တကမ္ဘာလုံး

October 21, 2021

“မြန်မာပြည်ကိုကယ်တင်ရေး စစ်ကောင်စီကိုငွေမပေး” တကမ္ဘာလုံးဆိုင်ရာသပိတ်ပြုလုပ်မည်

တကမ္ဘာလုံးဆိုင်ရာ မြန်မာ့နွေဦးတော်လှန်ရေးဆန္ဒပြပွဲကို လာမယ့် အောက်တိုဘာ ၃၀ နဲ့ ၃၁ ရက်နေ့တွေမှာ ကျင်းပသွားဖို့ ရှိနေပြီး အားလုံးပါဝင်ကြဖို့ ဖိတ်ခေါ်ထားပါတယ်။

ဒီလှုပ်ရှားမှုမှာတော့ ပြည်သူတွေကို အကြမ်းဖက်သတ်ဖြတ်နေတဲ့ စစ်ကောင်စီထံကို စီးဆင်းနေတဲ့ Blood Money တွေ၊ ငွေကြေးထောက်ပံ့မှုတွေကို ရပ်တန့်စေရေး အဓိကထားပြီး “မြန်မာပြည်ကိုကယ်တင်ရေး စစ်ကောင်စီကိုငွေမပေး” လှုပ်ရှားမှုအနေနဲ့ တောင်းဆိုဆန္ဒပြသွားမှာဖြစ်တာမို့ ကမ္ဘာတဝန်းရှိ ဒီမိုကရေစီကိုလိုလားတဲ့ မြန်မာ သွေးချင်းတိုင်းရင်းသားညီအစ်ကိုမောင်နှမတွေ တစ်စုတည်းတစ်စည်းတည်း ပူးပေါင်းပါ ဝင်ပေးကြဖို့ ဖိတ်ခေါ်ထားတာ ဖြစ်ပါတယ်။ 

မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့က စတင်ကာ အကြမ်းဖက်စစ်အုပ်စုက မတရားအာဏာသိမ်းယူခဲ့တာကို ဆန့်ကျင်ဆန္ဒပြခဲ့ကြတဲ့ နွေဦးတော်လှန်ရေးကာလဟာ ၈ လခွဲကျော် ကြာမြင့်ခဲ့ပြီ ဖြစ်ပါတယ်။

ဒီကာလတွေအတွင်း အကြမ်းဖက်ဖြိုခွင်းမှုတွေကြောင့် ထိခိုက်ကျဆုံးရသူတွေ၊ ဖမ်းဆီး ထောင်ချခံရသူတွေနဲ့အတူ နိုင်ငံအဝန်း တောရောမြို့ပါမကျန် ဒေသခံပြည်သူ့ကာကွယ် ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်တွေကြားတိုက်ပွဲတွေလည်း ပြင်းထန်နေတာပါ။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(အေအေပီပီ)ရဲ့ ထုတ်ပြန်ချက်အရ လတ်တလောအချိန်ထိ အာဏာသိမ်းစစ်ကောင်စီတပ်ရဲ့ ပစ်ခတ်သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ကျဆုံးပြည်သူ ၁၁၈၀ ကျော်၊ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသူပေါင်း ၉,၀၀၀ ကျော်ရှိခဲ့တယ်လို့ ဆိုပါတယ်။

လတ်တလောမှာတော့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က စစ်အာဏာရှင်ဆန့်ကျင်ရေး ခုခံတွန်းလှန်စစ်စတင်ကြောင်းနဲ့ မင်းအောင်လှိုင်ဦးဆောင်တဲ့ အကြမ်းဖက်စစ်အုပ်ချုပ်ရေးကို လှည်းနေလှေအောင်း မြင်းဇောင်းမကျန် တွန်းလှန်တိုက်ဖျက်ကြဖို့ စက်တင်ဘာ ၇ ရက်က ကြေညာထားပါတယ်။

3 months Ago

September 10, 2020

တကမ္ဘာလုံးတွင် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် သေဆုံးသူ ၉ သိန်းကျော်ရှိလာ

