တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ

January 17, 2021

တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ အမှတ်စာရင်းများ အွန်လိုင်းက ကြည့်ရှုနိုင်ပြီ

၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ အမှတ်စာရင်းတွေကို အွန်လိုင်းကနေ ဒီနေ့ စပြီး ကြည့်ရှုနိုင်ပြီဖြစ်ပါတယ်။ ကျောင်းသူ ကျောင်းသားတွေအနေနဲ့ မိမိတို့ရဲ့ စာမေးပွဲဖြေဆိုခဲ့တဲ့ ခုံအမှတ်၊ မွေးသက္ကရာဇ်တွေကို မှန်မှန်ကန်ကန်ဖြည့်စွက်ပြီး https://mmexamscore.org အင်တာနက်ဝက်ဘ်ဆိုက်ကနေ ကြည့်ရှုနိုင်ပါတယ်။ ရုံးတွေမှာ အမှတ်စာရင်းထုတ်ပေးနိုင်မှာ  မဟုတ်ကြောင်းနဲ့ လာရောက် မလျှောက်ထားကြဖို့ ပညာရေးဝန်ကြီးဌာနက မေတ္တာရပ်ခံထားပြီး အမှတ်စာရင်းတွေ ထုတ်ပေးမယ့် အစီအစဉ်ကို  မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနက ကြိုတင်အသိပေးမယ်လို့ ထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့နှစ် ဩဂုတ်လတုန်းကလည်း တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းကို အွန်လိုင်းကနေတဆင့် ထုတ်ပြန်ခဲ့ပါတယ်။
9 months Ago

March 15, 2020

တနိုင်ငံလုံးတွင် စိတ်ကြိုက်မြန်မာစာ ဘာသာရပ် ဖြေဆိုသူ ၁၀ ဦးသာရှိ

မနေ့ မတ် ၁၄ ရက်က ကျင်းပတဲ့ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ စတုတ္ထနေ့ စိတ်ကြိုက်မြန်မာစာ ဘာသာရပ်ကို တနိုင်ငံလုံးမှာ ဖြေဆိုသူ ၁၀ ယောက် ရှိပါတယ်။ ကချင်နဲ့ ရခိုင်ပြည်နယ်၊ မန္တလေးနဲ့ ရန်ကုန်တိုင်းတို့မှာ ဖြေဆိုကြတာဖြစ်ပြီး မန္တလေးက စာရင်းပေးထားသူတယောက်ကတော့ ပျက်ကွက်ခဲ့ပါတယ်။ ကချင်ပြည်နယ်မှာ ၅ ယောက်၊ မန္တလေးတိုင်းမှာ ၂ ယောက်၊ ရခိုင်ပြည်နယ်မှာ ၁ ယောက်နဲ့ ရန်ကုန်တိုင်းမှာ ၂ ယောက် ဖြေဆိုခဲ့တာပါ။ အခုဖြေဆိုနေကြတဲ့ တက္ကသိုလ်ဝင်စာမေးပွဲမှာ လာမဖြေကြသူ ၆ သောင်းကျော် ရှိတယ်လို့ မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။ တက္ကသိုလ်ဝင်ခွင့် စာမေးပွဲကို ဖြေဆိုဖို့ စာရင်းပေးထားသူဦးရေဟာ ၉၇၁,၄၀၇ ယောက်ရှိပြီး ရန်ကုန်တိုင်းက ၁၃၅,၀၀၀ ကျော်နဲ့ အများဆုံးဖြစ်ပါတယ်။ နိုင်ငံခြားစာစစ်ဌာနတွေအပါအဝင် မြန်မာတနိုင်ငံလုံးမှာ စာစစ်ဌာနပေါင်း ၁,၉၉၉ ခုရှိပြီး ရန်ကုန်ပြည်သူဆေးရုံကြီးစာစစ်ဌာနမှာ ၇ ယောက်၊ မြောက်ဥက္ကလာပဆေးရုံကြီးမှာ ၉ ယောက်ရှိပြီး တနိုင်ငံလုံးမှာ ဆေးရုံစာဖြေသူ ၁၂၅ ယောက်ရှိပါတယ်။ အကျဉ်းထောင်နဲ့ အချုပ်ကျ စာဖြေသူ စုစုပေါင်း ၁၈၉ ယောက်ရှိပြီး တနိုင်ငံလုံးမှာ ကိုယ်အင်္ဂါမသန်စွမ်းသူ အယောက် ၁၇၀၊ အမြင်အာရုံမသန်စွမ်းသူ အယောက် ၃၀ နဲ့ အကြားအာရုံ မသန်စွမ်းသူ ၂၂ ယောက် ဖြေဆိုနေကြပါတယ်။
2 years Ago
Up