ဌာနပေါင်းစုံသပိတ်စစ်ကြောင်း

February 13, 2021

ထားဝယ်တွင် ဌာနပေါင်းစုံအပါအဝင် သပိတ်စစ်ကြောင်းများ အင်အားသိန်းချီ ဆက်လက်ဆန္ဒပြ

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့မှာ စစ်အာဏာရှင်အလိုမရှိကြောင်း လူအင်အား သိန်းနဲ့ချီ ပါဝင်ကာ ဒီနေ့ ဆက်လက်ဆန္ဒပြနေကြပြီး ထိုင်သပိတ်ဆန္ဒပြပွဲကိုလည်း  ဒီနေ့မနက် စတင်ပြုလုပ်နေပါတယ်။

ပညာရေးဝန်ထမ်း၊ ကျန်းမာရေးဝန်ထမ်း၊ ဘဏ်ဝန်ထမ်း၊ ထွေအုပ်ဝန်ထမ်း စတဲ့ဌာနဆိုင်ရာတွေ၊ စက်ဘီးအဖွဲ့တွေနဲ့ ပြည်သူတွေ ပူးပေါင်းပြီး ဆန္ဒပြပွဲကျင်းပနေကြတာပါ။

ဆန္ဒပြသူတွေက လက်သုံးချောင်းထောင်ပြီး ကမ္ဘာမကျေသီချင်း သီဆိုကာ စစ်အာဏာရှင်အလိုမရှိကြောင်းနဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်ဆောင်ဆန်းစုကြည် အပါအဝင် ဖမ်းဆီးထိန်းသိမ်းသူတွေကို ချက်ချင်းလွှတ်ပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။

ထားဝယ်မြို့က အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာ မပါဝင်သေးတဲ့ ဌာနဆိုင်ရာတွေကို လည်း ပါဝင်ပူးပေါင်းကြဖို့လည်း ဆန္ဒပြသူတွေက တိုက်တွန်းနေကြပါတယ်။

နိုင်ငံတဝန်း ရန်ကုန်အပါအဝင် မြို့နယ်အချို့မှာ CDM လှုပ်ရှားမှု ပါဝင်တဲ့ဝန်ထမ်းတွေကို ဖမ်းဆီးတာ၊ ဖိအားပေးတာတွေရှိနေပြီး ထားဝယ်က ဝန်ထမ်းတွေတော့ ဖိအားပေးတာမျိုး မရှိဘူးလို့ သိရပါတယ်။

ထားဝယ်မြို့ အဓိက ရုံကြီးလမ်းဆုံး လေးဘက်လေးတန်မှာ လုံခြုံရေးရဲတွေနဲ့ ပိတ်ဆို့ထားတာကြောင့် ဥတ္တတားကြီးလမ်းဆုံမှာ စုရပ်သဘောမျိုးထားရှိပြီး မြို့အတွင်းရှိ လမ်းတွေမှာ သပိတ်စစ်ကြောင်းအသီးသီး အသွင်သဏ္ဌာန်မျိုးစုံနဲ့ ချီတက်ဆန္ဒပြနေကြတယ်လို့ ဆန္ဒပြရာမှာ ပါဝင်သူတဦးက ပြောပါတယ်။

တနင်္သာရီတိုင်းမှာ ထားဝယ်၊ ကော့သောင်း၊ မြိတ်၊ တနင်္သာရီ အပါအဝင် မြို့အားလုံးလိုလိုမှာ စစ်အာဏာရှင်အလိုမရှိကြောင်း နေ့စဉ်သပိတ်မှောက် ဆန္ဒပြနေကြတာပါ။

စစ်အာဏာသိမ်းပြီးနောက် ဝန်ကြီးချုပ်အပါအဝင် ဝန်ကြီးတွေ၊ လွှတ်တော်ဥက္ကဋ္ဌ၊ အန်အယ်လ်ဒီ ထိပ်ပိုင်းခေါင်းဆောင်တွေကို ဖမ်းဆီးထိန်းသိမ်းထားပြီး ဒီနေ့အထိ ပြန်မလွှတ်သေးဘူးလို့ သိရပါတယ်။

သတင်းဓာတ်ပုံ - မီးငယ်လေး

10 months Ago
Up