာမေးပွဲ မသန်စွမ်း ၅၀ ကျော် အောင်မြင်

အခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲမှာ မသန်စွမ်းသူပေါင်း ၂၀၀ ကျော်ဝင်ဖြေကြပြီး အယောက် ၅၀ ကျော် အောင်မြင်ခဲ့ပါတယ်။ ကိုယ်လက်အင်္ဂါမသန်စွမ်းသူ ၁၇၅ ယောက်၊ မျက်မမြင် ၃၁ ယောက်၊ ဆွံ့အနားမကြားသူ ၂၃ ယောက်၊ စုစုပေါင်း ၂၂၉ ယောက် ဝင်ရောက်ဖြေဆိုခဲ့ကြတာပါ။ ဒီထဲက ကိုယ်လက်အင်္ဂါမသန်စွမ်းသူ ၄၂ ယောက်၊ မျက်မမြင် ၁၂ ယောက် အောင်မြင်ကြပြီး အကြားအာရုံမသန်စွမ်းသူထဲကတော့ အောင်မြင်သူ မရှိပါဘူး။ ကျောင်းတွင်းဖြေဆိုသူပေါင်း ၁၅၆ ယောက်၊ အလွတ်ဖြေဆိုသူ ၇၉ ယောက်ရှိပြီး ကျောင်းတွင်းဖြေဆိုသူတွေထဲက ၃၇ ယောက် အောင်မြင်ခဲ့ပါတယ်။ ကရင်ပြည်နယ်ကလွဲလို့ ကျန်တဲ့ တိုင်းနဲ့ပြည်နယ်အားလုံးမှာ မသန်စွမ်းသူတွေ စာမေးပွဲဖြေခဲ့ကြပြီး ရန်ကုန်နဲ့ မန္တလေးတိုင်းမှာ အများဆုံးဖြစ်ပါတယ်။ အခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲမှာ နိုင်ငံခြားစာစစ်ဌာနတွေအပါအဝင် တနိုင်ငံလုံးမှာ ဖြေဆိုသူစုစုပေါင်း ၉ သိန်း ၁ သောင်းကျော်ရှိပြီး ၂ သိန်း ၉ သောင်းကျော် အောင်မြင်ခဲ့ပါတယ်။
1 year Ago

တက္ကသိုလ်ဝင်စာမေးပွဲ ဂုဏ်ထူးဖြင့်အောင်မြင်သူ ၆ သောင်းကျော်ရှိ၊ ရန်ကုန်တိုင်းက အများဆုံးဖြစ်

ဒီနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်ကြသူတွေထဲမှာ ဂုဏ်ထူးရသူပေါင်း ၆ သောင်းကျော်ရှိပြီး ရန်ကုန်တိုင်းမှာ အများဆုံးဖြစ်ပါတယ်။ တနိုင်ငံလုံးမှာ ဂုဏ်ထူးရသူပေါင်း ၆၁၃၇၅ ယောက်ရှိပြီး ၆ ဘာသာဂုဏ်ထူး ၇၉၇ ယောက်၊ ၅ ဘာသာဂုဏ်ထူး ၁၈၃၁ ယောက်၊ ၄ ဘာသာ ဂုဏ်ထူးရသူ ၂၉၇၆ ယောက်၊ ၃ ဘာသာ ဂုဏ်ထူးရသူ ၅၆၆၂ ယောက်၊ ၂ ဘာသာ ဂုဏ်ထူးရသူ ၁၂၉၅၇ ယောက်နဲ့ ၁ ဘာသာ ဂုဏ်ထူးရသူ ၃၇၁၅၂ ယောက်ရှိပါတယ်။ ရန်ကုန်တိုင်းထဲမှာ စာမေးပွဲဖြေဆိုသူ ၄၀၉၆၃ ယောက်ရှိပြီး ဂုဏ်ထူးရသူပေါင်းက ၁၁၇၄၁ ယောက်ရှိပါတယ်။ ဒီထဲမှာ ၆ ဘာသာဂုဏ်ထူးရသူက ၂၃၅ ယောက်ရှိတာကြောင့် တနိုင်ငံလုံးအနေနဲ့ဆိုရင် ဒုတိယအများဆုံးဖြစ်ပါတယ်။ မန္တလေးတိုင်းကတော့ ဂုဏ်ထူးရသူ စုစုပေါင်းမှာ တနိုင်ငံလုံးအနေနဲ့ တတိယအများဆုံး ဖြစ်ပေမယ့် ၆ ဘာသာဂုဏ်ထူးရသူ ၃၄၅ ယောက်ရှိတာကြောင့် အများဆုံးဖြစ်ပါတယ်။ စစ်ကိုင်းတိုင်းကတော့ ဂုဏ်ထူးရသူပေါင်း ၁၀၄၄၁ ယောက်ရှိတာကြောင့် ဒုတိယအများဆုံးဖြစ်ပြီး ၆ ဘာသာဂုဏ်ထူးရသူ ၄၅ ယောက်ပဲရှိလို့ တနိုင်ငံလုံးအနေနဲ့ တတိယအများဆုံးဖြစ်ပါတယ်။ ဧရာဝတီတိုင်းမှာ ၆ ဘာသာ ဂုဏ်ထူးရသူ ၄၉ ယောက်ရှိပြီး ဂုဏ်ထူးရသူပေါင်းက ၈၀၀၄ ယောက်ရှိပါတယ်။ ၆ ဘာသာဂုဏ်ထူးရသူမရှိတဲ့ ပြည်နယ်နဲ့တိုင်းတွေကတော့ ကယား၊ ချင်း၊ ရှမ်းပြည်နယ်အရှေ့ပိုင်းနဲ့ နိုင်ငံခြား စာစစ်ဌာနတို့ ဖြစ်ပါတယ်။ ဘာသာရပ်အလိုက် ဂုဏ်ထူးရကြတာမှာတော့ ဇီဝဗေဒဘာသာရပ်ကို ဂုဏ်ထူးရသူ ၃၂၃၁၁ ယောက်ရှိလို့ အများဆုံးဖြစ်ပြီး သင်္ချာဂုဏ်ထူးရသူ ၁၇၈၅၄ ယောက်၊ ဓာတုဗေဒ ဂုဏ်ထူးရသူ ၁၄၅၀၅ ယောက်ရှိပြီး အင်္ဂလိပ်စာကိုတော့ ဂုဏ်ထူးရသူ ၂၇၀၅ ယောက်ပဲ ရှိလို့ အနည်းဆုံးဖြစ်ပါတယ်။
1 year Ago

