တကိုယ်တော် ပန်းချီပြပွဲ

January 25, 2022

“လွတ်မြောက်နယ်မြေ” အမည်ဖြင့် ကျားပေါက်တကိုယ်တော် ပန်းချီပြပွဲ ပြုလုပ်မည်

သီချင်းတွေ ရေး၊ ဆိုသလို ပန်းချီအနုပညာရှင်တယောက်လည်းဖြစ်တဲ့ အဆိုတော် ကျားပေါက်ရဲ့ တကိုယ်တော်ပန်းချီပြပွဲကို ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်မြို့မှာ ကျင်းပသွားဖို့ ရှိနေပါတယ်။

“လွတ်မြောက်နယ်မြေ” အမည်နဲ့ ဒီပြပွဲကိုတော့ နာမည်ကျော် သုဝဏ္ဏဘူမိ ပန်းချီပြခန်းမှာ လာမယ့် ဇန်နဝါရီ ၂၉ ရက်ကနေ ဖေဖော်ဝါရီ ၂၆ ရက်အထိ ခင်းကျင်းပြသသွားမယ်လို့ သိရပါတယ်။

ကျားပေါက်(ခ)ဟန်ထူးလွင်ဟာ နာမည်ကြီးအဆိုတော် ရင်ဂိုရဲ့ မျိုးဆက်ရင်သွေး တယောက်ဖြစ်ပြီး ဖခင်နဲ့မတူညီတဲ့ ဆူညံပေါက်ကွဲလွယ်တဲ့ ပန့်ခ်အမျိုးအစား သီချင်းတွေနဲ့ ဆယ်ကျော်သက်အရွယ်ကတည်းက Big Bag တေးဂီတအဖွဲ့နဲ့အတူ အနုပညာလမ်းကြောင်းပေါ် ရောက်ရှိခဲ့သူ ဖြစ်ပါတယ်။

ပန့်ခ်အကြောင်းအပြောနဲ့၊ အားလုံးအတွက်ပန့်ခ်၊ AD 3000၊ တယ်လီပန်ခ့် စတဲ့ တကိုယ်တော် တေးအယ်လ်ဘမ်တွေကစလို့ ထင်ရှားတဲ့ သီချင်းပေါင်းများစွာကို ရေးသားသီဆိုအောင်မြင်ခဲ့တဲ့ ကျားပေါက်ဟာ ဝါသနာပါရာ စာပေရေးသားမှုတွေ၊ ပန်းချီဆွဲတာတွေကိုလည်း လုပ်ဆောင်နေသူ တယောက်ပါ။

ဒါ့ပြင် ကျားပေါက်ဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်ကစ စစ်အာဏာသိမ်းပြီးချိန်ကတည်းက စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုမှာ ပြည်သူတွေနဲ့အတူ တထောင့်တနေရာက ပါဝင်နေပြီး စစ်ကောင်စီက ရာဇသတ်ကြီး ပုဒ်မ ၅၀၅(က) နဲ့ အမှုဖွင့်ခဲ့တာကြောင့် ရှောင်တိမ်းနေရတာ ဖြစ်ပါတယ်။

ဒီကာလတွေအတွင်းမှာလည်း သူဟာ နွေဦးတော်လှန်ရေးမှာ ကျရာကဏ္ဍကနေ ပါဝင်နေခဲ့ပြီး အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ရန်ပုံငွေရှာဖွေရေးလုပ်ငန်းတွေမှာလည်း တတပ‌ေတအား ပါဝင်နေပါတယ်။

ခုတခါမှာတော့ တော်လှန်ရေးဖြတ်သန်းမှုကာလတွင်း ကျားပေါက်ရဲ့ တခြားသော စာမျက် နှာတခုက ပန်းချီလက်ရာတွေကို ရှုစားနိုင်မှာ ဖြစ်ပါတယ်။

10 months Ago

January 11, 2021

ပန်းချီမြတ်ဝေ ဒုတိယအကြိမ် တကိုယ်တော် ပန်းချီပြပွဲ (ဓာတ်ပုံ) 

ရှေးဟောင်းယဉ်ကျေးမှုနယ်မြေဖြစ်တဲ့ မန္တလေးတိုင်း၊ ညောင်ဦးမြို့က MPP Art Gallery မှာ ပန်းချီမြတ်ဝေရဲ့ ဒုတိယအကြိမ် တကိုယ်တော် (အရုပ်ရေးသူများ) အမည်ရှိ ပန်းချီပြပွဲကို ဖွင့်လှစ်ပြသနေပါတယ်။ ဒီပန်းချီပြပွဲကို ၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၈ ရက်ကနေ  ၁၂ ရက်နေ့အထိ ၅ ရက်ကြာ ပြသသွားမှာပါ။ ပြပွဲမှာ ပန်းချီကားဆိုဒ် အကြီး အသေးအလိုက် ကားတကားကို ကျပ် ၁ သိန်းကနေ သိန်း ၃၀ အထိ သတ်မှတ်ထားပြီး   ပန်းချီကားပေါင်း ၄ဝ ကျော် ခင်းကျင်းပြသထားပါတယ်။ 
2 years Ago
Up