လတ်တလော ဖြစ်ပွားနေတဲ့ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် တကမ္ဘာလုံးမှာ သေဆုံးသူအရေအတွက်ဟာ ၉ သိန်းကျော် ရှိလာခဲ့ပြီ ဖြစ်ပါတယ်။ တကမ္ဘာလုံးအတိုင်းအတာနဲ့ ရောဂါကူးစက်ခံရသူ အရေအတွက်ဟာလည်း ၂၈ သန်းကျော်လာခဲ့ပြီဖြစ်ကာ ရောဂါကူးစက်မှုအမြင့်ဆုံးနိုင်ငံတွေအဖြစ် အမေရိကန်၊ အိန္ဒိယနဲ့ ဘရာဇီးနိုင်ငံတွေက ထိပ်ဆုံး ၃ နိုင်ငံအနေနဲ့ ရှိနေခဲ့တာ ဖြစ်ပါတယ်။  ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းလောက်က တရုတ်နိုင်ငံအလယ်ပိုင်း ဝူဟန်မြို့မှာ စတင်ခဲ့တဲ့ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုဟာ ကမ္ဘာ့နိုင်ငံတွေအနှံ့ ကပ်ရောဂါအသွင် ပျံ့နှံ့ခဲ့ပြီး ကမ္ဘာ့ကျန်းမာရေး အဖွဲ့(ဒဗလျူအိပ်ပ်ချ်အို)က ဒါကို နိုင်ငံတကာ အရေးပေါ် ကျန်းမာရေး ကိစ္စအနေနဲ့ ပြီးခဲ့တဲ့ မတ်လ ၁၁ ရက်နေ့က ထုတ်ပြန်ကြေညာခဲ့ရတာဖြစ်ပြီး လတ်တလောအချိန်ထိ အရေးတယူလုပ်ဆောင်နေ ရဆဲ အခြေအနေ ဖြစ်ပါတယ်။ လက်ရှိအချိန်ထိ အမေရိကန်နိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အရေအတွက် ၆ ဒဿမ ၅ သန်းကျော် ရှိလာခဲ့ပြီဖြစ်ကာ သေဆုံးမှုအသစ် ၃၈၂ ယောက် အပါအ ဝင် စုစုပေါင်း သေဆုံးသူ ၁၉၅,၁၉၆ ယောက်၊ အိန္ဒိယနိုင်ငံမှာ ရောဂါကူးစက်ခံရသူ အရေအတွက် ၄ ဒဿမ ၄ သန်းကျော်၊ သေဆုံးသူ ၇၅,၀၉၁ ယောက်၊ ဘရာဇီးနိုင်ငံမှာ ရောဂါကူးစက်ခံရသူ အရေအတွက် ၄ ဒဿမ ၁ သန်းကျော်၊ သေဆုံးမှုအသစ် ၆၀၂ ယောက် အပါအဝင် စုစုပေါင်း သေဆုံးသူ ၁၂၈,၆၅၃ ယောက် အသီးသီး ရှိနေတာ ဖြစ်ပါတယ်။ ကိုရိုနာဗိုင်းရပ်စ် စတင်ရာ တရုတ်နိုင်ငံမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အရေအတွက် ၈၅,၁၄၆ ယောက်၊  စုစုပေါင်း သေဆုံးသူ ၄,၆၃၄ ယောက်နဲ့ နိုင်ငံအလိုက် အမှတ်စဉ် ၃၉ နေရာမှာ ရှိနေခဲ့တာ ဖြစ်ပါတယ်။ အာဆီယံနိုင်ငံတွေထဲမှာတော့ ဖိလစ်ပိုင်က ရောဂါကူးစက်ခံရသူ အရေအတွက် ၂၄၅,၁၄၃ ယောက်၊  စုစုပေါင်း သေဆုံးသူ ၃,၉၈၆ ယောက်နဲ့ ထိပ်ဆုံးမှာ ရှိနေပြီး သူ့ နောက်မှာတော့ အင်ဒိုနီးရှားနိုင်ငံက ရောဂါကူးစက်ခံရသူ အရေအတွက် ၂၀၃,၃၄၂ ယောက်၊  စုစုပေါင်း သေဆုံးသူ ၈,၃၃၆ ယောက်နဲ့ ကပ်လိုက်နေပါတယ်။ စင်ကာပူနိုင်ငံမှာတော့ ရောဂါကူးစက်ခံရသူ အရေအတွက် ၅၇,၁၆၆ ယောက်၊  စုစုပေါင်း သေဆုံးသူ ၂၇ ယောက်ရှိနေပြီး သူ့နောက်မှာတော့ မလေးရှား၊ ထိုင်း၊ မြန်မာ၊ ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ ဘရူနိုင်း၊ လာအိုနိုင်ငံတွေ အသီးသီး ရှိနေကြပါတယ်။ တကျော့ပြန်ကူးစက်မှုတွေ မြင့်တက်နေတဲ့ မြန်မာနိုင်ငံမှာတော့ ပထမဆုံးသော ကိုဗစ်-၁၉ အတည်ပြုလူနာကို ပြီးခဲ့တဲ့ မတ်လ ၂၃ ရက်နေ့မှာ စတင်တွေ့ရှိခဲ့တာဖြစ်ပြီး ဒီကနေ့မနက်ပိုင်း အထိကိုဗစ်-၁၉ အတည်ပြုလူနာ ၂၀၀၉ ဦး၊ သေဆုံးသူ ၁၄ ဦး၊  ဆေးရုံမှ ဆင်းခွင့်ပြုခဲ့သူ ၅၅၃ ဦးနဲ့ စောင့်ကြည့်လူနာအသစ် ၁၆၇ ဦး ရှိပါတယ်။
1 year Ago
Up