တက္ကသိုလ်ဝင်စာမေးပွဲတွင် ဒဂုံအထက ၁ ကျောင်းသူက အမှတ်အများဆုံးဖြစ် အောင်မြင်

ဒီနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်ကြသူတွေထဲမှာ ဒဂုံမြို့နယ် အထက ၁ ကျောင်းသူက ၅၅၂ မှတ်နဲ့ အများဆုံးဖြစ်ပါတယ်။ ဒုတိယအမှတ်အများဆုံးကတော့ ကမာရွတ် လေ့ကျင့်ရေးကျောင်းက ကျောင်းသူဖြစ်ပြီး အမှတ် ၅၅၀ ဖြစ်ပါတယ်။ သူတို့ဟာ သိပ္ပံဘာသာတွဲယူထားသူတွေဖြစ်ပြီး ၅၄၇ မှတ်ရသူ ၄ ယောက်ရှိတာကြောင့် သိပ္ပံတွဲ အမှတ်အများဆုံးရသူပေါင်း ၁၂ ယောက်ရှိပါတယ်။  ဒီထဲမှာ ရန်ကုန်ကျောင်းတွေက ၁၀ ယောက်၊ မန္တလေး ချမ်းအေးသာဇံကိုယ်ပိုင်ဘာသာရပ်သင် ကျောင်းက ၁ ယောက်နဲ့ မလှိုင်မြို့နယ်ကိုယ်ပိုင်ဘာသာရပ်သင် အထက်တန်းကျောင်းက ၁ ယောက်ပါပါတယ်။ အားလုံးဟာ ၆ ဘာသာ ဂုဏ်ထူးရသူတွေဖြစ်ပြီး ကျောင်းသူ ၈ ယောက်နဲ့ကျောင်းသား ၄ ယောက် ဖြစ်ပါတယ်။ ဝိပ္ပံဘာသာတွဲမှာတော့ ၅၁၆ မှတ်နဲ့ ဗိုလ်တထောင် အမှတ် ၅ အထက်တန်းကျောင်းသားက အမှတ်အများဆုံးဖြစ်ပြီး မြောင်းမြမြို့နယ် ကိုယ်ပိုင်ဘာသာရပ်သင်အထက်တန်းကျောင်းက ကျောင်းသားက ၅၁၂ မှတ်နဲ့ ဒုတိယ အများဆုံးဖြစ်ပါတယ်။ ဒီမှာလည်း ၄၉၅ မှတ်ရသူ ၄ ယောက်ရှိတာကြောင့် ဝိပ္ပံဘာသာတွဲ အမှတ်အများဆုံးရသူ ၁၁ ယောက်ရှိပါတယ်။ ဂုဏ်ထူးရသူအနေနဲ့ကတော့ ၆ ဘာသာဂုဏ်ထူး ၂ ယောက်၊ ၅ ဘာသာဂုဏ်ထူး ၆ ယောက်နဲ့ ၄ ဘာသာ ဂုဏ်ထူးရသူ ၄ ယောက်ဖြစ်ပါတယ်။ ဒီထဲမှာ ရန်ကုန်ကျောင်းတွေက ၃ ယောက်၊ မြောင်းမြ၊ မြိတ်နဲ့ မန္တလေး ကိုယ်ပိုင်ဘာသာရပ်သင် အထက်တန်းကျောင်းတို့က ကျောင်းသား ၁ ယောက်စီ၊ အင်္ဂပူ၊ ကျောက်ဖြူနဲ့ မင်းပြားမြို့နယ်ကျောင်းတွေက ၁ ယောက်စီနဲ့ ကြံခင်းနဲ့ မိတ္ထီလာက အလွတ်ဖြေသူ ၁ ယောက်စီ ဖြစ်ပါတယ်။ ဝိဇ္ဇာဘာသာတွဲမှာတော့ ကြံခင်းမြို့နယ်က ကျောင်းသားက အမှတ် ၅၂၀ နဲ့ အများဆုံးဖြစ်ပြီး ကြံခင်းက ကျောင်းသူတယောက်က ၄၉၈ မှတ်နဲ့ ဒုတိယ အများဆုံး ဖြစ်ပါတယ်။ ဂုဏ်ထူးရသူအနေနဲ့ကတော့ ၆ ဘာသာဂုဏ်ထူး ၁ ယောက်၊ ၅ ဘာသာဂုဏ်ထူး ၄ ယောက်၊ ၄ ဘာသာ ဂုဏ်ထူးရသူ ၃ ယောက်နဲ့ ၃ ဘာသာ ဂုဏ်ထူးရသူ ၁ ယောက်ရှိပါတယ်။ ကြံခင်းက ၂ ယောက်၊ ဂန့်ဂေါက ၂ ယောက်၊ ဟုမ္မလင်း၊ ဟိုပင်၊ ငါးအိုး၊ ပေါက်၊ မော်လိုက်နဲ့ မိုးညှင်းမြို့နယ်တို့က ၁ ယောက်စီ ဖြစ်ပါတယ်။  
1 year Ago
More News
Up