တကိုယ်ကောင်းဆန်သည့် ကစားသမား လက်မခံဟု ချဲလ်ဆီးနည်းပြ ပြော

April 25, 2017

တကိုယ်ကောင်းဆန်သည့် ကစားသမား လက်မခံဟု ချဲလ်ဆီးနည်းပြ ပြော

တကိုယ်ကောင်းဆန်တဲ့ ကစားသမား ရှိတာထက်စာရင် အသင်းရှုံးနိမ့်တာက ပိုပြီး နှစ်သက်စရာကောင်းတယ်လို့ ချဲလ်ဆီးနည်းပြ ကွန်တီက ပြောကြားလိုက်ပါတယ်။ ချဲလ်ဆီးတောင်ပံကစားသမား ဟာဇက်အနေနဲ့ တကိုယ်ကောင်းဆန်မယ်ဆိုရင် ဘာစီလိုနာတိုက်စစ်မှူး မက်ဆီရဲ့ အဆင့်အတန်းကို ရောက်ရှိနိုင်တယ်လို့ ချဲလ်ဆီးကွင်းလယ်လူ ဖာဘရီဂတ်စ် ပြောဆိုလိုက်တာနဲ့ပတ်သက်ပြီး ကွန်တီက အခုလို တုံ့ပြန်ပြောကြားလိုက်တာပါ။ ကစားသမားတယောက်အနေနဲ့ အသင်းကို ချန်ပီယံဖြစ်စေဖို့ အကောင်းဆုံး စွမ်းဆောင်ရည်တွေ ထုတ်ပြဖို့လိုပေမယ့် ကမ္ဘာ့အကောင်းဆုံး ကစားသမားတယောက်ဆိုရင်တောင် အသင်းဖော်တွေရဲ့ စွမ်းဆောင်ရည်မပါဘဲ ရပ်တည်နိုင်မှာ မဟုတ်တဲ့အကြောင်း ကွန်တီက ဆိုပါတယ်။ အသင်းမှာ တကိုယ်ကောင်းဆန်တဲ့ ကစားသမား ရှိတာကို လက်ခံမှာမဟုတ်ဘဲ အနာဂတ်မှာလည်း တကိုယ်ကောင်းဆန်တဲ့ ကစားသမားတွေကို ဘယ်တော့မှ ဝယ်ယူမှာ မဟုတ်ဘူးလို့လည်း ကွန်တီက ဆိုပါတယ်။ အီတလီနည်းပြ ကွန်တီဟာ ပရီးမီးယားလိဂ်ကိုစရောက်တဲ့ ပထမဆုံး ဘောလုံးရာသီမှာပဲ ချဲလ်ဆီးအသင်းကို ချန်ပီယံဖြစ်ဖို့ အကောင်းဆုံးအနေအထားရောက်အောင် စွမ်းဆောင်ထားပြီး အက်ဖ်အေဖလားမှာလည်း ဗိုလ်လုပွဲအထိ တက်ရောက်အောင် စွမ်းဆောင်ထားတာ ဖြစ်ပါတယ်။
4 years Ago
Up